You are currently browsing the tag archive for the ‘မေစု’ tag.
(၁)
စက္ကူစဖြူဖြူလေးတွေ ကြေမွလွင့်စင်သွားတဲ့အခါ စိတ်ထဲအထီးကျန်မှုဟာ အရောင်တွေအဖြစ် ၀င်ရောက်လာခဲ့တယ်။ စိမ်းညို့အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေနဲ့အရိပ် ဒါမှမဟုတ် စိတ်သက်သာရာရစေမယ့် အရောင်တစ်ခုခုတော့ လူတစ်ယောက်ရဲ့ဘ၀မှာ အမှန်တကယ်လိုအပ်မှာပါပဲ။ စံပယ်ပန်းလေးလို ဖြူဆွတ်မွှေးပျံ့ခြင်း၊ ချစ်သူရဲ့ ပန်းသွေးနုရောင် နှုတ်ခမ်းတွေလို ချိုရီနူးညံ့ခြင်း တစ်ခုခုပေါ့ . . .။ တိတ်ဆိတ်ခြင်းတွေဆီ စိတ်နဲ့တိုးဝင်သွားတော့ ပိန်းပိတ်အောင်ဖြူတဲ့ နှင်းရဲ့အရောင်ကိုတွေ့ရတယ်။ အမှောင်မှာ ညှိုးငယ်ဆိတ်ငြိမ်စွာထိုင်နေပါတယ် ဟိုးဝေးဝေးက အလင်းရောင်ရယ်. . .
(၂)
ငယ်ဘ၀ရဲ့မိုးတိမ်တွေ အိမ်အပြင်တွင် ညှို့နေတုန်းပင်ရှိလိမ့်မည်။ ပျိုးခင်းစိမ်းစိမ်းလယ်ကွင်းတွေ၊ တက်ရေနှင့်အတူ ၀ါဆို၊ ၀ါခေါင်မိုးကလည်း ဖွေးဖွေးလှုပ်မျှပင်။ ချမ်းလွန်းလှ အေးလွန်းလှသည်။ သို့သော်ပျော်လည်းပျော်နေပြန်သည်။ ၀မ်းနည်းသည့်အခါလည်း ရှိတတ်ပြန်သည်။ ဘယ်အချိန် ဘယ်နေရာပဲရောက်နေရောက်နေ ငယ်ဘ၀ရဲ့မိုးရာသီတွေဆီ သတိရဆွတ်ကျင်ရသည်မှာ ဘယ်တော့မှမကျက်တော့မယ့် ဒဏ်ရာကို ခင်တွယ်ယုယရသလို ရင်၌နင့်နင့်သည်းသည်း ဖြစ်ရသည်။ နာကြင်ဖွယ် မိုးရေစက်တွေလို မမေ့ပျောက်နိုင်စရာ။ ခုချိန်ထိ စွဲလမ်းစွာ၊ စွဲမြဲစွာ မက်နေရတဲ့ မယဉ်မရိုင်း အိပ်မက်တွေပါပဲ။ မိုးတွေသည်းလျှင်ဖြင့် အိမ်ကိုလွမ်းမြဲလွမ်းရသည်။
(၃)
ဒုတိယနှစ်ကျောင်းသားဘ၀က အသံတွေမှာ အရောင်ရှိသည်ဟု ယုံကြည်ကာ သူငယ်ချင်းတွေရဲ့အသံကို အရောင်ခွဲကြည့်ခဲ့ဖူးသည်။ တချို့က ၀ါဂွမ်းလေးလိုဖြူနုသောအရောင်ဖြင့် နှုးညံ့လှသည်။ တချို့ကျတော့ ရေလိုကြည်လင်သောအရောင်ဖြင့် လေညှင်းလို ညင်သာသည်။ သွေးလို နီမှောင်၍ ရဲရင့်သည်။ မိုးသားလိုပြာစင်၍ ငြိမ်းချမ်းသည်။ ရွှေလိုဝင်းဝါ၍ တည်ငြိမ်ခန့်ထည်သော အရောင်လည်းရှိသည်။ တချို့အသံက ငရုပ်သီးမှည့်လို စူးရဲ၍ ပူလောင်သည်။ တချို့အသံက လမိုက်ညလို နက်မှောင်၍ ရာသီဥတုသာယာသလို ပကတိရိုးသားသည်။ လပြည့်ညလို လင်းပ၍ ကြင်နာနွေးထွေးခြင်းလည်းရှိသည်။ တချို့ကကောက်ရိုးလို ၀ါကျင်ခြောက်သွေ့၍ လှို့ဝှက်သည်။ တချို့ကျတော့ သစ်ပင်တွေလို စိမ်း၍ အရာရာပေးဆပ် ဖြည့်ဆည်းလိုသည်။ ပန်းရောင်၊ လိမ္မော်ရောင် စသဖြင့် မျိုးစုံပင်။ ပြောင်းဖူးရောင်၊ နွားနို့လို ကွေကာအုပ်လို ဖြူဖြူဥဥ အရောင်တွေကိုပင် ထူးထူးခြားခြား ရူးသွပ်စွာ ခွဲခြားကြည့်ခဲ့ဖူးသည်။ ထိုအချိန်က ကျွန်တော်ပျော်နေခဲ့သည်။ စိတ်ပျက်အားငယ်စရာ၊ ၀မ်းနည်းနာကျင်စရာတွေ ရှိခဲ့ပေမယ့် ထိုအရောင်တွေနှင့် ကျွန်တော်ပျော်နေခဲ့ပါသည်။
ပစ္စုပ္ပန်ကို ရင်ဆိုင်ဖို့ အတိတ်ကိုကျောခိုင်ပြစ်ခဲ့သည်။ ချစ်လျက်စွန့်လွတ်ခဲ့ရသော အဖြူနှင့် နက်ပြာသည် မချစ်ဘဲ အောင့်ကာနမ်းခဲ့ရသော လျှပ်စစ်မီးရောင် ပြိုးပြက်ပြက်အောက်တွင်ေ၀၀ါး၍ကျန်နေခဲ့သည်။ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ဝေးရာ. . . ချစ်သောအရောင်တွေနဲ့ဝေးရာ. . .။ ခေတ်ရဲ့တောင်းဆိုရာ ရွှေ့ပြောင်းမျောပါလာခဲ့သော တစ်ခုတည်းသောအညှာရဲ့ အသီးတစ်ရာထဲမှာ အသီးကလေးတစ်လုံးမျှသာ။ အိမ်နဲ့ဝေးရာထွက်ခွာလာခဲ့သော ခြေလှမ်းတွေသည် အိမ်ဆီပြန်ဖို့ရာ ခက်ခဲတတ်မှန်း ခုမှသိခဲ့ရသည်။ ခေတ်သည်အရာရာပြောင်းလဲပစ်ခဲ့ပြီ။ တိုးတက်ခဲ့ပြီလား။ ကျွန်တော်တို့နှင့် အလှမ်းကွာသောတစ်ခြားနယ်ပယ်မှ အကြောင်းအရာများကို ရှည်ဝေးစွာမစဉ်းစားဘဲ ထားခဲ့နိုင်လေသည်။ သို့သော် ကျွန်တော်တို့နှင့် အနီးစပ်ဆုံးရင်ထဲကနှလုံးသားကိုတော့ သံသယရှိစွာ မေးခွန်းထုတ်ရလိမ့်ဦးမည်။ ချစ်ခြင်းနှင့်ဖွဲ့သီထားသော သံယောဇဉ်အသီးအခိုင်လေးတွေ တချို့ကြွေကျလွင့်စင်လျက်၊ တချို့ရိုးတံညှာလေးတွေ နာကျင်နွမ်းနယ်လျက်၊ တချို့ခြောက်သွေ့ အထီးကျန်လျက်။ တချို့သူငယ်ချင်းတွေက မြို့ကြီးရဲ့လမ်းမတွေဆီ တိုးဝင်ပျောက်ကွယ်သွားကြသည်။ အရောင်တွေက လင်းလွန်းလို့ ဘာမှမမြင်နိုင်အောင် ပူလောင်ပြင်းပြလွန်းသည်။ တချို့သူငယ်ချင်းတွေက အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးရဲ့ စက်လှေခါးထစ်တွေပေါ် လိုက်ပါလျက် ပျောက်ကွယ်သွားကြသည်။ မမြင်ရတော့။ ကောင်းကင်ကိုမော့ကြည့်ငေးမော လွမ်းဆွတ်ရန်သာ။ တချို့ကသစ်ရိပ်ဝါးရိပ်၊ တချို့ကမြစ်ချောင်းအင်းအိုင်၊ တချို့ကစက်ရုံတွေဆီ၊ တချို့ကဘတ်(စ)ကားတွေပေါ်၊ တချို့ကလူစီးကြောင်းကြီးထဲ အသီးသီးတိုးဝင်လျက် ပျောက်ကွယ်သွားကြသည်။ တခါတရံ ပြန်ပေါ်လာပြီးတွေ့ဆုံကြ။ ခဏမျှသာ။ သူသောက၊ ကိုယ့်ဗျာပါဒတွေနဲ့လောင်မြိုက်လျက် အပူမီးကိုကူညဉ်းရန်ပင် စကားဟဟမဆိုနိုင်။ တစ်ခန်းတည်းအတူတူရှိနေလျက် တိတ်ဆိတ်ခြင်းက သွေးပျက်လောက်အောင် ချောက်ခြားဖွယ်ကောင်းတော့သည်။ အခုတော့ သူငယ်ချင်းတွေရဲ့အသံဟာ အရောင်ပြောင်းသွားခဲ့ပြီ။ အားလုံးရဲ့အသံဟာလည်း အရောင်ပြောင်းသွားခဲ့လေပြီ။
(၄)
ဟိုးအဝေးမြို့ငယ်လေးတွင် တိတ်ဆိတ်အေးချမ်းစွာနေရစ်ခဲ့သောသူငယ်ချင်းဝီရကိုသတိရနေမိသည်။မကြာခင်ရက်ပိုင်းက မဂ္ဂဇင်းတစ်စောင်
တွင်သူ့ရဲ့အက်ဆေးတစ်ပုဒ်ကိုဖတ်လိုက်ရသည်။သူ့ရဲ့ကဗျာတွေ အက်ဆေးတွေကို ယခုလိုပင်မကြာခဏတွေ့ရတတ်မြဲ။တစ်ခါတရံ ၀တ္ထုတိုလေးတွေ
တွေ့ရတတ်သည်။သူကမြို့လေးတွင် သူ့ရဲ့ဂီတမိတ်ဆွေတွေနှင့်သီချင်းတွေရေးလိုက်၊ဆိုလိုက်။ စက်ဘီးလေးတစ်စီးနဲ့မြို့ထဲမှာတွေ့ရလိုက်။ညဦးပိုင်းလ
ဖက်ရည်ဆိုင်တွင် ဂစ်တာတစ်လက်ပိုက်လျှက် သို့မဟုတ် စာပေမိတ်ဆွေ တစ်ဦးစနှစ်ဦးစနဲ့ အတူထိုင်နေလိုက်ဖြင့်တွေ့ရသည်။စားဝတ်နေရေးအတွက်
မိသားစုအလုပ်တွင်ဝိုင်းဝန်း လုပ်ကိုင်လိုက်ဖြင့် သူ့ကိုတွေ့ရသည်မှာရိုးရှင်းသည်ဟုထင်ရသည်။ မြို့လေးသို့ပြန်ဖြစ်သည့်အခါ ခဏတဖြုတ်တော့ သူနှင့်
ဆုံဖြစ်သည်။ကျွန်တော်က အကြောင်းအရာပေါင်းများစွာ ၊ အာရုံပေါင်းများစွာဖြင့်ရွေ့လျားနေရသဖြင့် သူနှင့်တွေ့ရသည်မှာ မိနစ်ပိုင်းမျှသာ။ တွေ့ရတိုင်း
တွင်လည်း သူကအေးဆေးမျှတစွာ။ သူ့တွင်ဘာဗျာပါဒမှမတွေ့ရ။ပူပင်မှုမတွေ့ရ။အလျင်စလို ကိစ္စတွေ၊ အရေးကြီးတွေ့ဆုံစရာတွေ ၊မဖြစ်မနေ အလုပ်တွေ မရှိသလိုပင် ငြိမ်သက်လှသည်။သူ့တွင်တွေ့ရသော အရောင်မှာ သူ့ကဗျာတွေ အက်ဆေးတွေထဲကလိုပင် အဖြူထည်။သူ့အက်ဆေးထဲတွင်
ဖတ်ရသော စံပယ်ပန်းကုံးလေးတွေလိုပင် ဖြူစင်မွှေးပျံ့နေသည်။ တကယ်တော့သူလည်း လူသားတစ်ဦးနည်းတူပင် အခက်အခဲတွေ၊ ပူပင်သောကတွေ
ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေ ၊ အချစ်အမုန်းတွေ ၊အလွမ်းအဆွေးတွေ ရှိနေမည်မှာ အမှန်ပင်။သို့သော် ထိုအပူအပင် အပျော်အမောတွေအပေါ် သူ၏
တုန့်ပြန်ပုံမှာ တစ်ပါးသူရိပ်စားကူးစက်မှုမရှိအောင် သွေးအေးတည်ငြိမ်လွန်းသဖြင့် ယောက်ယက်ခတ်တတ်လွန်းသော ကိုယ့်ကိုယ်ကိုယ်ပင် သိမ်ငယ်မိ
သည်။
(၅)
၂၀၀၄ ခုနှစ်က ရွာသွန်းခဲ့သော မိုးရေစက်များကို ကျွန်တော်ချစ်သည်။ထိုစဉ်က တတိယနှစ်ကျောင်သားဘဝဖြစ်သည်။မနက်ခင်းသည် ပြာပြာစင်စင် ကြည်လင်လျှက် မိုးရနံ့နှင့် ဆွတ်ကျင်အေးမြသည်။ကျောင်းသွားရန် ပြင်ဆင်နေရင်းကပင် စိတ်ထဲပျော်ရွှင်လာမိသည်။ကျောင်းသွားရမည်။
ကျောင်းတွင် သူငယ်ချင်းတွေရှိသည်။ ပြီးတော့ ကျောင်းတွင် ချစ်ရသူရှိသည်။ထိုအချိန်က အရာရာအဆင်ပြေနေသည်တော့လည်း မဟုတ်။ အမှန်အတိုင်းဝန်ခံရလျှင် ယနေ့တိုင်မေ့ပစ်ချင်လျှက်သတိရနေရသောနေ့ရက်များစွာ ထိုအချိန်ကရှိခဲ့ဖူးသည်။သို့သော်ပျော်မိသည်။လူငယ်တစ်ယောက်
ရဲ့မေတ္တာစိတ်သည် အရာရာပကတိအတိုင်း တုန့်ပြန်ခံစားဖို့ရာ ရိုးသားစွာအဆင်သင့်ရှိနေခဲ့သည်။ကျောင်းကိုရောက်တော့ ကျောင်းလမ်းတစ်လျှောက်
လတ်ဆတ်သော လေနှင့်အတူ မြေသင်းရနံ့ကိုရသည်။ထိုစဉ်ကမြေကြီးရဲ့ရနံ့ကို ယခုတိုင်မမေ့သေး။သားငယ်ကိုထွေးပွေ့ထားသောမိခင်တစ်ယောက်ရဲ့
နွေးသောရနံ့ဖြစ်သည်။စာသင်ခန်းရှေ့က ပိတောက်ပင်မှအရွက်များကလည်း စိမ်းညို့လျှက် လေပြေအလာတွင် ရွက်ဖျားများ တဖျတ်ဖျတ်လှုပ်ကာ တွဲခို
ဥနေသော မိုးရေစက်များကို ခါချနေသည်။ ကြည့်ရသည်မှာ ရေစိုသဖြင့် ကိုယ်လုံးလေးသိမ့်သိမ့်တုန်အောင် ခါချပစ်လိုက်သော မွေးပွခွေးပေါက်စလေး
တစ်ကောင်နှင့်ပင်တူနေသည်။ ညကမိုးတွေ သည်းစွာရွာခဲ့သည်ပဲ။
သူ့အခန်းဘက်က ပြတင်းပေါက်တွေ ကျွန်တော်လိုက်ဖွင့်သည်။အရှေ့ဘက်မိုးကောင်းကင်မှ နေရောင်ခြည်သည်ချစ်ရသူရှိရာစာသင်ခန်း
လေးဆီဖြာကျလျှက် ပတ်ဝန်းကျင်တစ်ခုလုံး စိမ့်စိမ့်လေးနွေးနေသည်။ကျွန်တော်သူရှိရာသွားတော့ ညကမိုးစိုသဖြင့်ပွင့်ရသော စံပယ်ပန်းပွင့်လေးလို ချစ်ရသူကလန်းဆန်းမွှေးမြလျှက် ၊ မှုန့်ညက်ဖြူလွင်လျှက် ။ စံပယ်ပွင့်လေးသေလို့ ဝင်စားတဲ့မိန်းကလေးဟုကျွန်တော်ကချစ်စနိုးတင်စားခဲ့ဖူးသည်။သူ့ကို
ကျွန်တော်ချစ်သည်။ထိုအချစ်ကြောင့်ပင် ကျွန်တော်ပျော်ခဲ့သည်။သူ့ကြောင့်ငိုခဲ့ ၊သူ့ကြောင့်ရယ်ခဲ့၊သူ့ကြောင့်ပျော်ရွှင်ခဲ့၊သူ့ကြောင့်ဝမ်းနည်းခဲ့သည်။သူ့ကို
ချစ်တဲ့စိတ်သည် ရိုးသားခဲ့ပါသည်။ကျွန်တော့်အပေါ် သက်ရောက်သည့်အတိုင်းကျွန်တော်ကတုန့်ပြန်ခဲ့သည်။သူကအဖြူဆို ကျွန်တော်လည်း အဖြူ၊သူက
အပြာဆို ကျွန်တော်ကအပြာပေါ့။သူ့မိသားစု၊သူ့ဘဝတစ်စိတ်တစ်ပိုင်းအကြောင်းခင်မင်စိတ်နှင့်ပြောပြစဉ်က ပျော်ရွှင်၍ဖေးမနားထောင်ခဲ့သည်။မိုးတွေရွာ
တုန်း သူ့ထီးအောက်မှမလိုက်ရန် ရှက်ရှက်နှင့်ပြောတော့ ကျွန်တော့်မှာဝမ်းနည်းလို့မဆုံး။ထိုစဉ်က သူ့အရွယ်နုငယ်လွန်းသည်ကို မတွေးအားဝမ်းနည်းရန်
သာစိတ်ဇောကထက်သန်ခဲ့သည်လေ။သူနှင့်ပတ်သက်လျှင် ကျွန်တော်ဟာရိုးတံနာနေတဲ့သစ်ရွက်လေးလို၊ ဖျက်ကနဲအက်ကွဲသွားတော့မယ့်မြေပန်းအိုး
လေးလို အရာရာထိလွယ်ရှလွယ်နုနယ်လွန်းသည်။သူ့အတွက်ကဗျာတွေရေးခဲ့သည်။သူ့အတွက်ကျောင်းစာတွေ ကြိုးစားခဲ့သည်။သူ့အတွက် အိပ်မက်
တွေမက်ခဲ့သည်။သူ့အတွက် သန့်စင်ခဲ့သည်။သူ့အတွက်ရိုးသားခဲ့သည်။သူ့အတွက်ရဲရင့်ခဲ့သည်။သူ့အတွက် ချစ်ခဲ့သည်။သူ့အတွက်ရှင်သန်ခဲ့ပါသည်။
(၆)
ပြန်စဉ်းစားကြည့်လျှင် ထိုစဉ်ကလိုရူးသွပ်မှုမျိုးဖြင့်မိန်းကလေးတစ်ယောက်ကို ချစ်ဖို့ရာ ယခုအချိန်တွင် မဖြစ်နိုင်တော့သည်မှာအမှန်ပင်။သူ့အ
ပေါ်ခိုင်ကျည်တည်တံ့နေသော သစ္စာတရားနှင့် သူနှင့်ပတ်သက်ပြီးပေါ်ပေါက်ခဲ့သော စွဲလမ်းမက်မောမှုမျိုးနောက်တစ်ကြိမ်ပြန်မရနိုင်တော့။ထိုရူးမူးလွတ်
လပ်သောအချစ်ဆီချဉ်းကပ်ဖို့ရာ ကျွန်တော်တို့စိတ်တွင်ရိုးသားသောအရောင်အဆင်း လုံလောက်အောင်မရှိတော့ခြင်းကြောင့် ဖြစ်မည်။ခုအချိန်မိန်းက
လေးတစ်ယောက်ကို စိတ်ဝင်စားမိသည်ဆိုလျှင် အလုံးစုံရိုးသားခြင်းမဟုတ်ကြောင်းဝန်ခံရပါလိမ့်မည်။ထို့အတူပင် တစ်ခြားသူတွေဆီမှာရှိသောမာယာ
အရောင်အဆင်းတွေကိုလည်း ကျွန်တော်က အလိုလိုရိပ်စားမိလျှက်သားဖြစ်နေပြန်သည်။ရိုးသားမှုကိုမတွေ့ရ။ကိုယ့်တွင်မရှိသော အရာတစ်ခုကိုတစ်ပါး
သူထံတွင်ရှာဖွေခြင်းမှာ တရားမျှတမှုရှိပါ့မလား။သို့မဟုတ်မိုက်မဲခြင်းလား။မေးခွန်းတွေက မွန်းကြပ်ဖွယ်ကောင်းလှသည်။ထို့ကြောင့်ပင် ကျွန်တော်မချစ်
သောမိုးရာသီများအကြောင်းကို ပြောဆိုရန်မသင့်တော်တော့ပါ။
(ရ)
ကျွန်တော်သူ့ကို လွမ်းနေပါသည်။ဟိုးအဝေးဇာတိမြို့ငယ်လေးမှ သူငယ်ချင်းဝီရကိုလွမ်းသည်။၂၀၀၄ခုနှစ်ကရွာသွန်းခဲ့သောမိုးရေစက်များကို
လွမ်းသည်။ဒုတိယနှစ်ကျောင်းိသားဘဝက သူငယ်ချင်းတွေရဲ့အသံကိုလွမ်းသည်။ငယ်ဘဝရဲ့မိုးတိမ်တွေကိုလွမ်းသည်။မိသားစုနှင့်အိမ်ကိုလွမ်းသည်။
“တကယ်တော့ လွမ်းတယ်ဆိုတာစံပယ်ပန်းလေးတွေကို သီငင်ရသလိုမျိုးပဲဖြစ်သည် “ ဟုဝီရကတော့ သူ့အက်ဆေးထဲတွင်ရေးခဲ့သည်။ကျွန်တော်တို့
နေထိုင်ရာ ကမ္ဘာသည်အရောင်အသွေးများစွာဖြင့်စုံလင်လှသည်။ရောင်စုံကမ္ဘာထဲတွင်နေထိုင်သော ကျွန်တော်တို့ကလည်း ကိုယ်ပိုင်အရောင်တစ်ခုစီ
ဖြင့် ရှင်သန်ထွန်းလင်းကြရမြဲပင်။မိမိရဲ့ကိုယ်ပိုင်အရောင်သည် တခြားသူစိတ်ထိခိုက်နာကျင်စေဖို့ထက် စိတ်ကျေနပ်ချမ်းမြေ့စေမည့် အရောင်ဖြစ်မည်ဆို
လျှင် များစွာနှစ်လိုပျော်ရွှင်ဖွယ်ကောင်းလာလိမ့်မည်ဟုထင်နေမိသည်။
ဖြူစင်ခြင်းသည် အလွမ်းဖြစ်မည်ဆိုပါက အဲဒီပန်းကလေးတွေကို ကျွန်တော်ကျေနပ်နှစ်သက်စွာသီငင်နေချင်ပါသည်။
မင်းစိုးရာ
၂၉.၁၂.၀၉
နှလုံးသားရှိတဲ့ ရယ်သံနှစ်ခု
စမ်းချောင်းနုနုလေးထဲ အတူတကွစီးဆင်းခဲ့ကြတယ်
ပန်းပွင့်၊ သစ်ရွက်၊ ချိုအီငှက်သံ
တစ်ခါတရံ
ကိုင်းခတ်ကျောက်စွန်း လူးလွန့်တွန်းတိုက်လို့
တစ်စုံတစ်ရာကို သတိရလိုက်ဖို့ရာ
မေ့လျော့နေဆဲ
ရုတ်တရက်
တဝေါဝေါ
ရေတံခွန်တစ်ခုဟာ ဘွားခနဲ
. . . . . . . . . . .
တကွဲတပြားလွင့်စင်လိမ့်ကျသွား
တစ်ယောက်ရယ်သံ တစ်ယောက်မကြားရတော့ဘူး။ ။
မင်းစိုးရာ
သရဖူ မဂ္ဂဇင်း ၊ ဇွန် ၊၂၀၀၆
မအောင်မြင်တဲ့ မြေကြီးမှာမှ
မျိုးစေ့အမှန်ကိုပျိုးမိတယ်
ငါဟာ အရူးအနှမ်း
အနမ်းတစ်ခြမ်းလုံးကြွေတာတောင်
မွှေးတုန်း လှတုန်း
မြတ်နိုးမှုကို တစ်စစီပုံထားတုန်း။
ပေါ့ဆတတ်တဲ့ ချစ်ခြင်းအမှားက
ကိုယ့်အပျက်ကို သံသယနဲ့မျှားခဲ့
ခြေသံလုံလုံ ဖောက်ဖျက်မှုရဲ့ နောက်ကွယ်မှာ
မင်းကမ်းလိုက်တဲ့ဓား
အသွားငါ့ဖက်
တစ်ဘဝလုံးညွှတ်နေအောင် ချစ်ခဲ့အကိုင်းအခက်
အခု ခုတ်ဖြတ်ခံလိုက်ရတယ်။
ဒီမှာ မျက်ရည်ရဲ့ ရနံ့သာ အသက်ရှူဝခဲ့ပေါ့
ဟော့ဒီ မနာကျည်းရက်တဲ့ ရိုးမြေကျဝေဒနာ
အချစ်ဟာ မူးယစ်ဆေးတစ်မျိုးသာဖြစ်ခဲ့တယ် ။
အကြည့်ဝေ့လည်လွန်းသူလေးရယ် . . .
အရေပြားကို ဖောက်ဝင်သွားတဲ့ကျည်ဆံထက်
နှလုံးသားကို စိုက်ချလိုက်တဲ့ အလွဲသုံးစားမှုကပြင်းရှလွန်းခဲ့
သစ္စာမဲ့သူ နာတာလီအတွက်နဲ့
ပုရှ်ကင်ဟာ
သေနတ်ချင်း ယှဉ်ပစ်ခဲ့ပေါ့ ။ ။
မင်းစိုးရာ
စရဏ မဂ္ဂဇင်း ၊ ၂၀၀၇
ရေတွင်းထဲကျနေတဲ့ လမင်းကို
မျှော်လင့်ခြင်းနဲ့ ဆယ်ယူခဲ့ရသောပျော်ရွှင်မှု
အခု . . .မင်းက
စက်ရုပ်ကို နှလုံးသားအစစ်ထည့်ပေးလိုက်ပြီ
အရွယ်ငယ်ငယ် စိတ်ထားလေးတင့်တယ်သော
ကိုယ့်ညီမလေး ငယ် . . .
မျက်လုံးတွေဖွင့်ထားလည်း
ကန်းနေဆဲအမှောင်
ခွေးတစ်ကောင် ချောင်ပိတ်အရိုက်ခံရသလို
တကယ့်ဘဝကို ငါပြန်ကိုက်ခဲ့ပေါ့
ထိုးကျနေတဲ့ ငါ့အရိပ်ကို မင်းစိတ်နဲ့ဖဲ့ယူခဲ့ရ
စစ်မြေပြင်
ငါ့ကြောင့်ဖြစ်တဲ့ ပျော်ရွှင်မှုကို
ငါ့ကြောင့်ဖြစ်တဲ့ ဝမ်းနည်းမှုနဲ့
ဘယ်တုန်းကမှ မချေပခဲ့သူ
ခက်ခဲထစ်အ တိပ်သားတစ်စ
ငါ့ဘဝနဲ့ ထပ်တူစီးမယ့်မြစ်တစ်စင်း
ငါ့ဆင်းရဲခြင်းကို မင်းကပန်းလိုပန်ခဲ့တော့
မင့်မျက်ရည်ကို
သစ္စာလို ငါစောင့်သိရိုသေတတ်ခဲ့ပြီ ။ ။
မင်းစိုးရာ
ငါ့ရင်ထဲက စံပယ်ရုံလေးမို့
အလှပြင်ပေးဖို့လိုဦးမှာလား
မြတ်နိုးမိတဲ့စိတ်မှာ
“မင်း . . .
ဆံပင်တွေဘာလို့ဖြတ်ပစ်ရတာလဲကွယ် ”
ကလေးလေး
မင်းအရိပ်လေးငေးမိရုံနဲ့
ငါ့အတွေးတွေ အကုန်ယူသွားတတ်သူ
ယုံကြည်မှုဟာ မင်းခြေလှမ်း
မင်းလမ်းလေးအပါ် ဖြန့်ခင်းလဲလျောင်းပေးလိုက်စရာ
ငါ့မေတ္တာတရားသာစိမ်းခဲ့
ငါ့ကိုယ်ငါ ရုတ်သိမ်းလို့မရနိုင်။
မင်းအတွေးနဲ့ဝေးဝေးမှာ
ငါက လွမ်းဖျားလွမ်းနာကျ
မင်းဘ၀လေးထဲ အရောက်လာမယ့် ငါ့ခြေလှမ်းလည်း
ပုံလျှက်သားလဲပြိုကျပေါ့ 
ရှင်သန်ခြင်းဟာ ချိုမြိန်မှုမှမဟုတ်တာကွယ်
ခုချိန် ညီမလေးရဲ့  အိပ်စက်ခြင်းအပေါ်
လေညင်းလေးတစ်စ ဖြာကျရုံပဲဖြစ်ဖြစ်
ငါ့မေတ္တာ နင်ရစေချင်တယ်။
ကိုယ့်ညီမလေး မေစု ရေ . . .
စကြဝဠာ အပြင်ဘက်ဆိုရင်လည်း ထွက်စောင့်ရုံပေါ့
အခုတော့
ရှက်စိတ်ကလေး နှုတ်ခမ်းမှာ ကိုက်ထားရုံ
လွယ်အိတ်အညိုလေး ရင်ခွင်ပိုက်ထားရုံ
အနမ်းနဲ့မထိခတ်ရသေးတဲ့
မင်းဆံနွယ်တစ်ကမ်းစာ အလွမ်း
ငါ့ မှာအငေးအမောနဲ့ သွယ်တန်းရတယ်။
ညီမလေးရယ် . . .
ငါကဘဝနောက်ပြေးလိုက်ရတဲ့သူ
ငါလဲရင် ငါ့ဘာသာထူရတယ်
လောကဓံကို မျက်ရည်ခံထိုးဖို့အတွက်နဲ့
တူနှစ်ကိုယ် တဲအိုပျက်လေး
ငါတို့တွေ ဘယ်လိုဘယ်ပုံဝေးရမယ် . . .
သြော် . . .ဘယ်လိုဘယ်ပုံဝေးကြမယ် . . .။ ။
မင်းစိုးရာ
သရဖူ မဂ္ဂဇင်း ၊၂၀၀၅
ကိုယ့်လက်ဖ၀ါးဖြန့်လိုက်တိုင်း
မင်းလက်ဖ၀ါးလေးလာတင်ပေးတတ်တာ အချစ်ဆိုရင်
အဲဒီအဖြစ်အပျက်အပေါင်းများစွာအတွက်
အကြိမ်ပေါင်းများစွာ ခက်ခဲနေရဦးမှာကလည်း ဘ၀ပေါ့
င၀န်မြစ်ရေပြင်ပေါ် အရိပ်တို့ရှည်လျားပျော်ဝင်ချိန်
စက်လှေဝမ်းထဲ ရွဲ့ စောင်းစောင်းထီးလေးတစ်လက်ဟာ
မင့်အသက်ဓာတ်ထဲကမေတ္တာဆိုရင်
ကျိုက်ဝိုင်းမှတ်တိုင်မှာ
လမ်းကိုသိစိတ်မဲ့ အခါခါဖြတ်ကူးနေတာ ကိုယ့်အချစ်ပါပဲ။
မင်းဆံပင်တွေဖြတ်ပစ်လိုက်တာ
ကိုယ့်ကိုသံယောဇဉ်ဖြတ်တာမဟုတ်မှန်းသိတယ်
တစ်ခါတလေ
ကိုယ်က မီးတောက်ကိုငေးရီအားကျမိတဲ့သစ်ရွက်ခြောက်
ဆင်းရဲသလောက်အစွဲအလမ်းကြီးခဲ့ဖူးတယ်။
မင်းမျက်ရည်နဲ့ ကိုယ့်သစ္စာတရား
အသွေးအသားလိုပေါင်းစပ်ထားတယ်
ပစ္စုပ္ပန်အမှောင်တွေကြားထဲလည်း
ကိုယ့်အလွမ်းစိတ်ကလေး ထွန်းညှိထားပါတယ်။
ပျော်ရွှင်ကြည်နူးစရာကြုံတဲ့အခါ
လေညင်းလေးတိုက်သလိုစကားပြောပြီး
သစ်ရွက်ကလေးတွေလှုပ်ခတ်သလို ရယ်မောပါ
ဝမ်းနည်းနာကျင်စရာဆိုရင်လည်း
မင်းနှစ်သက်တဲ့ ချောကလက်လို
အင်အားနဲ့ထွေးဖက်ပါ
မင်းကသဘာဝတရားရဲ့  အရောင်တူပန်းပွင့်
ကိုယ်ကမြေကြီးနဲ့နီးစပ်တဲ့သစ်ရွက်
ငှက်ကလေးလိုပျံသန်းနေမှာ. . .
ဒါ ကိုယ်တို့မေတ္တာ ကိုယ်တို့ကမ္ဘာ
ဆုပ်လို့ပဲ စူးခဲ့စူးခဲ့
စားလို့ပဲ ရူးခဲ့ရူးခဲ့။ ။
မင်းစိုးရာ
လောလောလတ်လတ် ဝေဖန်စကားများ