You are currently browsing the tag archive for the ‘စကားပြေ’ tag.


ညနေက ကမ္ဘာတစ်ဖက်ဆီသို့ ထွက်ခွါတော့မည်။ အဝေးမှ ပဲ့တင်ပြန်လာသော အလွမ်းများသည် ရင်ကို လာထိမှန်သောအခါ ပွင့်ဖတ်ပွင့်ချပ်တွေအဖြစ်  တစ်လွှာချင်းပဲ့ကြွေကျလို့လာသည်။ ငှက်တွေ အိပ်တန်းပြန်ကြတော့မှာလား။ ပြန်စရာအိမ်မရှိသော တိမ်စိုင်အစအနတွေကရော ဘယ်ဆီဘယ်ပုံ ခရီးဆက်ကြဦးမည်လဲ။ စိတ်မှတ်မဲ့စွာ ကောင်းကင်ကို မော့ကြည့်မိတော့ တမ်းတစိတ်က မီးတောက်မီးလျှံလို ရင်ကို ပူပြင်းစွာ လာဟပ်လေသည်။ အတူတူပျော်ရွှင်ခဲ့ဘူးသော နေ့စွဲများ၊ တစ်ယောက်ဒဏ်ရာကို တစ်ယောက် သွေးတိတ်နှစ်သိမ့်ခဲ့သော နေ့စွဲများ၊ မြစ်ကို ဖြတ်တိုက်လာသော လေပြည်နုနု၊ ညနေနေရောင်၊ ဟိုတစ်ပွင့်သည်တစ်ပွင့် လင်းလာသော နီယွန်မီးများ ၊ ပြီးတော့ အတူတူဖြတ်သန်းခဲ့သော မြို့  ပြရဲ့  လမ်းမများ ။ တစ်ချိန်တုန်းကတော့ လမ်းဘေးကဖေးဆိုင်အိုအိုလေးထဲက ညနေသည် အချစ်ဖွဲ့ကဗျာတစ်ပုဒ်လို နူးညံ့သိမ်မွေ့စွာ လှပလို့နေခဲ့သည်။ အခု…အခုကျတော့ရော။ အာရုံက ရုတ်ချည်းမွန်းကျပ်လာတော့ စိတ်မှတ်မဲ့စွာ လက်က စီးကရက်ဘူးဆီလှမ်းမိပြန်သည်။ ပြီးတော့ ဘဝဆိုတာ အခိုးအငွေ့ဆန်ဆန်ပဲ ဆိုတာကိုလည်း ဖျတ်ကနဲ သတိထားမိပြန်သည်။ တကယ်တော့ မနက်ဖြန်ဆိုတာ မရေရာသော တံခါးတစ်ချပ်သာဖြစ်ပြီး ဘဝဆိုတာကလည်း မသေချာမရေရာမှုတွေနဲ့  မွန်းကျပ်လေးလံနေရတဲ့ အစိုင်အခဲတစ်ခုပဲမဟုတ်လား။


စီးကရက်မီးခိုးငွေ့တွေက လေမှာ ယိမ်းနွဲ့လွင့်ဖြာလို့နေသည်။ တစ်နေ့တစ်နေ့ ဒီလိုပဲ အဓိပ္ပါယ်မဲ့စွာ ရှူရှိုက်နေရတဲ့ ဆေးလိပ်ငွေ့တွေအကြောင်းဆီ စိတ်ရောက်သွားမိပြန်သည်။ တစ်လိပ်ပြီး တစ်လိပ် မီးကူးဖွာရှိုက်နေခဲ့သော မီးခိုးငွေ့တွေကြားမှာ ဘဝထဲက အရာရာသည်လည်း ဝေဝါးလို့နေခဲ့သည်။ ယုတ်စွအဆုံး လျှောက်နေတဲ့ ဘဝရဲ့  လမ်းတွေကအစပေါ့….။ ဒီလိုနဲ့ပဲ  အသက်   တွေ တစ်ရက်ပြီးတစ်ရက်ကြီးလာခဲ့သည်။ ဒီလိုနဲ့ပဲ ဘဝရဲ့  လမ်းတွေ တဖြည်းဖြည်း ကွေ့ကောက်ကြမ်းတမ်းလာခဲ့သည်။ ဒီလိုနဲ့ပဲ လူမှုဆက်ဆံရေးတွေမှာ တသီးတခြား ငေါထွက်လာခဲ့သည်။ ပတ်ဝန်းကျင်ရဲ့  ကြည့်တဲ့အကြည့်တွေကို၌က သူစိမ်းဆန်ဆန်။ သူစိမ်းသက်သက်။ အရာရာသည် အစကတည်းက စနစ်တကျ မှားယွင်းနေခဲ့ကြောင်း အချိန်တွေအတော်ကြာမှ သိရှိခဲ့ရသည်ပဲ။


အဝေးဆီကို လှမ်းမျှော်ကြည့်လိုက်ရင် မပီဝိုးဝါး မှုန်ပြာပြာရီသော ညနေမြူခိုးပြာပြာတွေကို ငေးရီလှမ်းမြင်နေရသည်။ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးဆိုချင်သည်။ နံရံကို ကျောမှီပြီး ခဏဖြစ်ဖြစ် ငြိမ်သက်နေချင်သည်။ ဘယ်သူနဲ့မှလည်းစကားမပြောဘဲ တံခါးတွေအားလုံးပိတ်ပြီး အခန်းရဲ့ ထောင့်ကျဉ်းကျဉ်းတစ်ခုထဲမှာ ထိုင်နေချင်သည်။  မတွေးချင်သော ဘဝ၏အကြောင်းများကို တွေးမိပြန်တော့ ဘဝထဲက အရာရာသည် ခါးသီးလေးလံစွာ အာရုံပေါ် ပြိုပိကျလာပြန်သည်။ ဘယ်သူ့အပေါ်မှာမှ တာဝန်မကျေခဲ့သော လူငယ်တစ်ယောက်၏ စိတ်ပျက်အားငယ်မှုများသည် ညနေရီဆည်းဆာတွင် တိမ်စိုင်တိမ်လိပ်များလို ခါးသီးတောက်ပနေခဲ့လေသည်။


အိပ်တန်းပြန်ငှက်တွေနှင့် ညနေသည် ကြည့်နေရင်းကပင် တဖြည်းဖြည်း ရင့်အိုဟောင်းနွမ်းလာသည်။ တစ်စတစ်စနှင့် အဖြူအမည်းရုပ်ရှင်ပိုဆန်လာလေသည်။ အမှောင်ရိပ်ရိပ်နောက်ခံတွင် ရွေ့  လျားနေသော ကားများ၊ လူများ နှင့်အရာရာသည် အာရုံတွင် လေဟာနယ်တစ်ခုနှယ် ပကတိအတိုင်း ပွင့်ထွက်နေသည်။ ခေတ်ပေါ်အာရုံခံစားမှု တစ်စုံတစ်ရာမပါဝင်သော ပန်းချီကားတစ်ချပ်လို အရာရာသည် အသက်ဓာတ်ကင်းမဲ့လို့ နေသည်။ လေပြေတစ်ချက်ဝေ့ကနဲတိုက်ခတ်လာသောအခါ ဆံပင်တွေ လွင့်ဖွာသွားပြန်သည်။ ဖြစ်နိုင်ရင် အမှိုက်တစ်စလို လေနှင်ရာဆီသို့သာ လွင့်ပါသွားချင်သည်။ ဖြစ်နိုင်ရင် သစ်ကြွေရွက်တွေလိုမျိုး ခြောက်သယောင်းနေတဲ့ မြေပြင်ကို ရင်ဘတ်နဲ့ ပွတ်တိုက်ပြီး ဟိုးအဝေးဆုံးအထိ ပြေးလွှားသွားလိုက်ချင်သည်။ ဖြစ်နိုင်ရင် အရာရာကို အပြီးအပိုင် မေ့လျော့ပစ်လိုက်ချင်သည်။ ဖြစ်နိုင်ရင် ….ဖြစ်နိုင်ရင်….။


ဒီလိုအချိန်ဆိုလျှင် မြစ်ပြင်ပေါ်မှာ ညနေသည် အနီရောင်ခပ်များများအလင်းစတွေနှင့် အရင်အခါများလိုပင် ရှိနေလိမ့်ဦးမည် ထင်သည်။ ညနေနေရောင်သဲ့သဲ့အောက်မှာ လှေသမ္ဗန်တွေ ၊ စက်တပ်လှေငယ်အသေးစားများသည်လည်း ရည်ရွယ်ရာဆီ ဦးတည်ခုတ်မောင်းနေကြဦးမည်။ မြစ်၏ ဆည်းလည်းလေပြည်သည်လည်း ညင်းညင်းသွဲ့သွဲ့ လွင့်ခတ်နေလိမ့်ဦးမည်။ မြစ်၏ ဟိုးတစ်ဖက်ကမ်းဆီမှာလည်း သစ်မြစိမ်းရိပ်တို့က ယိမ်းနွဲ့လှုပ်ရှားနေကြဦးမည်။ အရာရာဟာ အရင်အတိုင်း မပြောင်းမလဲပဲ ရှိလိမ့်ဦးမည်ဟု စိတ်ကယုံကြည်သည်။ ဒါဆို…. သူမ….သူမတစ်ယောက်ကရော။ တစ်ခဏအတွင်းမှာပင် ရင်သည် လှိုက်ကနဲ ခုန်လှုပ်သွားသည်။ လစ်ဟာဆုံးရှုံးမှုသည် အမည်နာမ ဖော်ပြရန်ခက်ခဲသော ဝေဒနာတစ်ခုလို။ သွေးစိမ်းရှင်ရှင် ပွင့်အံကျလာသော အနာဟောင်းတစ်ခုလို။ မျက်ဝန်းအစုံကို မှိတ်ထားသော်လည်း အတိတ်က ဘယ်သောအခါမှ အပြီးသတ်သွားမှာ မဟုတ်သည့် အခန်းဆက်ပြဇာတ်တစ်ပုဒ်လို အာရုံမှာ ထင်ဟပ်လာလေသည်။ စို့တက်လာသော မျက်ရည်စတို့ကို တစ်ပါးသောသူတို့ မမြင်ဖို့ရာ မျက်တောင်ကို တစ်ဖျတ်ဖျတ်ခတ်မိသည်။ အတန်ငယ်ညောင်းညာနေသော ကိုယ်ကာယကို အနေအထားအနည်းငယ်ပြင်မိသည်။ လက်ဖက်ရည်ဆိုင်က ဖွင့်ထားသော သီချင်းတစ်ပိုင်းတစ်စကို လိုက်ဆိုမိတော့ အာရုံက နည်းနည်းတော့ပေါ့ပါးသွားပြန်သည်။ လက်ထဲက ကုန်ခါနီးစီးကရက်တိုကို ခပ်ပြင်းပြင်း တောက်ထုတ်ပစ်လိုက်သည်။ သွားစမ်းပါကွာ…ချစ်ခြင်းမေတ္တာကိုလည်း လက်ထဲက စီးကရက်တိုလို ခပ်ပြင်းပြင်းတောက်ထုတ်လိုက်…ပြီးတော့ ခွေးမတစ်ကောင်လောက်မှ သစ္စာမရှိတဲ့ မိန်းမတစ်ယောက်ကိုလည်း ဘဝထဲက၊ အာရုံခံစားမှုနံရံ လေးဖက်လေးတန်ထဲက ခပ်ပြင်းပြင်းသာ ကန်ထုတ်ပစ်လိုက်….ဒါဆိုရင်  ဘယ်လိုနေမလဲ။


တကယ်တမ်း ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်တဲ့အခါတိုင်း ဘဝမှာ ခံနိုင်ရည်တော်တော်လေးကို နည်းပါးခဲ့သည်။ ချစ်ခြင်းမေတ္တာကို ဦးဆွေးဆံမြည့်စောင့်သိရိုသေခဲ့သော နေ့စွဲများသည် သစ္စာမဲ့မှုလက်အစုံဖြင့် မမျှော်လင့်စွာ ဖြတ်ရိုက်ခံခဲ့ရသောအခါ ကစဉ့်ကလျား လဲပြိုလွင့်စင်ကျခဲ့ရလေသည်။ အဲဒီတုန်းက ဒိုင်ယာရီစာအုပ်ရဲ့   စာမျက်နှာတွေမှာ ဘယ်တော့မှ ခြောက်သွေ့ သွားမှာ မဟုတ်တော့သော မျက်ရည်စတချို့   ရှိနေခဲ့သည်။ အဲဒီတုန်းက သစ္စာတရားရဲ့  လက်ဖျံမှာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်သော သူမရဲ့  အမည်နာမလေးရှိနေခဲ့သည်။ သံသရာအဆက်ဆက် ဘယ်လိုဝဋ်ကြွေးမျိုးနဲ့မှ ပေးဆပ်ငြိမ်းသတ်လို့ မရနိုင်တော့သော ပရိဒေဝမီးလျှံတို့သည် ရင်တစ်ခုလုံးမဆန့်အောင် လောင်ကျွမ်းလို့နေခဲ့သည်။ ရည်စူး၍ ရေးခဲ့ဘူးသော ကဗျာစာသားတို့သည် အာရုံခံစားမှု မှန်နံရံများကို ဆပ်ပြာပူပေါင်းတွေလို တစ်ခြွမ်းခြွမ်း ယိမ်းယိုင်ပြိုကွဲသွားစေခဲ့သည်။ မျှော်လင့်တမ်းမက်ခဲ့သော အိပ်မက်တို့သည် အိပ်စက်မပျော်နိုင် ရှည်လျားသော ညများ၏ အကြေးခွံတို့ကို ဖောက်ပြီး ချော်ရည်ပူတွေလို ယိုစီးစိမ့်ကျလာခဲ့သည်။ ထားလိုက်၊ ထားလိုက်စမ်းပါကွာ။ အတိတ်ဆီမှာ ပိတ်မိနေသော မသိစိတ်သည် ကျားနာတစ်ကောင်လို ရုန်းရင်းဆန်ခတ် ဖြစ်လျက်ရှိသည်။ စိတ်အာရုံတစ်ခုလုံး ကိုင်ရိုက်ခံထားရသလို နာကျင်နေသည်။ ရုတ်တရက် အာရုံအဆက်အစပ်က ရေးလက်စ ကဗျာစာသားတွေဆီ ဖျတ်ကနဲ ရောက်ရှိသွားပြန်သည်။ ညနေ၏ မျက်လုံးအသေတွေဆီ ငေးရီရင်း သွေးသားတစ်ခုလုံး ဆူပွက်ပူလောင်လာပြန်သည်။ ဘယ်လိုစာသားတစ်စုံတစ်ရာနှင့်မှ အဓိပ္ပါယ်ဖော်ပြရန် မလွယ်ကူသော အထီးကျန်စိတ်ကို အခြားသောတစ်ဖက်မှနေ၍ ပြန်မြင်တွေ့နေရသည်။ ပြီးတော့ ကဗျာတစ်ပုဒ်ထဲက ထစ်အနေသော စာသားတစ်ကြောင်းလို စိတ်ဓာတ်ဖြင့် အရာရာကို အားတင်းရင်ဆိုင်မိပြန်သည်။ ဒီလိုနဲ့ပဲ…။


နေဝင်တော့မည်။ ဆည်းဆာရဲ့  ခြေသံသဲ့သဲ့က အမှောင်မှာ ပိုကျယ်လာသလို ခံစားရသည်။ လေပြည်က ပိုပြီးတော့အေးစက်လာသည်။ ပတ်ဝန်းကျင်က ပိုပြီး သူစိမ်းဆန်လာသည်။ အမှောင်မှာ မမြင်နိုင်သောအမှောင်တွေ ရောထွေးနေသည်။ မမြင်ရသော လမ်းတွေက ကြမ်းတမ်းမှုတွေနှင့် ရောပြွန်းရှုပ်ထွေးနေသည်။ အမှောင်မှာ ပြာနှမ်းနေသောဝေဒနာသည် မမြင်ရသော နံရံတွေကို ရိုက်ခတ်ပြီး ပဲ့တင်ထပ်နေလေသည်။    ။

ဘုန်းနေသွန်း

၅၊ နိုဝင်ဘာ၊ ၂၀၀၉။

ည ၇ နာရီ၊ ၅၁ မိနစ်။

ပြက္ခဒိန်

February 2017
S M T W T F S
« Feb    
 1234
567891011
12131415161718
19202122232425
262728  

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 7 other followers

ကဗျာ.. ခင်ဇော်မြင့် ချယ်ရီ ခွဲခွါ ဂျွန် စကားပြေ စွဲစွဲလမ်းလမ်း ဆုံးရှုံးခဲ့ဘူးတယ်... ဆွတ်ပျံ့ဖွယ်အောင် ဇွန် ညီမလေး ညနေ တိတ်တခိုး တိုးနှောင်မိုး တမြေ့မြေ့ ထားခဲ့တဲ့အတိုင်း ဒီဇင်ဘာ ပန်းချီ ပိုင်မင်းဦး ပျားရည် ပျားရည်အိမ် ပွင့်ဦး ပွဲတော်ည ဘုန်းနေသွန်း ဘုန်းနေသွန်းရဲ့ ကဗျာ ဘုန်းနေသွန်းရဲ့ ကဗျာ မင်းစိုးရာ မိဆိုး မိုးတွေ ညို့နေပြီ မီမီ မျက်ရည်အိမ်ယာ ရင်ကွဲနာ လင်းဆက်နောင် လွမ်းသူ လွမ်းစေတီ လွမ်းတေး ဝဿန္တ သတိတရ သတိရခြင်းအလျား သီချင်း သီတင်းကျွတ် သုမင်းညို သူရနီ အချစ်အကြောင်း အစိမ်းသေ အမှတ်တမဲ့...နှင်း အမှတ်တမဲ့ နှင်း အလွမ်းသီချင်း အုံ့ပုန်း ဆောင်း နေ့များ မေစု မောင်ဘုန်းရဲ့ ကဗျာ အေဒင် အောင်ပိုင်စိုး အောင်ရင်ငြိမ်း ဖြူပြာပြာ ဖြူဖြူဇော် မြစ်ဆိပ် မြတ် ကြယ်လွဲမိုး နွယ်စိမ်းဝေ နှင်း