You are currently browsing the category archive for the ‘ကြိုက်တဲ့ ကဗျာတွေ’ category.

အလွမ်း

မကျန်းမာတော့မှ
ကျန်းမာရေးရဲ့ တန်ဖိုးကို ပိုနားလည်သလိုမျိုး
မပြည့်စုံတော့မှ
ပြည့်စုံခြင်ရဲ့ အဓိပ္ပါယ်ကို ပိုသဘောပေါက်သလိုမျိုး
မမြင်၇တော့မှ
သူ့မျက်နှာလေးကို ပိုမြင်ချင်နေမိတယ်
ညနက်လေ ပိုလင်းလေလား
အမှောင်ရဲ့
ဖိအားမှာ
အေ၇ာင်ပိုထွက်နေသောကြယ်တွေ ။ ။
နွယ်စိမ်းဝေ
အင်တာနေ၇ှင်နယ် မဂ္ဂဇင်း။ မတ်လ ၂၀၀၉

ပါပီလွန်

သမုဒ္ဒရာကြီးထဲမှာ
မပြောပလောက်တဲ့ ကျွန်းကလေးတစ်ကျွန်း
အဲဒီ ကျွန်းကလေးတစ်ကျွန်းပေါ်မှာ
အပ်ဖျားတစ်ထောက်စာ အစက်ကလေးတစ်စက်
အဲဒီအစက်လေးထဲမှာတော့
စကြ၀ဠာထက်ကြီးတဲ့
အလျှံရဲရဲ လွတ်မြောက်လိုစိတ်တွေ။ ။
နွယ်စိမ်းဝေ
နွယ်နီမဂ္ဂဇင်း

ထင်းရှူးပင်၊ အေးမြမှုတွေနဲ့ ဆောင်းမနက်ခင်းတွေကို ဝိုင်ပုလင်းထဲ ထိုးသိပ်ထည့်ထားတဲ့ တောင်ပေါ်မြို့ လေးက ကဗျာဆရာ ကိုနွယ်စိမ်းဝေကို ခေတ်ပေါ်ကဗျာကို ချစ်မက်တဲ့သူတိုင်း သိကြမှာပါ။ ခုကိုနွယ်စိမ်းဝေက သူ့ရဲ့  ကဗျာတွေကို ဘလော့ခ်လေးတစ်ခုလုပ်ပြီး တင်ထားပါတယ်။
အဲဒီတောင်ပေါ်မြို့ သားကဗျာဆရာရဲ့  ခေတ်ပေါ်ကဗျာများကို http://www.nweseinwai.wordpress.com မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း။

အချစ်ဆိုတာပိုက်ဆံ၊ အချစ်ဆိုတာ မြေအိုးမြီးရှည်၊ အွန်လိုင်းစာမျက်နှာပေါ် အမြန်ရိုက်ထည့်လိုက်တဲ့ စာသား၊ ဟန်းဖုန်းကိုင်ချင်တဲ့ ရောဂါ၊ သွယ်ဝိုက်ဖော်ပြသောပူဆာမှု၊ တစ်နေ့ ဖာလူဒါတစ်ခွက်သောက်ချင်တဲ့ အာသီသ၊ အတွေးအခေါ်ထဲမှာ အမှိုက်မြူမှုန်တစ်စမကျန်၊ ဆေးကြောသန့်စင်ခံဦးနှောက်၊ အချစ်ဆိုတာလိမ်လည်လှည့်ဖြားမှု၊ အချစ်ဆိုတာ လိပ်စာကတ်ပြားနောက်ကျောက အမည်မသိ ဖုန်းနံပါတ်တွေ၊ ရုပ်ဝတ္တုနဲ့ ငွေကြေးနောက်ပြေးလွှားလိုက်ရင်း လမ်းမှာပြုတ်ကျကျန်ခဲ့တဲ့ ကိုယ်ကျင့်သီလ၊ ကျွန်တော်ကိုယ်တိုင်ရိုက်ပေးထားတဲ့ဓာတ်ပုံလှလှလေးအောက်မှာ သူစိမ်းတစ်ယောက်နဲ့။

အချစ်ဆိုတာ စာသားချင်း အပြန်အလှန်မြှူဆွယ်သာယာတဲ့လူမှုအလေ့အကျင့်၊ အချစ်ဆိုတာကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ထားတဲ့ ယန္တရား၊ အချစ်ဆိုတာ အခြားတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ထဲ တစ်စွန်းတစ်စလှမ်းမြင်နေရတဲ့ ဘ၀အာမခံ၊ ဆေးဆိုင်မှာ အလွယ်တကူဝယ်ယူရနိုင်တဲ့ ပဋိသနေတားဆေး၊ facebook profile မှာ အိမ်ထောင်ရေးအခြေအနေမှန်ကို တမင်လျှို့ဝှက်ဖုံးကွယ်ထားခြင်း၊ ကြောင်းကျိုးမခိုင်လုံသောဆင်ခြေများ၊ အများမိုးခါးရေသောက်လို့မှ လိုက်မသောက်ရင် အရူးပဲ ဆိုတဲ့ယဉ်ကျေးမှု။

ခေတ်ပေါ်စကားလုံးတွေ အဓိပယ်ထွေပြားပြောင်းလဲနေသလို
အချစ်ဟာလည်း အဓိပယ်အသစ်တွေ ပြောင်းလဲနေပြီ သိရဲ့လား။

အချစ်ဆိုတာ အတိတ်မေ့ရောဂါ၊ အချစ်ဆိုတာ ဘာသာစကားကို အလှပဆုံးဆော့ကစားခြင်း၊ အချစ်ဆိုတာ တစ်နေ့သုံးကြိမ် စိတ်အပြောင်းအလဲ ဖြစ်မှု၊ အိပ်ရာပေါ် ဥပေက္ခာစိတ်နဲ့ ကျောခိုင်းအိပ်စက်ခြင်း၊ အတွင်းခံဘောင်းဘီလှလှ၊ ရင်သားအရွယ်အစားကို အာရုံမှောက်မှားမှုဖြစ်စေတဲ့ ဘရာစီယာ၊ လျှို့ဝှက်ထားတဲ့ လူမှုရေးကွန်ယက်များ

အချစ်ဆိုတာ သွေးသားပြောင်းလဲမှု၊ အချစ်ဆိုတာ နည်းမျိုးစုံနဲ့ ပြသနာလုပ်ခြင်း၊ ကျွန်မ အယူအဆကတော့ တစ်ညတာနဲ့ တစ်လစာ လဲသင့်ရင် လဲရမှာပဲ၊ ဘယ်လိုပဲခွဲခြမ်းစိတ်ဖြာကြည့်ကြည့် နောက်ဆုံးထွက်လာတဲ့အဖြေ ပိုက်ဆံ၊ အချစ်ဆိုတာ အသားစိုင်များအပေါ် မိမိကိုယ်ကို ယုံကြည်ချက်လွန်ကဲမှု၊ မူလ လက်ဟောင်းထက် အမျိုးအစားပိုကောင်းတဲ့ ပစ္စည်းအသစ်တွေ အဆင်သင့်၊ အသိုက်ပျက်တယ်ဆိုတာ ဒီခေတ်ထဲမှာ ဘာမှ မထူးဆန်း။

အချစ်ဆိုတာ
ပိုက်ဆံရှိရင် ဆယ်ကျော်သက် အပျိုစင်လိုဖြစ်အောင် အချိန်မရွေး recycle ပြန်လုပ်ပစ်လို့ရတယ်ဆိုတဲ့
အယူအဆ။

အောင်ရင်ငြိမ်း
၁၀ မေ ၂၀၁၀

အိပ်လို့မရ

ညကြီးမင်းကြီး၊ ထပြီးထိုင်နေ

မွေ့ရာတွေလည်း၊ကြေမွတွန့်လိပ်

သိပ်စိတ်ညစ်တယ်၊သတိပြယ်လွင့်

ခိုတွယ်စရာ အတည်မရ။

အပြင်ဘက်မှာ

သစ်ရွက်တွေကြား၊ကြယ်လေးငါးပွင့်

စံကားပင်အို၊ကန်ရေစိုစွတ်

ဟိုမှာ လှုပ်လှုပ်၊ငုတ်တုတ်လက်ကမ်း

စမ်းလျှောက်သွားနေ၊မြက်ချုံတွေထဲ

တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း

ပြေးနင်းရှပ်ရှပ်၊မတ်တတ်ထလိုက်

ခန်းဝကိုလာ၊၀ရန်တာမှာ

သည်မှာတစ်ယောက်၊တစ္တေခြောက်လှန့်

ကြောက်ကြောက်နှင့်ကြည့်၊မျက်နှာလှည့်စမ်း

တည့်တည့်လှမ်းမြင်၊အော်ငိုချင်မိ

တစ်ဆင်တည်းပဲ သူနဲ့ ငါ။

မြစ်နက်ထဲမှာ

ငါရေနစ်မြုပ်၊ချမ်းပြီးကုပ်နေ

ကုက္ကိုကိုင်းကြား၊ငါနေနားလိုက်

ဘုရားရှေ့မှောက်၊ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်

တစ်ယောက်သောငါ၊ငါများစွာမှ

ထလာ လွင့်ပါး၊ငိုသံပါနှင့်

ဘာမှမကြား၊မောင့်အနားမှာ

“ထသွားစို့ဆို၊မေ့ကိုအိပ်မက်

မမက်ဘူးလား´´၊တစ္ဆေ ဖြားယောင်း

မှုန်မွှားစိတ်ဝယ် အရိပ်ထင်။

ကြည်အေး။

အလွမ်းတွေ မီးလောင်ရာ လေပင့်
အချစ်က လွှင့်ပစ်လိုက်တဲ့အတိုင်း
ကြုံရာကျပန်း
လက်လွတ်စပယ်
အသုံဲးပုပြီးသား ပလတ်စတစ်အိတ်လိုလွင့်တယ်။
အချစ်က
အတွေးမှာ လောင်ကျွမ်းနေတဲ့မီးလျှံ
အနုပညာမှာ စိုက်ဝင်နေတဲ့ ဓား ။
အချစ်က
စိတ်မှာ မြုံနေတဲ့ အနာအဆာ
အစွဲအလမ်းမှာ စွဲကပ်နေတဲ့ ရောဂါပိုးမွှား။
အစိမ်းလတ်လတ် ခံစားမှုနဲ့
သင်္ခါရကို မျက်နှာလွှဲခံပစ်လို့
အချစ်ရေးမှာ
ဆေးမင်ကြောင်လို စုတ်ထိုးမိခဲ့သူ ။
နှစ်ကိုယ့်တစ်စိတ်
ပွင့်ခဲ့သောပန်းတွေ မဝေတော့
မွှေးခဲ့သော မီးတွေ မငြိမ်းတော့
တစ်ပိုဒ်ချို တစ်ပိုဒ် ခါး
စုံတွဲသီချင်းတွေရဲ့ အရသာ
မီးလောင်နေတဲ့ အသံမှာ မျက်ရည်စိုခဲ့ပြီ။
အချစ်ရဲ့
အ၀ါရောင် ဆင်းရဲခြင်းအနုပညာ
တစ်သက်မှာတစ်ခါဖြစ်တဲ့ စိတ္တဇ
သူ့ အာဃာတမှာ
ဝမ်းနည်းခြင်းတွေ ရိုးမြေကျအောင် လောင်ခဲ့တယ်။

အောင်ရင်ငြိမ်း
Faces မုခ မဂ္ဂဇင်း၊ ဧပြီ၊ ၂၀၀၃

နူးညံ့လို့လား

တအားနာကျင်လွန်းလို့လား

ပိတောက်ပွင့်လေးတွေ တဖွဲဖွဲကြွေနေတဲ့ မြင်ကွင်းထဲ

ထီးဆောင်းပြီး ဖြတ်သန်းနေတာ

အာရုံကို စုပြီးစည်းလိုက်ဖို့

သူကိုးကွယ်တဲ့ ကြိုးစကို မမြင်နိုင်

သူ့အလင်းက မျက်စိမှုန်တယ်။      ။

မိုးဝေး

ရုပ်ရှင်တေးကဗျာ ။

အသည်းလွှာမြေဝယ်၊ အမြစ်ဖြာယှက်သွယ်၊အချစ်ညှာခက်ခါနွယ်၊ မာလာပင်နန်း၊ ချစ်ပန်းပွင့်ဖူးစအရွယ်၊ ချူတော်မူလာနိုး ၊ မျှော်ကိုးကာ ပူဗျာပါကြွယ်၊ ရည်ရွယ်သွယ်ညွှတ်ပျောင်း၊ ကြာလေညှာကြွေညောင်းမျှရယ်၊ အရိုင်းစံပါယ်မို့ ပစ်ပယ်၊ ပန်တော်မဝင်တယ်၊ ငွေသဇင်ကြူမွှေး ၊ သူရွေးပြီ ထင်အားငယ်၊ တွက်ရေသော်ရက်တွေခြား၊ စောင့်စားရင်းမြေမှာ ၊ ကြွေကြွေကာဆွေးရပြီကွယ်၊ ငွေချပ်လွှာဆွေး၊ မာလာမွှေးရနံ့…ပြယ်။

စံပါယ်ဖြူ တုံးကာမှ၊ ခင်ဖုန်းသက်ဝေရယ်၊ ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ်၊ လှောင်တာလေလားနော်ကွယ်၊ ဖန်လာပုံ အခုမှဆန်းကြယ်၊ အချစ်ဖြင့် ဆိတ်သုဉ်း ၊ ဆုံးရှုံးခြောက်ခမ်း ၊ လောင်ကျွမ်းခဲ့ရမောင့်ဘဝအစဉ်ဝယ်၊ ဆက်သွယ်သန္တတိ၊ မမြဲသောရုပ်နာမ်ပြောင်းလွဲသည့်နှယ်၊ ဖြစ်ပြန်ပျက်ပြန် အချစ်မှန်တရားရယ်၊ မူလွန်းတဲ့သူရယ်၊ ပွင့်ဦးကြွေမှဖြင့်ကွယ်၊ မပန်စေချင်ရက်တော့….တယ်။    ။

ဂီတနက်သန် ကိုစောညိမ်း

မြန်မာဂီတကို နားလည်ခံစားတတ်သူတိုင်း ဂီတနက်သန်ကိုစောညိမ်းကို သိကြမှာပါ…ပြီးတော့သူ့ရဲ့“ပွင့်ဦး”သီချင်းကိုလည်းသိကြမယ်ထင်ပါတယ်… အဲဒီသီချင်းစာသားတွေကို အစအဆုံး ပြန်တင်လိုက်တာပါ….။“ပွင့်ဦး”ကို အရင်ဦးဆုံး ဂီတနက်သန် မောင်မောင်ညွှန့်က အရင်သီဆိုပါတယ်…ခုနောက်ပိုင်း မန္တလေးသိန်းဇော်(ကဗျာဆရာကေဇော်)က

“ ရွှေပွင့်လွှာ ”ဆိုတဲ့ အခွေထဲမှာ ပြန်လည်သီဆိုထားပါတယ်…ပြီးတော့ ဒီသီချင်းနဲ့ပတ်သတ်ပြီး မန္တလေးသိန်းဇော်ရေးဖွဲ့ထားတဲ့ ကဗျာကိုလည်း “ရွှေပြည်သစ် ”ဆိုတဲ့  ဘလော့ခ်မှာ သွားဖတ်လို့ရပါတယ်….ကဗျာရဲ့  အမည်ကလည်း“ပွင့်ဦး” ပါပဲ…။

အတွင်းလူနာတစ်ယောက်ရဲ့

ဆေးကုသမှုမှတ်တမ်းကို ပြန်ကြည့်ရသလိုမျိုး

….လွမ်းတယ်။

ကမ်းပြိုကျသလို ပဲ့ကျရင်ခုန်သံတွေ တစ်ဝုန်းဝုန်း

မြွေတစ်ကောင်နဲ့ ရစ်ပတ်ထုတ်ပိုးထားတဲ့ ညီမလေးရဲ့  ဓာတ်ပုံ

သွေးမတိတ်သေးတဲ့ မြတ်နိုးမှုအဆိပ်တွေစွန်းပေ

ဝေးပြီ….

ဝေးကွာသွားပြီဆိုတာသိတယ်။

ဘဝရနံ့တွေနောက် ရေလိုက်ငါးလိုက်

ညီမလေးက စီးဆင်းမျောပါသွား

ငါတို့ ခွဲခွါလိုက်ကြတယ်။

ဒါပေမယ့်

ငါ့ရင်ထဲစူးတဲ့ အနမ်းတွေ အပွင့်မပျက်

ညီမလေးရင်ထဲက အချစ်ဦးရုပ်ရှင်လေးကို ကြည့်နေရ

မိုးတွေရွာနေပြီညီမလေးရယ်….

ဖရိုဖရဲ လိမ့်ကျလာတဲ့ မျက်ရည်စက်တွေပါ…။       ။

ကောက်နွယ်ကနောင်

သရဖူ ၊ ၂၀၀၃ ၊ ဇွန်။

အဝေးမှာမိုးတွေရွာပြီ

ငါ့ရင်ထဲမယ်

ဝမ်းနည်းလွယ်တဲ့မိုးတိမ်တွေ

အုံ့ဆိုင်းလို့..။

မျက်စိနဲ့မြင်နိုင်သရွေ့

ဖျောက်ဖျက်ပစ်ဖို့ရာလွယ်လှပေမယ့်

စိတ်နဲ့ချောင်းကြည့်နိုင်သရွေ့တော့

အတိတ်ကိုတွေ့နိုင်ပေလိမ့်မယ်။

ငါ့ကိုယ်ငါမယုံကြည်ရတဲ့နောက်မှတော့

သူတို့ကိုရောဘယ်လိုယုံကြည်ရပ

သူတို့ဆိုတာ

အချစ်ရယ်

မိတ်ဆွေများရယ်

လောကဓံတရားရယ်လေ..။

အချစ်ဆိုတာ

တစ်ခါတစ်ခါတပ်မက်ဖွယ်ညွတ်ကွင်း

တစ်ခါတစ်ခါကျတော့

နှောက်ယှက်တဲ့ခြေကျဉ်းလို့

ခေါင်းမာစွာငြင်းဆန်နေမိပေါ့..။

အိပ်မောကျလုနီးမှ

ဒါဏ်ရာတွေကိုနှိုးနှိုးပြီးမေးတယ်

ဘာအတွက်ပေးဆပ်ခဲ့ရတယ်ဆိုတာ…။

ရှာပြီးရင်းရှာခဲ့တယ်

ငါ့ကိုယ်ငါနှစ်မြုတ်နိုင်မယ့်ကျင်းသစ်တစ်ခုဆီ

တူးဖော်ပြီးရင်းတူးဖော်ခဲ့

မြို့ဟောင်းတစ်မြို့ကိုမဟုတ်

ရုပ်ကြွင်းတစ်ခုကိုမဟုတ်

မြေကြီးအနွမ်းတွေကိုငါမစားလို

လက်ယက်တွင်းရေချိုကိုသာ

ငါသောက်လိုရဲ့။

အဝေးမှာမိုးတွေရွာပြီ

ငါ့ရင်ထဲမယ်

ဝမ်းနည်းလွယ်တဲ့မိုးတိမ်တွေ

အုံ့ဆိုင်းလို့..။

ခေါင်းငိုက်စိုက်ချရင်း

အပြင်းအထန်တူးဆွနေခဲ့ပေါ့..

ဒီမယ်တော့

လက်ယက်တွင်းတစ်တွင်းစာ

မျက်ရည်တွေမိုးလိုရွာပြီ…။ ။

မြတ်

(ခေတ်ပေါ်ကဗျာဆရာ -၁၀ ဆိုတဲ့စာအုပ်က ကူးယူဖေါ်ပြတာပါ…၁၉၉၉လောက်က ထွက်ခဲ့တဲ့ ကဗျာစာအုပ်ကပါ)

ပွဲစဉ်တစ်လျှောက် ဘ၀တစ်ခုလုံး

အ၀ါကတ်ပြ သတိပေးခံထားရတဲ့

မင်းအကြောင်းအနာဂတ် အိမ်မက်လေးတွေနဲ့

ငါ့မှာ

နောက်ဆုံးခံစစ်မျှော်လင့်ချက်တွေကလည်း

မင်းရဲ့မာယာ ပရိယာယ် ကြွယ်ဝမှုတွေထဲမှာ

မင်းရဲ့ လှပသေသပ်တဲ့ကစားဟန်တွေထဲမှာ

အယိမ်းယိမ်.အယိုင်ယိုင်ပြိုလဲလို့ ကျရှုံးလို့

မင်းဟာ

နာကျင်ဖွယ်ရာ အကြည့်စူးစူးတွေကို

အကောင်းဆုံး ဖန်တီး ဖြတ်တင် ပေးပို့နိုင်သူ

ကြေကွဲစရာ အကောင်းဆုံး ဂိုးများကို

ကျွမ်းကျင်စွာ အဆုံးသတ်နိုင်သူ တိုက်စစ်မှုးတစ်ယောက်

မင်းရဲ့နှလုံးသား အိမ်ကွင်းမှာ

မင်းရဲ့အထူးခြေစွမ်းပြတိုက်စစ်နဲ့အတူ

ငါ့မေတ္တာတရားဟာ ပေးဂိုးများခဲ့ရပါပြီ

ငါဟာ မင်းချစ်ခြင်း မှာ ဂိုးပြတ်ရှုံးခဲ့ရသူ

အသင်းငယ်လေး တစ်သင်းပါ

နာကျင်မှုအတွက်

အချိန်ပိုဆိုတာမလိုအပ်တော့ပါဘူး ညီမလေးရယ်

ပြတ်သားထင်ရှားသော အနိုင်မှာ

မင်းတစ်ယောက်

ပျော် ရွှင်စွာအောင်ပွဲခံနိုင်ပါစေတော့ ။            ။

သုမင်းညို

(သုမင်းညိုရဲ့   ကဗျာတွေကို http://thuminnyo.wordpress.com မှာဖတ်ရှုနိုင်ပါတယ်ခင်ဗျား)

ပင့်သက်ရှိုက်ပုံက အစ

အလိုမကျမျက်စောင်းခဲပုံအဆုံး

သူ့အရိပ်အယောင်အားလုံးကဗျာ။


အစိမ်းရောင်ဆက်ဆံရေးတွေ

ကိုယ့်အမြင်မှာ အသက်ဝင်သောပန်းနုရောင်

အဲဒီလို

အချစ်က အာရုံတွေကို မှောက်မှားစေတယ်။


တစ်နေ့တစ်နေ့

သူ့မျက်နှာ မိုးလေဝသကို အကဲခတ်

မိန်းကလေးသဘာဝနဲ့

နှစ်ကိုယ့်တစ်စိတ်အဝေးက အရသာ

အိပ်မက်ထဲ သူ့ရယ်သံတွေ ပဲ့တင်ထပ်လို့။


တိတ်တဆိတ်

ရင်ထဲ ပင့်ကူမျှင်နေတဲ့ ချစ်မေတ္တာ

အတွေးလွန်စီးဆင်းနေတဲ့ စမ်းချောင်းလေးဟာ

သူ့အဓိပ္ပါယ်နဲ့။


သူ့ရနံ့အနား လိပ်ပြာလိုရစ်ဝဲနေမိရုံ

သူ့ဆီလျှောက်ဖြစ်တဲ့လမ်းမှာ

ဘယ်လို မျှော်လင့်ချက်မှ ခင်းမထားဘူး။


ဘယ်သူလဲ

မသိရသေးတဲ့ သူ့နာမည်

စိတ်ထဲက အသံတိတ်ရေရွတ်လို့

မိန်းကလေး

လွမ်းမိတဲ့အခါ

“ကိုယ့်အမှောင်မှာ လင်းနေတဲ့ ကြယ်တာရာတစ်လုံးအကြောင်း”

သတ်ပုံအမှားနဲ့ ရေးမိတယ်။


အောင်ရင်ငြိမ်း

သရဖူမဂ္ဂဇင်း ၊ ၂၀၀၄ ၊ သြဂုတ်။

(အဆောင်က စာကြည့်တိုက်အသေးလေးက မတော်တဆတွေ့ ရတဲ့ ကိုအောင်ရင်ငြိမ်းရဲ့ ကဗျာပါ။ တစ်ခါမှလည်း မဖတ်ဘူးလို့ ၊ ပြီးတော့ သဘောလည်းကျလို့ တင်လိုက်ပါတယ်။)

ပြက္ခဒိန်

February 2017
S M T W T F S
« Feb    
 1234
567891011
12131415161718
19202122232425
262728  

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 7 other followers

ကဗျာ.. ခင်ဇော်မြင့် ချယ်ရီ ခွဲခွါ ဂျွန် စကားပြေ စွဲစွဲလမ်းလမ်း ဆုံးရှုံးခဲ့ဘူးတယ်... ဆွတ်ပျံ့ဖွယ်အောင် ဇွန် ညီမလေး ညနေ တိတ်တခိုး တိုးနှောင်မိုး တမြေ့မြေ့ ထားခဲ့တဲ့အတိုင်း ဒီဇင်ဘာ ပန်းချီ ပိုင်မင်းဦး ပျားရည် ပျားရည်အိမ် ပွင့်ဦး ပွဲတော်ည ဘုန်းနေသွန်း ဘုန်းနေသွန်းရဲ့ ကဗျာ ဘုန်းနေသွန်းရဲ့ ကဗျာ မင်းစိုးရာ မိဆိုး မိုးတွေ ညို့နေပြီ မီမီ မျက်ရည်အိမ်ယာ ရင်ကွဲနာ လင်းဆက်နောင် လွမ်းသူ လွမ်းစေတီ လွမ်းတေး ဝဿန္တ သတိတရ သတိရခြင်းအလျား သီချင်း သီတင်းကျွတ် သုမင်းညို သူရနီ အချစ်အကြောင်း အစိမ်းသေ အမှတ်တမဲ့...နှင်း အမှတ်တမဲ့ နှင်း အလွမ်းသီချင်း အုံ့ပုန်း ဆောင်း နေ့များ မေစု မောင်ဘုန်းရဲ့ ကဗျာ အေဒင် အောင်ပိုင်စိုး အောင်ရင်ငြိမ်း ဖြူပြာပြာ ဖြူဖြူဇော် မြစ်ဆိပ် မြတ် ကြယ်လွဲမိုး နွယ်စိမ်းဝေ နှင်း