You are currently browsing the category archive for the ‘ဘုန်းနေသွန်း’ category.

မနက်က မိုးရွာသေးတယ် နံရံတွေလည်းကွဲအက် အက်ကွဲကြောင်းတလျှောက် ပုရွက်ဆိတ်တွေ တရွရွတွားသွားနေတာ ကျွန်တော်ရန်ကုန်ကို ပြန်လာခဲ့မယ် ငါမင်းဆီဖုန်းဆက်သေးတယ် ဘ၀က ဘယ်မှာလည်း လျှောက်နေကျလမ်းတွေ ပဋိစ္စသမုပ္ပဒ် ငါဘုရားသွားမလို့ မင်းစိုးရာကို ပြောပေးပါ သူက ခုအဆောင်မှာ ငါfacebookခဏခဏသုံးဖြစ်မယ် မြို့မဈေးထဲက မင်းပုံစံကိုငါမြင်ယောင်နေတာ ဖိနပ်လည်းမပါ မင်းဗိုက်ကြီးတလှုပ်လှုပ်နဲ့ အက်ကွဲကြောင်းတလျှောက် ငါတွားသွားနေတာ အဲဒီနွံက သိဒ္ဓတ္ထလည်းနစ်ခဲ့တာ ကျန်ခဲ့တယ် ကျန်ရစ်တယ် စိတ်ထဲရှိတဲ့အတိုင်း စာသားတွေ နိမိတ်ပုံတွေ…ပြတ်ထွက်နေတာ ညဟာ အမှောင်နဲ့လင်းနေတာ ငါကဗျာမရေးချင်တော့ဘူး မြန်းဂလိရှ်ကို ငါအရမ်းကျွမ်းတာ သဒ္ဒါမှားမှားနေတာ အောင်ပိုင်စိုးရော… အားလုံးမြစ်ဆီသို့ တစ်ရက်ပဲမင်းငိုပါ ငါလွမ်းနေပါတော့မယ် အရာရာသည် ကျန်ရစ်…တိတ်ဆိတ် ပေဖူးလွှာကဗျာရှည် ကဗျာတွေခဏခဏသေဆုံး မျှော်လင့်သလိုဖြစ်မလာ မမျှော်လင့်သလိုဖြစ်လာ ၀ါကျအတိုအပြတ်များ ပြတ်ရွေ့များ ဖြစ်တည်မှုကိုမယုံကြည် ကံကံ၏အကျိုးကိုလက်သင့်ခံ ဒါနဲ့ ငါလျှောက်နေတာဘယ်ကိုရောက်မှာလည်း ငါ့အမှောင်ကို ဘယ်သူမြင်နိုင်မလဲ ကျွန်တော်ခင်ဗျားကိုစောင့်နေခဲ့တာပါ ဟယ်လို မစ္စတာဂိုဒေါ့…ကုတ်အင်္ကျီတစ်ထည်တော့လိုအပ်တယ် အဆိပ်သင့်ထားတဲ့ နှုတ်ခမ်းတွေလို အပြာရောင်သမ်းနေ တောင်စဉ်တောင်တန်းတွေ အရိုးက အတက်ထွက်နေပြီ ခင်ဗျားဘ၀ထဲက ငေါထွက်နေပြီ ရောဂါစု ပုံမှန်မဟုတ်တဲ့ ဟော်မုန်းထုတ်လုပ် အသည်းမှာပျံ့နှံ့နေတာ သွေးကြောတလျှောက်ပူကနဲဖြစ်သွားမယ် ရပါတယ် ဘာမှမဖြစ်ပါဘူး အိပ်မက်တွေနောက်ပြေးလိုက် ကိုအောင်ရင်ငြိမ်းပြောလို့သိရတာ ဒါနဲ့ငါ့ကဗျာတွေကို မင်းနားလည်လို့လား ငါလုံးဝမကျေနပ်ဘူး အနုပညာကို ငါလုံးဝမယုံကြည်ဘူး ခြောက်သယောင်း…လဲမှို့ဟာလေမှာ ရေမရှိတော့ဘူး ငါအိပ်တော့မယ် ရုတ်တရက်လိုင်းမမိတော့တာ သူကတောင်ပေါ်မှာ ဟိုးအဝေးတစ်နေရာမှာ သူ့ကဗျာထဲက အက်ဆစ်ကန်ကို မီးတောက်မီးလျှံလို့ ငါမှားမှားရွတ်နေတာ ငါအရမ်းတက်ကြွနေတာ ငါ့မှာ မီးကုန်ယမ်းကုန်စိတ်အားငယ်နေတာ သူ့ရဲ့သချိင်္ုင်းက အဲဒီမှာလား သေမင်းဟာ ခင်ဗျားနာမည်ကိုအမှတ်မထင်တွေ့ရှိသွားခဲ့တာ အဆင်ပြေပါစေ ကောင်းသောညပါ ငါ့မှာရန်ကုန်ကလှမ်းလှမ်းမှာရတာ အဓိပ္ပါယ်မဲ့… အဓိပ္ပါယ်မရှိဖြစ်နေတာ နိမိတ်ပုံတွေရဲ့နောက်ကျောမှာ ကျုပ်ရဲ့ဓားကိုဝှက်ထားတာ ကျားနာဟာ တောသုံးတောင်အော်ဟစ်မြည်တမ်းနေတာ နေ့တွေ ရွက်ဆုတ်ပြက္ခဒိန်လို တစ်နေ့တစ်ခြားဆုတ်ယုတ်လို့ ကြမ်းချင်ယောင်ဆောင်နေတာ ကျွန်တော့်ကဗျာထဲမှာ ခင်ဗျားနောက်ကျောကို ဓားနဲ့ဆင့်ထိုးနေတာ ဘုန်းနေသွန်းကဗျာတွေက ပျော့တယ်ဆိုရင်လည်းရှိစေ ကဗျာအနုပညာဟာ နိုင်ငံရေးလို့ ကျုပ်လုံးဝအယုံအကြည်မရှိတာ အနုပညာမြောက်မှုစံတစ်ခုတည်းနဲ့ တိုင်းတာ…ဖွဲ့စည်းတည်ဆောက်ထားတာ အသင်လောက…ငါ့၌ ထီးစသည်မရှိ အိမ်ယာထူထောင်မှု၌ ချစ်ခြင်းမေတ္တာသည်…သူမမျက်ရည်ကို ကျွန်တော်မလွန်ဆန်နိုင်ဘူး အိပ်စက်မပျော်နိုင် ရှည်လျားသောညများစွာ၏ အကြေးခွံကိုဖောက်၍…ငါပျော်ရွှင်ချင်ပါတယ် ကျွန်တော်ကျွန်မ၀မ်းနည်းနေပါတယ် နိမိတ်ပုံကိုလျော့ချထားတာ အာရုံသိကို မလွန်ဆန်နိုင်တာ မသေချာမှုထဲမှာ မသေချာမှုတွေ…ပျော်ရွှင်နေပါတယ် အဆင်ပြေပါတယ် မီးလောင်နေသောတိမ်မျှင်ကလေးသည်…..။ ။

ဘုန်းနေသွန်း
၁၈-၂-၂၀၁၀၊ ညဦးပိုင်း

Advertisements

ငယ်ငယ်တုန်းက ဓာတ်ပုံထဲမှာ ငါဟာတုန်လှုပ်လို့
ငါဟာ ဆောက်တည်ရာမရဖြစ်နေတာ
အမေ့ကို အတင်းတွယ်တက်ဖို့ ကြိုးစားနေတာ
‘နိုဝင်ဘာမိုး’ သီချင်းသံဟာ စိတ်ရဲ့ အပေါက်အပြဲတွေကတဆင့် အခန်းထဲကို ယိုကျနေတယ်
ငါဟာ လူပြက်တစ်ယောက်ပါကွာ
ငါ့ကိုအားလုံးက ရယ်မောကြတာ
ငါ့ကို အားလုံးက မလေးစားကြတာ
ငါမွေးတဲ့ မျောက်ကို ငါ့မှာပြန်ပြန်ခြောက်နေရတယ်
အက်ကြောင်းထပ်နေတဲ့ စကားလုံးတွေနဲ့ ခေါက်ရိုးကျိုးနေတဲ့ ကဗျာတွေ ငါ့မှာရေးရေးနေရတယ်
ငါလည်း အသစ်အသစ်ဆီသွားချင်ပါတယ်ကွာ
ငါလည်း မြောင်းထဲအတူတူခုန်ချချင်ပါတယ်ကွာ
ခက်တာက မင်းတို့မြို့ က စာပို့သမားမှမရောက်တာ
ခက်တာက ငါ့အကြွေးကိုဆပ်ဖို့ မင်းတို့မေ့မေ့နေကြတာ
ငါရောက်ဘူးတဲ့ မဂ္ဂဇင်းတိုက်က ဆယ်တိုက်တောင်မပြည့်ပါဘူးကွာ
ငါ့ခေတ်ကြီးထဲမှာ ငါ့ဘာသာငါ အလေ့ကျပေါက်ရောက်နေရတာ
အပေါက်ကျလေ့ရောက်နေရတာ
အရောက်ကျလေ့ပေါက်နေရတာ
မီမီကတော့ ငါ့ဘက်မှာရှိပါတယ်
ပြီးတော့ ငါကိုယ်တိုင်လည်း ငါ့ဘက်မှာရှိပါတယ်
Body Language ထက်စာရင် လောလောဆည် Body Show ကိုငါပိုစိတ်ဝင်စားနေတာ
ကိုဆူးရင့်ကဗျာစာသားကို ငါ့ကဗျာခေါင်းစဉ်လုပ်ထားတာ
ငါ့စိတ္တဇငါ winRARနဲ့ချုံ့ ပြီး ငါ့ဘလော့ခ်မှာ တင်ထားရဦးမယ်
ခက်တာက မျောက်ကဆင်းသက်လာတဲ့ငါက သစ်ပင်မြင့်မြင့်မြင်ရင် ပြေးပြေးတက်ချင်နေတာ
ကောင်မလှလှလေးတွေမြင်ရင် ငါနဲ့ဘာမှမဆိုင်လို့ သံဝေဂရရနေတာ
ငါ့ကဗျာတွေနာမည်ကြီးအောင်လို့ ငါ့ကိုယ်ငါအဆုံးစီရင်ရဦးမယ်
ဒါမှမဟုတ် ပရီးမီးယားလိဂ်ကလပ်တစ်ခုလောက် ဝယ်ထားရဦးမယ်
ငါဘတ်စ်ကားတိုးစီးနေတာ
ငါချွေးဒီးဒီးကျနေတာ
ဘာကိုမှန်းမသိ ငါ့ကိုယ်ငါသိမ်ငယ်နေတာ
tm;vHk;[mtdyfrufyrm
ခုလည်း ဘာဆက်ရေးရမှန်းမသိလို့ ငါ့ကဗျာဟာ ဒီနေရာမှာရပ်တန့်နေတာ ။ ။
ဘုန်းနေသွန်း
၁၃-၉-၂၀၁၀

အဲဒီိတုန်းက
ရွာမည် ဟန်ပြင်သောမိုးကို
ကျောပိုးအိတ်ထဲ ကောက်ထည့်လို့
စိတ်ကစားတတ်သော သစ်ရွက်
မီးလျှံလို
ရင်ကို လာလာဟပ်သော ကျောင်းခေါင်းလောင်းသံ
ငါတို့ငယ်ဘဝလေးမှာ နှင်းတွေဝေနေတုန်းလား
လျှောက်နေကျလမ်းကလေးမှာ
သစ်ရွက်တွေ
အရင်လို ကြွေနေတုန်းပဲလား
သြော်…
ငါတို့က သဘောင်္သား ဆင်းဘတ်တွေပါ
ဝေးကွာခြင်းက ငါတို့နောက်ကျောမှာ
သမုဒယတနင့်တပိုးနဲ့
မုတ်ဆိပ်ဖြူအဖိုးအိုကြီးပါ
ငါတို့ ကမ်းခြေက
သစ္စာတရားသဲအိမ်လေးလည်း
မျက်ရည်စတို့ စွတ်စိုနေဦးမှာ။ ။

ဘုန်းနေသွန်း

ဝိုးတဝါးအတွေးတွေ မီးလောင်လို့
အရိပ်တွေ
အယောင်အဖြစ် ငြိမ်သက်ပြာကျလို့
စိတ်မှာစွဲနေတဲ့
စိတ္တဇဟာ
တဆတ်ဆတ်တုန်ယင်နေတော့တယ်။ ။

ဘုန်းနေသွန်း
၂၀၀၈၊ ဆောင်းရာသီ။

မီးခလုတ်ကို ဖွင့်လိုက်တော့
အလွမ်းက ပွင့်လာတယ်
အရိုးထိအောင် ဝေးကွာခြင်းမှာ
နှစ်ယောက်အသံတွေ ပြာနှမ်းခဲ့ပြီလား။
သတိရတိုင်း အခါခါ ဆေးထိုးမှားတယ်
သစ်ကိုင်းထက်မှာ
သီချင်းက ငှက်ကလေးကို ပြန်ဆိုလို့။
အတွေးထဲ
မင်းအကြောင်းလေး လေလိုလွင့်နေ
မင်းစိတ်ကူးလေး ငါပြန်ကြားနေ။
မျက်ရည်ကို ဖွဲ့ ဆိုလို့ရမလား
အလွမ်းမှာ စွန်းထင်းနေတိမ်စိုင်များ
သံသရာမှာ
သစ်ရွက်တွေအဆက်ဆက်ကြွေတယ်
သူ့
မျက်ဝန်းတွေကို မေ့လို့မရဘူး။ ။

ဘုန်းနေသွန်း
၂၀၀၄

ကောင်းကင်ကို မော့ကြည့်တော့
ကြယ်တွေက တစ်ညလုံးမတိတ်တဲ့ အသံ
ခြေခင်းလက်ခင်းမသာယာ
ကြယ်တွေမှာနောက်ထပ်ဘဝရှိနိုင်သလား
တွေးတယ်….
ရေတံခွန်ကို ဘယ်လိုမီးညှိရမလဲ
ပြတင်းပေါက်က ဖျတ်ကနဲအရိပ်ကလေးရယ်
စီးကရက်တွေသာ တစ်လိပ်ပြီးတစ်လိပ်
မီးခိုးငွေ့တွေသာ စိတ်နာလက်နာ
ညစဉ်ညတိုင်း ၊ တစ်ကိုယ်တည်း
အိပ်မက်တွေက အိပ်မက်ထဲထိ မက်နေဆဲ
စိတ်ဖြေစရာ၊ ဂီတမရှိ
ရယ်သံမောသံ၊ အနုပညာ၊ မိုးတိမ်များလည်းမရှိ
ကိုယ့်ရင်ဘတ်ကိုယ် ရိတ်သိမ်းမယ့်မိုးနှယ်
ငါ့စိတ်ကိုခိုးယူသွားရာ
မြို့ ပြများလည်း အဆန်းတကြယ်
ငါယဉ်ကျေးခဲ့ရာ လရောင်ပြာလည်း
ငါ့ဆီ ဖြတ်ပိုင်းပြန်မလာတော့
တကယ်ဆို….
ငါတို့နှစ်ယောက်ဟာ နှလုံးသားချင်းဆက်အမြွှာ
သံသရာမှာ သေရာပါခဲ့ပုံ။ ။

ဘုန်းနေသွန်း
၂၀၀၄

ဟေ့…
အနောက်ကောင်းကင်က နှင်းဆီနီတစ်စင်း
ဘယ်သူ မြားနဲ့ခွင်းလိုက်သလဲ
အသွားထက်ထက် အမှောင်တွေနဲ့
ဆည်းဆာဖြူလျော့
အလင်းသွေးဖျော့ခဲ့ပြီ။

သိုက်တန်းပြန်ငှက်တစ်သင်း
တောင်ပံသံပြင်းပြင်းတွေ ကြားရပြီ
ခဏကြာရင်
ညရိုင်းလွင်ပြင်မှာ
ကြယ်လင်းပြောက်တွေ သီးထ
လ,လင်းည ဖွဲ့တည်လာတော့မယ်
အိမ်ပြန်ချင်တယ်ကွယ်….။

မွေးရပ်မြေဟာ
အဝေးက လူအတွက် နွေးထွေးမှုပိုတယ်တဲ့
နွယ်ရိပ်သစ်ရိပ်နဲ့
မွေးညင်းနုစိမ်း မြို့ ကလေး
ကာလတံတိုင်း ဖြတ်ခြားလည်း
လွမ်းခိုးဝေ့အုံ့ဆဲ….။

ငါ့ရဲ့  မြို့ ငယ်လေးရယ်…
လွတ်လပ်လင်းမြ လူငယ်ညတွေနဲ့
လူငယ်ဘဝတစ်ခုရယ်
မာဃလမ်းရဲ့ လက်ဖျံပေါ်က
ခေါင်းလောင်းသံ ချိုရှ
အဖြူအစိမ်း ယိမ်းကတဲ့ စာသင်ကျောင်းငယ်လေးရယ်
ပြီးတော့
တန်းခွဲ (စီ)က
ရင်ခွင်ဦး….သူ….
စံပယ်ဆွတ်ဖြူတစ်ပွင့်ရယ်…
ငါသတိရတယ်ကွယ်။

ဒါပေမယ့်
သတိရခြင်းတွေနဲ့
ပစ္စုပ္ပန်မျဉ်းရဲ့  ဟိုမှာဘက်မှာ
ရင်ခုန်မွန်းနစ်
အိပ်မက်သစ်မမက်ဖြစ်သူ
သင်းကွဲတေးတစ်ပုဒ်သာ
နရီပျက် …
ကွဲအက်ပဲ့တင်။

အရိုင်းဆန်
ကန်းထရီးဟန်နဲ့
ကျေးလက်ရောင်ကောင်းကင်အောက်က
ရင်ခုန်အလင်းပြပြမြို့ ကလေး
ငါ… အသေချာဆုံး ဝေဖန်ရိုးသားချင်ရဲ့ 
ခွဲခွာခြင်းသင့်
လွင့်ဝေးခဲ့ရပေမယ့်
စုတ်ချက်ရင့်ကြမ်း
အင်ပရက်ရှင်းနစ်လွှမ်းတဲ့
သင့်ရင်အုံဆီမှာ
ရင်လွမ်းပရိုင်းမိတ် တချို့ နဲ့
ဝေးချင်းရှည်တစ်ပုဒ်
ကြေကွဲနစ်မြုတ်ခဲ့ပြီ။ ။

ဘုန်းနေသွန်း
၂၀၀၂

အိပ်ယာက နိုးနိုးချင်း သတိရနေမိတယ်၊ သူ့ အက်ဆစ်ကန်ထဲ ယဇ်ကောင်လို ဘဝတစ်ခုလုံးလောင်ကျွမ်းပျက်စီးဖို့၊
သူ့ နှုတ်ခမ်းဖျား ဓားသံလျက်ပေါ်က စတော်ဘယ်ရီရနံ့လေးကို စုပ်ယူဖို့၊ သူ့ ချစ်ခြင်းမေတ္တာကို တားမြစ်ဆေးဝါးလို သွေးကြောထဲ ထိုးသွင်းဖို့၊ သစ္စာတရားကို ဖဲကြိုးအနီနဲ့ စည်းနှောင်ပြီး ဖေဖော်ဝါရီ ၁၄အရောက်ပို့ဆောင်ဖို့၊
တကယ်ဆို ဘဝက သိပ်ကိုတိုတောင်းလွန်းတယ်၊ အချိန်တွေက တိုတောင်းလွန်းတယ်၊ မသေချာတာတစ်ခုလောက်
ဘဝဟာ မသေချာ၊ မရေရာ၊ နောက်ကို ပြန်လှည့်ကြည့်လိုက်ရင် ရှုမျှော်ခင်းတွေလို ရိပ်ကနဲ ကျန်ရစ်ခဲ့မှာပဲ၊
တစ်ခါတစ်လေ သူ့သွေးခုန်နှုန်းတိုးတိုးလေးကလွဲရင် အရာရာဟာ မှောင်မိုက်တိတ်ဆိတ်လို့ပဲ၊ လူနှစ်ယောက်၊ နှလုံးသားချင်းဆက်အမြွှာ၊ အသက်တစ်ခုထဲ ဆက်နေတာ၊ သဘာဝ တောတောင်ရေမြေ နယ်နိမိတ်ချင်းထိစပ်နေတာ၊ တိတ်ဆိတ်လွန်းတော့ သိစိတ် အာရုံခံစားမှုကမ်းပါးတွေ အားလုံး တစ်ဝုန်းဝုန်း ပြိုကျနေတာ၊ သူ့သွေးကြောတွေထဲ ဆောက်တည်ရာမရ ပြေးလွှားနေမိတယ်၊ မကြားနိုင်ပေမယ့် သူ့နာမည်ကို အသံကုန်အော်ဟစ်နေမိတယ်၊
တကယ်ဆို ဘာကိုမှ အသေအချာမျှော်လင့်မထားဘူး၊ မျှော်လင့်ချက်ဟာ မျှော်လင့်ချက်ရှိမရှိ မသေချာသေးဘူး၊
ထိစမ်းမိသမျှ ဖြန်းကနဲ ပြိုကျသွားမယ့် ဖန်သားနံရံတွေ၊ မြက်ပင်လေးတစ်ပင် လှုပ်ခတ်ရုံနဲ့ ဝုန်းကနဲ အလန့်တကြားထပျံသွားမယ့် ငှက်တွေ၊ ငါရှာဖွေနေ၊ သွေးရူးသွေးတန်း တည်ဆောက်နေမိတယ်၊
သူ့အိပ်မက်တွေထဲ၊ အဓိပ္ပါယ်တစ်စုံတစ်ရာ၊ နက်ရှိုင်းသော၊ မှော်ရုံ၊ ဂီတ၊ ငါ့အတွက် သူ့ဘက်က နာမဝိသေသနတွေ၊ မီးလောင်နေတဲ့ စာသားတွေ၊ ဆွံအ၊ တိတ်ဆိတ်နေတယ်၊ ပြေးလွှား၊ ဆူညံအော်ဟစ်နေတယ်၊
သူ့ရယ်သံလေးကို သူမသိအောင် ခိုးယူနေမိတယ်၊ သူ့မျက်ဝန်းတွေထဲ တိတ်တိတ်ကလေး ခုန်ဝင်နေမိတယ်၊ သူ့အပျော်အမောထဲ စမ်းချောင်းလေးလို စီးဝင်နေမိတယ်၊
သူ့ရှေ့ မှာ ဘဝတစ်ခုလုံး ထစ်အနေတဲ့ တိပ်သားတစ်စပမာ၊ နှလုံးသားတစ်ခုလုံး အစွယ်ကျိုး ခြေဝတ်ပုဆိုးပမာ၊ ငါ့သစ္စာတရားကို ပဝါစိမ်းလို ရင်ညွှန့်မှာစည်းထားပါ၊
သနပ်ခါးထူထူလိမ်းပြီး ငါ့စိတ္တဇကို ခေါင်ရမ်းပန်းလို ပန်ဆင်ပါ၊ ငါ့နှလုံးသားမြို့ရွာတစ်ခုလုံး အနာအဖျားကင်းအောင် စောင့်ရှောက်ပါ၊ အဲဒီလို ငါ့ကိုယ်ငါအော်ခေါ်ပေမယ့် ငါ့အသံငါမကြားရဘူး၊ ငါ့စိတ္တဇကို ငါမမြင်နိုင်ဘူး၊
သူ့ရဲ့  ဖြူစင်သော၊ မာယာ၊ သူ့အ၀ိဇ္ဇာနဲ့ နေ့တွေ၊ ဝေဝါး၊ ချိုမြိန်နေ၊ နာကျင်နေတာ။ ။

ဘုန်းနေသွန်း

၂၂-၂-၂၀၁၀

နှင်းတွေ
ရင်ခွင်တစ်ခုလုံး ရွှဲရွှဲစိုလို့
ဖမ်းဆုပ်ဖို့ရာ
အိပ်မက်တွေဟာ အိပ်မက်တွေပဲ ဖြစ်နေရတယ်
သတိတရစိတ်မှာ
သူ့…
သမင်မျက်ဝန်းအညို
ဆံနွယ်မျှင်စ ကပို့ကရို
မြောက်ပြန်လေဟာ အလွမ်းနဲ့ စွတ်စိုလို့…..
တကယ်ဆို
ကိုယ့်လက်တွေနဲ့ ဖမ်းဆုပ်ခွင့်မရတဲ့
ကောင်းကင်နန်းက နှင်းပန်းပွင့်လေးပါ
အနီးဆုံးသွေးမှာ အဝေးဆုံးဝေးခဲ့ရတဲ့ အလွမ်ကဗျာပါ
ညီမလေးမသိအောင်
နှင်းတွေ….
ရင်ခွင်တစ်ခုလုံး ရွှဲ့စိုနေတော့မှာ….။ ။

ဘုန်းနေသွန်း
၂၀၀၈။

အရိပ်တွေ

မျက်နှာကြက်ဟာ သွေးစိမ်းရှင်ရှင် ပန်းထွက်လို့

မျက်လုံးတွေနဲ့ ငေးနေမိတယ်

စကားလုံးတွေနဲ့ ထိစမ်းကြည့်လို့ မရဘူး

တစ်စွန်းတစ်စ

ငါ့ဆီထိုးကျလာတဲ့လရောင်က နေလိုမီးလို

တံခါးတစ်ချပ်စာ ကောင်းကင်က အကြည့်မှားသလို

နင့်ရဲ့နှုတ်ခမ်းပါးတွေ ညမွှေးပန်းရနံ့တွေဟာ

ငါ့ရဲ့ ညကိုကွယ်ထားခဲ့တယ်

ငါ့မှာ သံသရာအဆက်ဆက်

ဆုတောင်းများခဲ့တယ် ဆုတောင်းမှားခဲ့တယ်

ရောက်လာတဲ့ နှစ်တစ်နှစ်ဟာ အသစ်ပဲ

ဖြစ်ခဲ့သမျှ ပြုခဲ့သမျှဟာ အဟောင်းပဲ

မနေ့က

နင့်ဆံပင်တွေ

နင်စီးနေကျ ဖိနပ်အဟောင်းလေး

လေမှာ

ပြိုကျနေတဲ့ နင့်ကိုယ်သင်းနံ့တွေ

စာတွေကျက်နေလို့ မျက်နှာလေး ချောင်ကျသွားတယ်

အခေါ်အပြောလည်း နည်းလာတယ်

အဲဒီ

ဒဏ်ရာက တစ်ရင်ပြီးတစ်ရင် ကူးစက်လို့၊ ပူလောင်ပြင်းပြလို့

ကူးစက်ရောဂါ ၊ ဆေးမရှိတဲ့အနာ

ငါ့မှာ

နင့်စိတ်နဲ့ နေအ၀င်

နင့်စိတ်နဲ့ သွေးစိမ်းရှင်ရှင်

နင့်စိတ်နဲ့ ကြယ်ကွယ်ညတွေ….

ဟန်ဆောင်နေသူဟာ နှိုးရခက်သလား

မသိစိတ်က နင့်အငွေ့အသက်နဲ့

ဒဏ်ရာ

သိစိတ်က ဝေးနေရတဲ့ ရက်ပေါင်းကုဋေကုဋာ

စောင့်နေရတာ ၊ မျှော်နေတာ

နင်မသိဘူး ၊ နင်မသိချင်ဘူး

ဘယ်ကန္တာရမှ ဒီလောက်ခြောက်သွေ့မှာ မဟုတ်ဘူး

ငါမှတ်မိသရွေ့

ငါ့အသက်နဲ့ နင့်နေ့တွေ

ငါ့တံခါးကို လာခေါက်နေတဲ့

နင့်ကိုယ်ငွေ့တွေ

ပြက္ခဒိန်တွေသာ ဟောင်းသွားတယ်

”တိတ်တခိုး “ ဟာ ဟောင်းမသွားဘူး

“အသည်းကွဲဂစ်တာ“ ဟာဟောင်းမသွားဘူး

“အောက်တိုဘာ ၂၄“ ဟာဟောင်းမသွားဘူး

‘’ရင်ကွဲနာ ‘’ ဟာဟောင်းမသွားဘူး

အားလုံး

မင်းစိတ်နဲ့မှ ကြွေမယ့် ပန်းတွေ ၊ ပန်းရနံ့တွေ

ခုဆို

တရားလည်း ရနေပြီ ၊ တရားလည်းကျနေပြီ

ငါမြင်နေသရွေ့ အလွမ်းတွေ၊ အနာတွေ၊ သွေးစိမ်းရှင်ရှင်တွေ

ခုဆို

သစ္စာတရားဟာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်လို့

အမှန်တရားဟာ ခေါက်ရိုးကျိုးလို့

နင့်ခြေရင်းမှာ လူးလို့ လှိမ့်လို့

ခု ၊ ငါ့ရင်နဲ့ ရေးတဲ့ကဗျာ

ငါ့အသက်နဲ့တကွ မင်းဆီပို့ပေးလိုက်ပါတယ်

ရွှန်းပငွေလ မင်းမျက်နှာ

အရာရာ

မင်းဝမ်းမြောက်ပါစေတော့။    ။

ဘုန်းနေသွန်း

၇-၂-၂၀၀၆

သရဖူ ၊ ၂၀၀၆

ပြက္ခဒိန်

September 2017
S M T W T F S
« Feb    
 12
3456789
10111213141516
17181920212223
24252627282930

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 7 other followers

ကဗျာ.. ခင်ဇော်မြင့် ချယ်ရီ ခွဲခွါ ဂျွန် စကားပြေ စွဲစွဲလမ်းလမ်း ဆုံးရှုံးခဲ့ဘူးတယ်... ဆွတ်ပျံ့ဖွယ်အောင် ဇွန် ညီမလေး ညနေ တိတ်တခိုး တိုးနှောင်မိုး တမြေ့မြေ့ ထားခဲ့တဲ့အတိုင်း ဒီဇင်ဘာ ပန်းချီ ပိုင်မင်းဦး ပျားရည် ပျားရည်အိမ် ပွင့်ဦး ပွဲတော်ည ဘုန်းနေသွန်း ဘုန်းနေသွန်းရဲ့ ကဗျာ ဘုန်းနေသွန်းရဲ့ ကဗျာ မင်းစိုးရာ မိဆိုး မိုးတွေ ညို့နေပြီ မီမီ မျက်ရည်အိမ်ယာ ရင်ကွဲနာ လင်းဆက်နောင် လွမ်းသူ လွမ်းစေတီ လွမ်းတေး ဝဿန္တ သတိတရ သတိရခြင်းအလျား သီချင်း သီတင်းကျွတ် သုမင်းညို သူရနီ အချစ်အကြောင်း အစိမ်းသေ အမှတ်တမဲ့...နှင်း အမှတ်တမဲ့ နှင်း အလွမ်းသီချင်း အုံ့ပုန်း ဆောင်း နေ့များ မေစု မောင်ဘုန်းရဲ့ ကဗျာ အေဒင် အောင်ပိုင်စိုး အောင်ရင်ငြိမ်း ဖြူပြာပြာ ဖြူဖြူဇော် မြစ်ဆိပ် မြတ် ကြယ်လွဲမိုး နွယ်စိမ်းဝေ နှင်း