You are currently browsing the category archive for the ‘စကားပြေတချို့’ category.

(၁)

စက္ကူစဖြူဖြူလေးတွေ ကြေမွလွင့်စင်သွားတဲ့အခါ စိတ်ထဲအထီးကျန်မှုဟာ အရောင်တွေအဖြစ် ၀င်ရောက်လာခဲ့တယ်။ စိမ်းညို့အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေနဲ့အရိပ် ဒါမှမဟုတ် စိတ်သက်သာရာရစေမယ့် အရောင်တစ်ခုခုတော့ လူတစ်ယောက်ရဲ့ဘ၀မှာ အမှန်တကယ်လိုအပ်မှာပါပဲ။ စံပယ်ပန်းလေးလို ဖြူဆွတ်မွှေးပျံ့ခြင်း၊ ချစ်သူရဲ့ ပန်းသွေးနုရောင် နှုတ်ခမ်းတွေလို ချိုရီနူးညံ့ခြင်း တစ်ခုခုပေါ့ . . .။ တိတ်ဆိတ်ခြင်းတွေဆီ စိတ်နဲ့တိုးဝင်သွားတော့ ပိန်းပိတ်အောင်ဖြူတဲ့ နှင်းရဲ့အရောင်ကိုတွေ့ရတယ်။ အမှောင်မှာ ညှိုးငယ်ဆိတ်ငြိမ်စွာထိုင်နေပါတယ် ဟိုးဝေးဝေးက အလင်းရောင်ရယ်. . .

(၂)

ငယ်ဘ၀ရဲ့မိုးတိမ်တွေ အိမ်အပြင်တွင် ညှို့နေတုန်းပင်ရှိလိမ့်မည်။ ပျိုးခင်းစိမ်းစိမ်းလယ်ကွင်းတွေ၊ တက်ရေနှင့်အတူ ၀ါဆို၊ ၀ါခေါင်မိုးကလည်း ဖွေးဖွေးလှုပ်မျှပင်။ ချမ်းလွန်းလှ အေးလွန်းလှသည်။ သို့သော်ပျော်လည်းပျော်နေပြန်သည်။ ၀မ်းနည်းသည့်အခါလည်း ရှိတတ်ပြန်သည်။ ဘယ်အချိန် ဘယ်နေရာပဲရောက်နေရောက်နေ ငယ်ဘ၀ရဲ့မိုးရာသီတွေဆီ သတိရဆွတ်ကျင်ရသည်မှာ ဘယ်တော့မှမကျက်တော့မယ့် ဒဏ်ရာကို ခင်တွယ်ယုယရသလို ရင်၌နင့်နင့်သည်းသည်း ဖြစ်ရသည်။ နာကြင်ဖွယ် မိုးရေစက်တွေလို မမေ့ပျောက်နိုင်စရာ။ ခုချိန်ထိ စွဲလမ်းစွာ၊ စွဲမြဲစွာ မက်နေရတဲ့ မယဉ်မရိုင်း အိပ်မက်တွေပါပဲ။ မိုးတွေသည်းလျှင်ဖြင့် အိမ်ကိုလွမ်းမြဲလွမ်းရသည်။

(၃)

ဒုတိယနှစ်ကျောင်းသားဘ၀က အသံတွေမှာ အရောင်ရှိသည်ဟု ယုံကြည်ကာ သူငယ်ချင်းတွေရဲ့အသံကို အရောင်ခွဲကြည့်ခဲ့ဖူးသည်။ တချို့က ၀ါဂွမ်းလေးလိုဖြူနုသောအရောင်ဖြင့် နှုးညံ့လှသည်။ တချို့ကျတော့ ရေလိုကြည်လင်သောအရောင်ဖြင့် လေညှင်းလို ညင်သာသည်။ သွေးလို နီမှောင်၍ ရဲရင့်သည်။ မိုးသားလိုပြာစင်၍ ငြိမ်းချမ်းသည်။ ရွှေလိုဝင်းဝါ၍ တည်ငြိမ်ခန့်ထည်သော အရောင်လည်းရှိသည်။ တချို့အသံက ငရုပ်သီးမှည့်လို စူးရဲ၍ ပူလောင်သည်။ တချို့အသံက လမိုက်ညလို နက်မှောင်၍ ရာသီဥတုသာယာသလို ပကတိရိုးသားသည်။ လပြည့်ညလို လင်းပ၍ ကြင်နာနွေးထွေးခြင်းလည်းရှိသည်။ တချို့ကကောက်ရိုးလို ၀ါကျင်ခြောက်သွေ့၍ လှို့ဝှက်သည်။ တချို့ကျတော့ သစ်ပင်တွေလို စိမ်း၍ အရာရာပေးဆပ် ဖြည့်ဆည်းလိုသည်။ ပန်းရောင်၊ လိမ္မော်ရောင် စသဖြင့် မျိုးစုံပင်။ ပြောင်းဖူးရောင်၊ နွားနို့လို ကွေကာအုပ်လို ဖြူဖြူဥဥ အရောင်တွေကိုပင် ထူးထူးခြားခြား ရူးသွပ်စွာ ခွဲခြားကြည့်ခဲ့ဖူးသည်။ ထိုအချိန်က ကျွန်တော်ပျော်နေခဲ့သည်။ စိတ်ပျက်အားငယ်စရာ၊ ၀မ်းနည်းနာကျင်စရာတွေ ရှိခဲ့ပေမယ့် ထိုအရောင်တွေနှင့် ကျွန်တော်ပျော်နေခဲ့ပါသည်။

ပစ္စုပ္ပန်ကို ရင်ဆိုင်ဖို့ အတိတ်ကိုကျောခိုင်ပြစ်ခဲ့သည်။ ချစ်လျက်စွန့်လွတ်ခဲ့ရသော အဖြူနှင့် နက်ပြာသည် မချစ်ဘဲ အောင့်ကာနမ်းခဲ့ရသော လျှပ်စစ်မီးရောင် ပြိုးပြက်ပြက်အောက်တွင်ေ၀၀ါး၍ကျန်နေခဲ့သည်။ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ဝေးရာ. . . ချစ်သောအရောင်တွေနဲ့ဝေးရာ. . .။ ခေတ်ရဲ့တောင်းဆိုရာ ရွှေ့ပြောင်းမျောပါလာခဲ့သော တစ်ခုတည်းသောအညှာရဲ့ အသီးတစ်ရာထဲမှာ အသီးကလေးတစ်လုံးမျှသာ။ အိမ်နဲ့ဝေးရာထွက်ခွာလာခဲ့သော ခြေလှမ်းတွေသည် အိမ်ဆီပြန်ဖို့ရာ ခက်ခဲတတ်မှန်း ခုမှသိခဲ့ရသည်။ ခေတ်သည်အရာရာပြောင်းလဲပစ်ခဲ့ပြီ။ တိုးတက်ခဲ့ပြီလား။ ကျွန်တော်တို့နှင့် အလှမ်းကွာသောတစ်ခြားနယ်ပယ်မှ အကြောင်းအရာများကို ရှည်ဝေးစွာမစဉ်းစားဘဲ ထားခဲ့နိုင်လေသည်။ သို့သော် ကျွန်တော်တို့နှင့် အနီးစပ်ဆုံးရင်ထဲကနှလုံးသားကိုတော့ သံသယရှိစွာ မေးခွန်းထုတ်ရလိမ့်ဦးမည်။ ချစ်ခြင်းနှင့်ဖွဲ့သီထားသော သံယောဇဉ်အသီးအခိုင်လေးတွေ တချို့ကြွေကျလွင့်စင်လျက်၊ တချို့ရိုးတံညှာလေးတွေ နာကျင်နွမ်းနယ်လျက်၊ တချို့ခြောက်သွေ့ အထီးကျန်လျက်။ တချို့သူငယ်ချင်းတွေက မြို့ကြီးရဲ့လမ်းမတွေဆီ တိုးဝင်ပျောက်ကွယ်သွားကြသည်။ အရောင်တွေက လင်းလွန်းလို့ ဘာမှမမြင်နိုင်အောင် ပူလောင်ပြင်းပြလွန်းသည်။ တချို့သူငယ်ချင်းတွေက အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးရဲ့ စက်လှေခါးထစ်တွေပေါ် လိုက်ပါလျက် ပျောက်ကွယ်သွားကြသည်။ မမြင်ရတော့။ ကောင်းကင်ကိုမော့ကြည့်ငေးမော လွမ်းဆွတ်ရန်သာ။ တချို့ကသစ်ရိပ်ဝါးရိပ်၊ တချို့ကမြစ်ချောင်းအင်းအိုင်၊ တချို့ကစက်ရုံတွေဆီ၊ တချို့ကဘတ်(စ)ကားတွေပေါ်၊ တချို့ကလူစီးကြောင်းကြီးထဲ အသီးသီးတိုးဝင်လျက် ပျောက်ကွယ်သွားကြသည်။ တခါတရံ ပြန်ပေါ်လာပြီးတွေ့ဆုံကြ။ ခဏမျှသာ။ သူသောက၊ ကိုယ့်ဗျာပါဒတွေနဲ့လောင်မြိုက်လျက် အပူမီးကိုကူညဉ်းရန်ပင် စကားဟဟမဆိုနိုင်။ တစ်ခန်းတည်းအတူတူရှိနေလျက် တိတ်ဆိတ်ခြင်းက သွေးပျက်လောက်အောင် ချောက်ခြားဖွယ်ကောင်းတော့သည်။ အခုတော့ သူငယ်ချင်းတွေရဲ့အသံဟာ အရောင်ပြောင်းသွားခဲ့ပြီ။ အားလုံးရဲ့အသံဟာလည်း အရောင်ပြောင်းသွားခဲ့လေပြီ။

(၄)

ဟိုးအဝေးမြို့ငယ်လေးတွင် တိတ်ဆိတ်အေးချမ်းစွာနေရစ်ခဲ့သောသူငယ်ချင်းဝီရကိုသတိရနေမိသည်။မကြာခင်ရက်ပိုင်းက မဂ္ဂဇင်းတစ်စောင်

တွင်သူ့ရဲ့အက်ဆေးတစ်ပုဒ်ကိုဖတ်လိုက်ရသည်။သူ့ရဲ့ကဗျာတွေ အက်ဆေးတွေကို ယခုလိုပင်မကြာခဏတွေ့ရတတ်မြဲ။တစ်ခါတရံ ၀တ္ထုတိုလေးတွေ

တွေ့ရတတ်သည်။သူကမြို့လေးတွင် သူ့ရဲ့ဂီတမိတ်ဆွေတွေနှင့်သီချင်းတွေရေးလိုက်၊ဆိုလိုက်။ စက်ဘီးလေးတစ်စီးနဲ့မြို့ထဲမှာတွေ့ရလိုက်။ညဦးပိုင်းလ

ဖက်ရည်ဆိုင်တွင် ဂစ်တာတစ်လက်ပိုက်လျှက် သို့မဟုတ် စာပေမိတ်ဆွေ တစ်ဦးစနှစ်ဦးစနဲ့ အတူထိုင်နေလိုက်ဖြင့်တွေ့ရသည်။စားဝတ်နေရေးအတွက်

မိသားစုအလုပ်တွင်ဝိုင်းဝန်း လုပ်ကိုင်လိုက်ဖြင့် သူ့ကိုတွေ့ရသည်မှာရိုးရှင်းသည်ဟုထင်ရသည်။ မြို့လေးသို့ပြန်ဖြစ်သည့်အခါ ခဏတဖြုတ်တော့ သူနှင့်

ဆုံဖြစ်သည်။ကျွန်တော်က အကြောင်းအရာပေါင်းများစွာ ၊ အာရုံပေါင်းများစွာဖြင့်ရွေ့လျားနေရသဖြင့် သူနှင့်တွေ့ရသည်မှာ မိနစ်ပိုင်းမျှသာ။ တွေ့ရတိုင်း

တွင်လည်း သူကအေးဆေးမျှတစွာ။ သူ့တွင်ဘာဗျာပါဒမှမတွေ့ရ။ပူပင်မှုမတွေ့ရ။အလျင်စလို ကိစ္စတွေ၊ အရေးကြီးတွေ့ဆုံစရာတွေ ၊မဖြစ်မနေ အလုပ်တွေ မရှိသလိုပင် ငြိမ်သက်လှသည်။သူ့တွင်တွေ့ရသော အရောင်မှာ သူ့ကဗျာတွေ အက်ဆေးတွေထဲကလိုပင် အဖြူထည်။သူ့အက်ဆေးထဲတွင်

ဖတ်ရသော စံပယ်ပန်းကုံးလေးတွေလိုပင် ဖြူစင်မွှေးပျံ့နေသည်။ တကယ်တော့သူလည်း လူသားတစ်ဦးနည်းတူပင် အခက်အခဲတွေ၊ ပူပင်သောကတွေ

ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေ ၊ အချစ်အမုန်းတွေ ၊အလွမ်းအဆွေးတွေ ရှိနေမည်မှာ အမှန်ပင်။သို့သော် ထိုအပူအပင် အပျော်အမောတွေအပေါ် သူ၏

တုန့်ပြန်ပုံမှာ တစ်ပါးသူရိပ်စားကူးစက်မှုမရှိအောင် သွေးအေးတည်ငြိမ်လွန်းသဖြင့် ယောက်ယက်ခတ်တတ်လွန်းသော ကိုယ့်ကိုယ်ကိုယ်ပင် သိမ်ငယ်မိ

သည်။

(၅)

၂၀၀၄ ခုနှစ်က ရွာသွန်းခဲ့သော မိုးရေစက်များကို ကျွန်တော်ချစ်သည်။ထိုစဉ်က တတိယနှစ်ကျောင်သားဘဝဖြစ်သည်။မနက်ခင်းသည် ပြာပြာစင်စင် ကြည်လင်လျှက် မိုးရနံ့နှင့် ဆွတ်ကျင်အေးမြသည်။ကျောင်းသွားရန် ပြင်ဆင်နေရင်းကပင် စိတ်ထဲပျော်ရွှင်လာမိသည်။ကျောင်းသွားရမည်။

ကျောင်းတွင် သူငယ်ချင်းတွေရှိသည်။ ပြီးတော့ ကျောင်းတွင် ချစ်ရသူရှိသည်။ထိုအချိန်က အရာရာအဆင်ပြေနေသည်တော့လည်း မဟုတ်။ အမှန်အတိုင်းဝန်ခံရလျှင် ယနေ့တိုင်မေ့ပစ်ချင်လျှက်သတိရနေရသောနေ့ရက်များစွာ ထိုအချိန်ကရှိခဲ့ဖူးသည်။သို့သော်ပျော်မိသည်။လူငယ်တစ်ယောက်

ရဲ့မေတ္တာစိတ်သည် အရာရာပကတိအတိုင်း တုန့်ပြန်ခံစားဖို့ရာ ရိုးသားစွာအဆင်သင့်ရှိနေခဲ့သည်။ကျောင်းကိုရောက်တော့ ကျောင်းလမ်းတစ်လျှောက်

လတ်ဆတ်သော လေနှင့်အတူ မြေသင်းရနံ့ကိုရသည်။ထိုစဉ်ကမြေကြီးရဲ့ရနံ့ကို ယခုတိုင်မမေ့သေး။သားငယ်ကိုထွေးပွေ့ထားသောမိခင်တစ်ယောက်ရဲ့

နွေးသောရနံ့ဖြစ်သည်။စာသင်ခန်းရှေ့က ပိတောက်ပင်မှအရွက်များကလည်း စိမ်းညို့လျှက် လေပြေအလာတွင် ရွက်ဖျားများ တဖျတ်ဖျတ်လှုပ်ကာ တွဲခို

ဥနေသော မိုးရေစက်များကို ခါချနေသည်။ ကြည့်ရသည်မှာ ရေစိုသဖြင့် ကိုယ်လုံးလေးသိမ့်သိမ့်တုန်အောင် ခါချပစ်လိုက်သော မွေးပွခွေးပေါက်စလေး

တစ်ကောင်နှင့်ပင်တူနေသည်။ ညကမိုးတွေ သည်းစွာရွာခဲ့သည်ပဲ။

သူ့အခန်းဘက်က ပြတင်းပေါက်တွေ ကျွန်တော်လိုက်ဖွင့်သည်။အရှေ့ဘက်မိုးကောင်းကင်မှ နေရောင်ခြည်သည်ချစ်ရသူရှိရာစာသင်ခန်း

လေးဆီဖြာကျလျှက် ပတ်ဝန်းကျင်တစ်ခုလုံး စိမ့်စိမ့်လေးနွေးနေသည်။ကျွန်တော်သူရှိရာသွားတော့ ညကမိုးစိုသဖြင့်ပွင့်ရသော စံပယ်ပန်းပွင့်လေးလို ချစ်ရသူကလန်းဆန်းမွှေးမြလျှက် ၊ မှုန့်ညက်ဖြူလွင်လျှက် ။ စံပယ်ပွင့်လေးသေလို့ ဝင်စားတဲ့မိန်းကလေးဟုကျွန်တော်ကချစ်စနိုးတင်စားခဲ့ဖူးသည်။သူ့ကို

ကျွန်တော်ချစ်သည်။ထိုအချစ်ကြောင့်ပင် ကျွန်တော်ပျော်ခဲ့သည်။သူ့ကြောင့်ငိုခဲ့ ၊သူ့ကြောင့်ရယ်ခဲ့၊သူ့ကြောင့်ပျော်ရွှင်ခဲ့၊သူ့ကြောင့်ဝမ်းနည်းခဲ့သည်။သူ့ကို

ချစ်တဲ့စိတ်သည် ရိုးသားခဲ့ပါသည်။ကျွန်တော့်အပေါ် သက်ရောက်သည့်အတိုင်းကျွန်တော်ကတုန့်ပြန်ခဲ့သည်။သူကအဖြူဆို ကျွန်တော်လည်း အဖြူ၊သူက

အပြာဆို ကျွန်တော်ကအပြာပေါ့။သူ့မိသားစု၊သူ့ဘဝတစ်စိတ်တစ်ပိုင်းအကြောင်းခင်မင်စိတ်နှင့်ပြောပြစဉ်က ပျော်ရွှင်၍ဖေးမနားထောင်ခဲ့သည်။မိုးတွေရွာ

တုန်း သူ့ထီးအောက်မှမလိုက်ရန် ရှက်ရှက်နှင့်ပြောတော့ ကျွန်တော့်မှာဝမ်းနည်းလို့မဆုံး။ထိုစဉ်က သူ့အရွယ်နုငယ်လွန်းသည်ကို မတွေးအားဝမ်းနည်းရန်

သာစိတ်ဇောကထက်သန်ခဲ့သည်လေ။သူနှင့်ပတ်သက်လျှင် ကျွန်တော်ဟာရိုးတံနာနေတဲ့သစ်ရွက်လေးလို၊ ဖျက်ကနဲအက်ကွဲသွားတော့မယ့်မြေပန်းအိုး

လေးလို အရာရာထိလွယ်ရှလွယ်နုနယ်လွန်းသည်။သူ့အတွက်ကဗျာတွေရေးခဲ့သည်။သူ့အတွက်ကျောင်းစာတွေ ကြိုးစားခဲ့သည်။သူ့အတွက် အိပ်မက်

တွေမက်ခဲ့သည်။သူ့အတွက် သန့်စင်ခဲ့သည်။သူ့အတွက်ရိုးသားခဲ့သည်။သူ့အတွက်ရဲရင့်ခဲ့သည်။သူ့အတွက် ချစ်ခဲ့သည်။သူ့အတွက်ရှင်သန်ခဲ့ပါသည်။

(၆)

ပြန်စဉ်းစားကြည့်လျှင် ထိုစဉ်ကလိုရူးသွပ်မှုမျိုးဖြင့်မိန်းကလေးတစ်ယောက်ကို ချစ်ဖို့ရာ ယခုအချိန်​တွင် မဖြစ်နိုင်တော့သည်မှာအမှန်ပင်။သူ့အ

ပေါ်ခိုင်ကျည်တည်တံ့နေသော သစ္စာတရားနှင့် သူနှင့်ပတ်သက်ပြီးပေါ်ပေါက်ခဲ့သော စွဲလမ်းမက်မောမှုမျိုးနောက်တစ်ကြိမ်ပြန်မရနိုင်တော့။ထိုရူးမူးလွတ်

လပ်သောအချစ်ဆီချဉ်းကပ်ဖို့ရာ ကျွန်တော်တို့စိတ်တွင်ရိုးသားသောအရောင်အဆင်း လုံလောက်အောင်မရှိတော့ခြင်းကြောင့် ဖြစ်မည်။ခုအချိန်မိန်းက

လေးတစ်ယောက်ကို စိတ်ဝင်စားမိသည်ဆိုလျှင် အလုံးစုံရိုးသားခြင်းမဟုတ်ကြောင်းဝန်ခံရပါလိမ့်မည်။ထို့အတူပင် တစ်ခြားသူတွေဆီမှာရှိသောမာယာ

အရောင်အဆင်းတွေကိုလည်း ကျွန်တော်က အလိုလိုရိပ်စားမိလျှက်သားဖြစ်နေပြန်သည်။ရိုးသားမှုကိုမတွေ့ရ။ကိုယ့်တွင်မရှိသော အရာတစ်ခုကိုတစ်ပါး

သူထံတွင်ရှာဖွေခြင်းမှာ တရားမျှတမှုရှိပါ့မလား။သို့မဟုတ်မိုက်မဲခြင်းလား။မေးခွန်းတွေက မွန်းကြပ်ဖွယ်ကောင်းလှသည်။ထို့ကြောင့်ပင် ကျွန်တော်မချစ်

သောမိုးရာသီများအကြောင်းကို ပြောဆိုရန်မသင့်တော်တော့ပါ။

(ရ)

ကျွန်တော်သူ့ကို လွမ်းနေပါသည်။ဟိုးအဝေးဇာတိမြို့ငယ်လေးမှ သူငယ်ချင်းဝီရကိုလွမ်းသည်။၂၀၀၄ခုနှစ်ကရွာသွန်းခဲ့သောမိုးရေစက်များကို

လွမ်းသည်။ဒုတိယနှစ်ကျောင်းိသားဘဝက သူငယ်ချင်းတွေရဲ့အသံကိုလွမ်းသည်။ငယ်ဘဝရဲ့မိုးတိမ်တွေကိုလွမ်းသည်။မိသားစုနှင့်အိမ်ကိုလွမ်းသည်။

“တကယ်တော့ လွမ်းတယ်ဆိုတာစံပယ်ပန်းလေးတွေကို သီငင်ရသလိုမျိုးပဲဖြစ်သည် “ ဟုဝီရကတော့ သူ့အက်ဆေးထဲတွင်ရေးခဲ့သည်။ကျွန်တော်တို့

နေထိုင်ရာ ကမ္ဘာသည်အရောင်အသွေးများစွာဖြင့်စုံလင်လှသည်။ရောင်စုံကမ္ဘာထဲတွင်နေထိုင်သော ကျွန်တော်တို့ကလည်း ကိုယ်ပိုင်အရောင်တစ်ခုစီ

ဖြင့် ရှင်သန်ထွန်းလင်းကြရမြဲပင်။မိမိရဲ့ကိုယ်ပိုင်အရောင်သည် တခြားသူစိတ်ထိခိုက်နာကျင်စေဖို့ထက် စိတ်ကျေနပ်ချမ်းမြေ့စေမည့် အရောင်ဖြစ်မည်ဆို

လျှင် များစွာနှစ်လိုပျော်ရွှင်ဖွယ်ကောင်းလာလိမ့်မည်ဟုထင်နေမိသည်။

ဖြူစင်ခြင်းသည် အလွမ်းဖြစ်မည်ဆိုပါက အဲဒီပန်းကလေးတွေကို ကျွန်တော်ကျေနပ်နှစ်သက်စွာသီငင်နေချင်ပါသည်။

မင်းစိုးရာ

၂၉.၁၂.၀၉


ညနေက ကမ္ဘာတစ်ဖက်ဆီသို့ ထွက်ခွါတော့မည်။ အဝေးမှ ပဲ့တင်ပြန်လာသော အလွမ်းများသည် ရင်ကို လာထိမှန်သောအခါ ပွင့်ဖတ်ပွင့်ချပ်တွေအဖြစ်  တစ်လွှာချင်းပဲ့ကြွေကျလို့လာသည်။ ငှက်တွေ အိပ်တန်းပြန်ကြတော့မှာလား။ ပြန်စရာအိမ်မရှိသော တိမ်စိုင်အစအနတွေကရော ဘယ်ဆီဘယ်ပုံ ခရီးဆက်ကြဦးမည်လဲ။ စိတ်မှတ်မဲ့စွာ ကောင်းကင်ကို မော့ကြည့်မိတော့ တမ်းတစိတ်က မီးတောက်မီးလျှံလို ရင်ကို ပူပြင်းစွာ လာဟပ်လေသည်။ အတူတူပျော်ရွှင်ခဲ့ဘူးသော နေ့စွဲများ၊ တစ်ယောက်ဒဏ်ရာကို တစ်ယောက် သွေးတိတ်နှစ်သိမ့်ခဲ့သော နေ့စွဲများ၊ မြစ်ကို ဖြတ်တိုက်လာသော လေပြည်နုနု၊ ညနေနေရောင်၊ ဟိုတစ်ပွင့်သည်တစ်ပွင့် လင်းလာသော နီယွန်မီးများ ၊ ပြီးတော့ အတူတူဖြတ်သန်းခဲ့သော မြို့  ပြရဲ့  လမ်းမများ ။ တစ်ချိန်တုန်းကတော့ လမ်းဘေးကဖေးဆိုင်အိုအိုလေးထဲက ညနေသည် အချစ်ဖွဲ့ကဗျာတစ်ပုဒ်လို နူးညံ့သိမ်မွေ့စွာ လှပလို့နေခဲ့သည်။ အခု…အခုကျတော့ရော။ အာရုံက ရုတ်ချည်းမွန်းကျပ်လာတော့ စိတ်မှတ်မဲ့စွာ လက်က စီးကရက်ဘူးဆီလှမ်းမိပြန်သည်။ ပြီးတော့ ဘဝဆိုတာ အခိုးအငွေ့ဆန်ဆန်ပဲ ဆိုတာကိုလည်း ဖျတ်ကနဲ သတိထားမိပြန်သည်။ တကယ်တော့ မနက်ဖြန်ဆိုတာ မရေရာသော တံခါးတစ်ချပ်သာဖြစ်ပြီး ဘဝဆိုတာကလည်း မသေချာမရေရာမှုတွေနဲ့  မွန်းကျပ်လေးလံနေရတဲ့ အစိုင်အခဲတစ်ခုပဲမဟုတ်လား။


စီးကရက်မီးခိုးငွေ့တွေက လေမှာ ယိမ်းနွဲ့လွင့်ဖြာလို့နေသည်။ တစ်နေ့တစ်နေ့ ဒီလိုပဲ အဓိပ္ပါယ်မဲ့စွာ ရှူရှိုက်နေရတဲ့ ဆေးလိပ်ငွေ့တွေအကြောင်းဆီ စိတ်ရောက်သွားမိပြန်သည်။ တစ်လိပ်ပြီး တစ်လိပ် မီးကူးဖွာရှိုက်နေခဲ့သော မီးခိုးငွေ့တွေကြားမှာ ဘဝထဲက အရာရာသည်လည်း ဝေဝါးလို့နေခဲ့သည်။ ယုတ်စွအဆုံး လျှောက်နေတဲ့ ဘဝရဲ့  လမ်းတွေကအစပေါ့….။ ဒီလိုနဲ့ပဲ  အသက်   တွေ တစ်ရက်ပြီးတစ်ရက်ကြီးလာခဲ့သည်။ ဒီလိုနဲ့ပဲ ဘဝရဲ့  လမ်းတွေ တဖြည်းဖြည်း ကွေ့ကောက်ကြမ်းတမ်းလာခဲ့သည်။ ဒီလိုနဲ့ပဲ လူမှုဆက်ဆံရေးတွေမှာ တသီးတခြား ငေါထွက်လာခဲ့သည်။ ပတ်ဝန်းကျင်ရဲ့  ကြည့်တဲ့အကြည့်တွေကို၌က သူစိမ်းဆန်ဆန်။ သူစိမ်းသက်သက်။ အရာရာသည် အစကတည်းက စနစ်တကျ မှားယွင်းနေခဲ့ကြောင်း အချိန်တွေအတော်ကြာမှ သိရှိခဲ့ရသည်ပဲ။


အဝေးဆီကို လှမ်းမျှော်ကြည့်လိုက်ရင် မပီဝိုးဝါး မှုန်ပြာပြာရီသော ညနေမြူခိုးပြာပြာတွေကို ငေးရီလှမ်းမြင်နေရသည်။ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးဆိုချင်သည်။ နံရံကို ကျောမှီပြီး ခဏဖြစ်ဖြစ် ငြိမ်သက်နေချင်သည်။ ဘယ်သူနဲ့မှလည်းစကားမပြောဘဲ တံခါးတွေအားလုံးပိတ်ပြီး အခန်းရဲ့ ထောင့်ကျဉ်းကျဉ်းတစ်ခုထဲမှာ ထိုင်နေချင်သည်။  မတွေးချင်သော ဘဝ၏အကြောင်းများကို တွေးမိပြန်တော့ ဘဝထဲက အရာရာသည် ခါးသီးလေးလံစွာ အာရုံပေါ် ပြိုပိကျလာပြန်သည်။ ဘယ်သူ့အပေါ်မှာမှ တာဝန်မကျေခဲ့သော လူငယ်တစ်ယောက်၏ စိတ်ပျက်အားငယ်မှုများသည် ညနေရီဆည်းဆာတွင် တိမ်စိုင်တိမ်လိပ်များလို ခါးသီးတောက်ပနေခဲ့လေသည်။


အိပ်တန်းပြန်ငှက်တွေနှင့် ညနေသည် ကြည့်နေရင်းကပင် တဖြည်းဖြည်း ရင့်အိုဟောင်းနွမ်းလာသည်။ တစ်စတစ်စနှင့် အဖြူအမည်းရုပ်ရှင်ပိုဆန်လာလေသည်။ အမှောင်ရိပ်ရိပ်နောက်ခံတွင် ရွေ့  လျားနေသော ကားများ၊ လူများ နှင့်အရာရာသည် အာရုံတွင် လေဟာနယ်တစ်ခုနှယ် ပကတိအတိုင်း ပွင့်ထွက်နေသည်။ ခေတ်ပေါ်အာရုံခံစားမှု တစ်စုံတစ်ရာမပါဝင်သော ပန်းချီကားတစ်ချပ်လို အရာရာသည် အသက်ဓာတ်ကင်းမဲ့လို့ နေသည်။ လေပြေတစ်ချက်ဝေ့ကနဲတိုက်ခတ်လာသောအခါ ဆံပင်တွေ လွင့်ဖွာသွားပြန်သည်။ ဖြစ်နိုင်ရင် အမှိုက်တစ်စလို လေနှင်ရာဆီသို့သာ လွင့်ပါသွားချင်သည်။ ဖြစ်နိုင်ရင် သစ်ကြွေရွက်တွေလိုမျိုး ခြောက်သယောင်းနေတဲ့ မြေပြင်ကို ရင်ဘတ်နဲ့ ပွတ်တိုက်ပြီး ဟိုးအဝေးဆုံးအထိ ပြေးလွှားသွားလိုက်ချင်သည်။ ဖြစ်နိုင်ရင် အရာရာကို အပြီးအပိုင် မေ့လျော့ပစ်လိုက်ချင်သည်။ ဖြစ်နိုင်ရင် ….ဖြစ်နိုင်ရင်….။


ဒီလိုအချိန်ဆိုလျှင် မြစ်ပြင်ပေါ်မှာ ညနေသည် အနီရောင်ခပ်များများအလင်းစတွေနှင့် အရင်အခါများလိုပင် ရှိနေလိမ့်ဦးမည် ထင်သည်။ ညနေနေရောင်သဲ့သဲ့အောက်မှာ လှေသမ္ဗန်တွေ ၊ စက်တပ်လှေငယ်အသေးစားများသည်လည်း ရည်ရွယ်ရာဆီ ဦးတည်ခုတ်မောင်းနေကြဦးမည်။ မြစ်၏ ဆည်းလည်းလေပြည်သည်လည်း ညင်းညင်းသွဲ့သွဲ့ လွင့်ခတ်နေလိမ့်ဦးမည်။ မြစ်၏ ဟိုးတစ်ဖက်ကမ်းဆီမှာလည်း သစ်မြစိမ်းရိပ်တို့က ယိမ်းနွဲ့လှုပ်ရှားနေကြဦးမည်။ အရာရာဟာ အရင်အတိုင်း မပြောင်းမလဲပဲ ရှိလိမ့်ဦးမည်ဟု စိတ်ကယုံကြည်သည်။ ဒါဆို…. သူမ….သူမတစ်ယောက်ကရော။ တစ်ခဏအတွင်းမှာပင် ရင်သည် လှိုက်ကနဲ ခုန်လှုပ်သွားသည်။ လစ်ဟာဆုံးရှုံးမှုသည် အမည်နာမ ဖော်ပြရန်ခက်ခဲသော ဝေဒနာတစ်ခုလို။ သွေးစိမ်းရှင်ရှင် ပွင့်အံကျလာသော အနာဟောင်းတစ်ခုလို။ မျက်ဝန်းအစုံကို မှိတ်ထားသော်လည်း အတိတ်က ဘယ်သောအခါမှ အပြီးသတ်သွားမှာ မဟုတ်သည့် အခန်းဆက်ပြဇာတ်တစ်ပုဒ်လို အာရုံမှာ ထင်ဟပ်လာလေသည်။ စို့တက်လာသော မျက်ရည်စတို့ကို တစ်ပါးသောသူတို့ မမြင်ဖို့ရာ မျက်တောင်ကို တစ်ဖျတ်ဖျတ်ခတ်မိသည်။ အတန်ငယ်ညောင်းညာနေသော ကိုယ်ကာယကို အနေအထားအနည်းငယ်ပြင်မိသည်။ လက်ဖက်ရည်ဆိုင်က ဖွင့်ထားသော သီချင်းတစ်ပိုင်းတစ်စကို လိုက်ဆိုမိတော့ အာရုံက နည်းနည်းတော့ပေါ့ပါးသွားပြန်သည်။ လက်ထဲက ကုန်ခါနီးစီးကရက်တိုကို ခပ်ပြင်းပြင်း တောက်ထုတ်ပစ်လိုက်သည်။ သွားစမ်းပါကွာ…ချစ်ခြင်းမေတ္တာကိုလည်း လက်ထဲက စီးကရက်တိုလို ခပ်ပြင်းပြင်းတောက်ထုတ်လိုက်…ပြီးတော့ ခွေးမတစ်ကောင်လောက်မှ သစ္စာမရှိတဲ့ မိန်းမတစ်ယောက်ကိုလည်း ဘဝထဲက၊ အာရုံခံစားမှုနံရံ လေးဖက်လေးတန်ထဲက ခပ်ပြင်းပြင်းသာ ကန်ထုတ်ပစ်လိုက်….ဒါဆိုရင်  ဘယ်လိုနေမလဲ။


တကယ်တမ်း ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်တဲ့အခါတိုင်း ဘဝမှာ ခံနိုင်ရည်တော်တော်လေးကို နည်းပါးခဲ့သည်။ ချစ်ခြင်းမေတ္တာကို ဦးဆွေးဆံမြည့်စောင့်သိရိုသေခဲ့သော နေ့စွဲများသည် သစ္စာမဲ့မှုလက်အစုံဖြင့် မမျှော်လင့်စွာ ဖြတ်ရိုက်ခံခဲ့ရသောအခါ ကစဉ့်ကလျား လဲပြိုလွင့်စင်ကျခဲ့ရလေသည်။ အဲဒီတုန်းက ဒိုင်ယာရီစာအုပ်ရဲ့   စာမျက်နှာတွေမှာ ဘယ်တော့မှ ခြောက်သွေ့ သွားမှာ မဟုတ်တော့သော မျက်ရည်စတချို့   ရှိနေခဲ့သည်။ အဲဒီတုန်းက သစ္စာတရားရဲ့  လက်ဖျံမှာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်သော သူမရဲ့  အမည်နာမလေးရှိနေခဲ့သည်။ သံသရာအဆက်ဆက် ဘယ်လိုဝဋ်ကြွေးမျိုးနဲ့မှ ပေးဆပ်ငြိမ်းသတ်လို့ မရနိုင်တော့သော ပရိဒေဝမီးလျှံတို့သည် ရင်တစ်ခုလုံးမဆန့်အောင် လောင်ကျွမ်းလို့နေခဲ့သည်။ ရည်စူး၍ ရေးခဲ့ဘူးသော ကဗျာစာသားတို့သည် အာရုံခံစားမှု မှန်နံရံများကို ဆပ်ပြာပူပေါင်းတွေလို တစ်ခြွမ်းခြွမ်း ယိမ်းယိုင်ပြိုကွဲသွားစေခဲ့သည်။ မျှော်လင့်တမ်းမက်ခဲ့သော အိပ်မက်တို့သည် အိပ်စက်မပျော်နိုင် ရှည်လျားသော ညများ၏ အကြေးခွံတို့ကို ဖောက်ပြီး ချော်ရည်ပူတွေလို ယိုစီးစိမ့်ကျလာခဲ့သည်။ ထားလိုက်၊ ထားလိုက်စမ်းပါကွာ။ အတိတ်ဆီမှာ ပိတ်မိနေသော မသိစိတ်သည် ကျားနာတစ်ကောင်လို ရုန်းရင်းဆန်ခတ် ဖြစ်လျက်ရှိသည်။ စိတ်အာရုံတစ်ခုလုံး ကိုင်ရိုက်ခံထားရသလို နာကျင်နေသည်။ ရုတ်တရက် အာရုံအဆက်အစပ်က ရေးလက်စ ကဗျာစာသားတွေဆီ ဖျတ်ကနဲ ရောက်ရှိသွားပြန်သည်။ ညနေ၏ မျက်လုံးအသေတွေဆီ ငေးရီရင်း သွေးသားတစ်ခုလုံး ဆူပွက်ပူလောင်လာပြန်သည်။ ဘယ်လိုစာသားတစ်စုံတစ်ရာနှင့်မှ အဓိပ္ပါယ်ဖော်ပြရန် မလွယ်ကူသော အထီးကျန်စိတ်ကို အခြားသောတစ်ဖက်မှနေ၍ ပြန်မြင်တွေ့နေရသည်။ ပြီးတော့ ကဗျာတစ်ပုဒ်ထဲက ထစ်အနေသော စာသားတစ်ကြောင်းလို စိတ်ဓာတ်ဖြင့် အရာရာကို အားတင်းရင်ဆိုင်မိပြန်သည်။ ဒီလိုနဲ့ပဲ…။


နေဝင်တော့မည်။ ဆည်းဆာရဲ့  ခြေသံသဲ့သဲ့က အမှောင်မှာ ပိုကျယ်လာသလို ခံစားရသည်။ လေပြည်က ပိုပြီးတော့အေးစက်လာသည်။ ပတ်ဝန်းကျင်က ပိုပြီး သူစိမ်းဆန်လာသည်။ အမှောင်မှာ မမြင်နိုင်သောအမှောင်တွေ ရောထွေးနေသည်။ မမြင်ရသော လမ်းတွေက ကြမ်းတမ်းမှုတွေနှင့် ရောပြွန်းရှုပ်ထွေးနေသည်။ အမှောင်မှာ ပြာနှမ်းနေသောဝေဒနာသည် မမြင်ရသော နံရံတွေကို ရိုက်ခတ်ပြီး ပဲ့တင်ထပ်နေလေသည်။    ။

ဘုန်းနေသွန်း

၅၊ နိုဝင်ဘာ၊ ၂၀၀၉။

ည ၇ နာရီ၊ ၅၁ မိနစ်။

………………………………………………………………………………………………………………………………………………………………………………………………

………………………………………………………………………………………………

……………………………….ကျွန်တော့်မှာ ကိုယ်စောင့်နတ်ဆိုတာရှိခဲ့ရင်တောင် မနှင်းဆီနာမည်နဲ့နေမှာပါ မနှင်းဆီရယ်။ ဝေးကွာခြင်းဟာ ဟိုးချောက်ကမ်းပါးနက်နက်ထိ ဆွဲခေါ် ညှို့ယူပြီးရင် လွမ်းဆွတ်ခြင်းဟာ ကြိုးစင်ပေါ်မှာ တေးတစ်ပုဒ်ကို သီကျူးနေလိမ့်မယ်။ ခုဆို ဘယ်ပုံဘယ်ခရီးဆက်လို့ ဘယ်လိုအိပ်မက်တွေနဲ့ ခင်ဗျားပျော်မွေ့နေသလဲမနှင်းဆီ။ ခင်ဗျားဘယ်ဆီမှာလဲ မနှင်းဆီ။ ဒီလိုနဲ့ ဘဝဆိုတာနေမညိုခင် မျက်ရည်ဆိုတာ မတိမ်ကောတဲ့ စီးဆင်းမှုပဲလား။

ဟိုမှာ ကြိုးကြာငှက်တွေက ဆည်းဆာကို ရင်နဲ့တိုးဝှေ့ပြီး ပျံသန်းသွားနေကြတယ်။ ဘဝရဲ့ သုခုမတစ်ရပ်လုံးဟာ မနှင်းဆီရဲ့ အပြုံးတွေနဲ့ပဲ စိုရွှဲနေပေါ့။ ရင်ထဲမှာ လှိုင်းတွေက တအုန်းအုန်း….ကမ်းပါးတွေက ပြိုနေတယ်။ မနှင်းဆီက ကျွန်တော့် အချစ်ထဲ ခုန်ချဖို့ ငြင်းဆန်ခဲ့တယ်။ သိခဲ့ပါပြီမနှင်းဆီရယ်။ အချစ်ဆိုတာ လေကလေးတချွန်ချွန်နဲ့ မဟုတ်ဘူးဆိုတာ။

ခေါင်းလောင်းထိုးသံတွေက အက်ကွဲစွာ မြည်နေတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ်။ အချစ်ဆိုတာ နောင်နှစ်တွေ အတော်ကြာမှ ပြန်ပြောင်းပြောဆိုရင်း ရယ်မောရတတ်တဲ့ အဆွေးနဲ့ မြေ့မြေ့ ပျက်လုံးတစ်ခုတဲ့။ ကျွန်တော်မရယ်နိုင်ခဲ့ပါဘူးမနှင်းဆီရယ်……………………………………………………………………………………………………………………………………………………………………………………………………………..

စံညိမ်းဦး

မင်္ဂလာမဂ္ဂဇင်း ၊ ၁၉၉၇၊ ဒီဇင်ဘာ။

(ဟိုတစ်လောက စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်တဲ့ မြန်မာအက်ဆေး-၁၀၀ ဆိုတဲ့ စာအုပ်မှာပါတဲ့ ကဗျာဆရာစံညိမ်းဦးရဲ့ အက်ဆေးပါ။ တစ်စိတ်တစ်ပိုင်းလောက်ပဲ ကူးယူပြီးတင်လိုက်တာပါ။)

အဝေးဆီကို ငေးမျှော်ကြည့်လိုက်ရင် မြူခိုးတွေ။ အ၀ိဇ္ဖာလို ဘာကိုမှမမြင်နိုင်လောက် အောင် မှုန်မှိုင်းလို့။ ပင်လယ်ရေပြင်မျက်နှာပြင်ထက်ပေ(၄၀၀၀)ကျော်မြင့်တဲ့ ဒေသဆိုတော့ တိုက်ခတ်နေတဲ့လေပြည်ဟာအသက်မဲ့အေးစက်လို့။ တောင်ပေါ်လမ်းကျဉ်းလေးတွေဟာ မိုးမြူတွေထဲတိတ်ဆိတ်ပျောက်ကွယ်နေကြတယ်။ နေ့တွေ၊နေ့တွေဟာတစ်စွန်းတစ်စနေရောင်ကိုမမြင်ရဘဲ တငွေ့ငွေ့ကုန်ဆုံးနေကြတယ်။ ရေပွင့်ရေပေါက်တွေ စွတ်စိုလေးလံနေတဲ့သစ်မြစိမ်း ရွက်တွေ၊မြူတွေကြားမှာ ပျင်းရိမြုပ်နစ်နေတဲ့အဖြူရောင်သစ်ပင်တွေ၊ အေးရှစိမ့်မြတဲ့ ရာသီဥတုနဲ့ဝေးကွာခြင်းရဲ့ပူလောင်ပြင်းပြသော မီးလျှံတွေ။ ပြောကြစတမ်းဆိုရင်နေ့စဉ်ရှုခင်းဟာ ထူးခြား ပြောင်းလဲမှုသိပ်မရှိလှဘူး။ ထပ်ပြန်ကလဲလဲမက်နေရတဲ့ဆောင်းတွင်းအိပ်မက်တစ်ခုလို အရာရာ ဟာ ခေါက်ရိုးကျိုးလို့။အသားကျနသေသပ်လို့။

တစ်ခါတလေ နေရောင်ကို တမ်းတမ်းတတမျှော်လင့်မိတယ်။ နွေးထွေးနူးညံ့တဲ့နေရောင် ခြည်နဲ့ မြို့ပြရဲ့ပလက်ဖောင်းတစ်ခုပေါ်မှာလမ်းလျှောက်လွတ်လပ်ချင်မိတယ်။ တကယ်ဆို မျှော် လင့်ချက်ဟာမျှော်လင့်ချက်ဘဲလား။ တကယ်ဖြစ်မလာနိုင်တဲ့ တစ်စုံတစ်ရာကိုမျှော်လင့်မိုက်မဲ နေမိတာလား။ အတွေးကိုရောက်တဲ့နေရာမှာရပ်တန့်လိုက်ချင်တယ်။ လျှောက်နေတဲ့လမ်းဟာ တစ်နေရာရာမှာရပ်တန့်ပြီးဆုံးသွားသလိုမျိုး အရာရာကို မေ့ပျောက်လိုက်ချင်တယ်။ မနက်ဖြန်နေသာမှာလား။ တိမ်ကင်းစင်တဲ့ ကောင်းကင်ကို ခဏဖြစ်ဖြစ်မော့ကြည့်ခွင့်ရမှာလား။ ရာသီဥတု လင်းမြကြည်လင်နေတဲ့ရှားရှားပါးပါးနေ့မျိုးဆိုရင်တော့ အဝေးရှုခင်းတွေကို ငေးရီလှမ်းမြင်ခွင့်ရတယ်။ ဟိုးအဝေးမှာ ညီညာပြန့်ပြူးတဲ့ မြေပြန့်လွင်ပြင် . . .မြူခိုးရိပ်ရိပ်ပြာပြာနောက်ခံနဲ့။ အဲဒီ မြေပြန့်လွင်ပြင်ရဲ့ ဒီဘက်မှာတောင်ခိုးအထပ်ထပ်နဲ့ တောင်စဉ်တန်းတွေ။ တောင်ခိုးနဲ့တိမ်ဟာထိစပ်ယှက်လိမ့်လို့။ မောပန်းတယ်။ နာကျင်မိတယ်။ လည်ချောင်းတွေကွဲအက်သွားတဲ့အထိ အော်ဟစ်လွတ်လပ်လိုက်ချင်တယ်။ ငါ့အသံဟာတောင်တန်းတွေရှိရာ ပဲ့တင်ပြန်လာနိုင်ပါ့မ လား။

လူအဖြစ်မှာ တတ်နိုင်သမျှ အရာရာကို မေ့လျော့ထားခဲ့တယ်။ တက်နိုင်သမျှမြွေတစ် ကောင်လို တိတ်ဆိတ်ယဉ်ကျေးစွာ ရစ်ခွေရှင်သန်နေခဲ့တယ်။ တစ်ခါတလေသူငယ်ချင်းတွေနဲ့ ဆူညံအော်ဟစ်လို့ တစ်ခါတလေ အခန်းရဲ့ထောင့်ကျဉ်းတစ်ခုမှာတစ်ယောက်တည်း မွန်းကျပ် နာကျင်လို့။ အဲဒီလိုအချိန်မျိုးမှာဘယ်သူနဲ့မှလည်း စကားမပြောချင်။ ဘယ်လိုလူမှုဆက်ဆံရေး မျိုးနဲ့မှလည်းအလိုက်အထိုက်မနေချင်။ အဲဒီလိုအချိန်မျိုးမှာဆိုရင် မွန်းကျပ်ပိတ်မိနေတဲ့လိပ်ပြာ တစ်ကောင်ရဲ့ နိမိတ်ပုံကိုသာသွေးရူးသွေးတန်းခံစားမြင်ယောင်နေမိတာ။ လိပ်ပြာဟာ အခန်းရဲ့ နေရာအနှံ့မွန်းကျပ်ပျံသန်းနေခဲ့တာ။ သူ့မှာ ထွက်ပေါက်မရှိ။ စေးထန်းလေးလံလို့။မွန်းကျပ် ပိတ်ဆို့လို့။ အခန်းရဲ့ လေးဖက်လေးတန် နံရံတွေကိုသူ့တောင်ပံနုနုလေးနဲ့ တဖျန်းဖျန်းကွဲ အောင် ရိုက်ခတ်ပျံသန်းနေခဲ့တာ။တကယ်ဆို လူအဖြစ်ဆိုတာ ရေပွက်ပမာလား။ နေ့ရှိသရွေ့ ခေါ်ဆိုနေတဲ့တယ်လီဖုန်းတွေဟာ ဆက်သ်ွယမှုဧရိယာပြင်ပလား။အခန်းရဲ့ပြတင်းတံခါးကို ပိတ်ထားတယ်။ ပြတင်းတံခါးကိုဖွင့်လိုက်ရင်မြူငွေ့တွေ အဆုပ် လိုက် အမြွှာလိုက် လွင့်စင်လာတာပဲ။ အခန်းဟာခဏချင်းစွတ်စိုထိုင်းမှိုင်းသွားတာပဲ။ တောင်ကြောတစ်လျှောက်လူသွားလမ်းကျဉ်းကျဉ်းလေးတွေမှာ လျှောက်ရတဲ့အခါ စိုထိုင်းစ များပြားတဲ့လေပြည်မှာ ဆံပင်တွေခဏချင်းပဲ စိုရွှဲစေးကပ်သွားလေ့ရှိတယ။မြူဝတ်မြူခိုးတွေကြားမှာ အရာရာဟာ အဖြူအမည်းရုပ်ရှင်လို။တကယ့်အဖြစ်အပျက်လား အိပ်မက်လား၊ေ၀၀ါးချင်ချင် ဖြစ်ရတာ။ တစ်ခါတလေရောက်တတ်ရာရာတွေးမိ၊ စိတ်အချဉ်ပေါက်ရွဲ့စောင်းမိတယ်။ ဒီလို နေရာမျိုးမှာဆယ်စုနှစ်တစ်နှစ်လောက်သာနေရမယ်ဆိုရင် အလိုအပ်ဆုံးအရာဟာ မီးလင်းဖိုတစ်ခုထက်စာရင် မိန်းမတစ်ယောက်ဖြစ်မှာပဲ။ အနုပညာဆီမပါ ပြားမပါကဗျာစမ်းသပ်မှုတစ်ခု ထက်စာရင် အရက်ပြင်းပြင်းတစ်ခွက်က ပိုအဆင်ပြေမှာပဲ။

နေ့ရှိသရွေ့ ကဗျာတွေအများကြီး တွေးဖြစ်၊ရေးဖြစ်တယ်။ နေ့ရှိသရွေ့ အာရုံကိုအနု ပညာမှော်ရုံဆီမှာ ကူးလူးချိတ်ဆက်ထားတယ်။ တကယ်ဆို လူအဖြစ်ကတစ်နေရာ၊စိတ်ကူး စိတ် သန်းကတစ်နေရာမှာ။ကဗျာအကြောင်းတွေးလိုက်၊သူငယ်ချင်းကဗျာဆရာကဆီက စာကိုမျှော် လိုက်၊တွေ့တွေ့သမျှ စာအုပ်တွေကို ဆွဲဖက်လိုက်နဲ့ နေ့တွေအချိန်တွေ၊ကုန်ဆုံးနေရတာ။ တကယ်ဆို ကဗျာအနုပညာဟာ ဒီဘ၀အတွက် အခြားသော ကမ္ဘာလား။ရောက်ရှိမလာသေးတဲ့ မနက်ဖြန်ပေါင်းများစွာအတွက်စိမ်းလန်းသောမီး၊စိမ်းလန်းသော တေးသံလား။

ဟော . . . မိုးက ရုတ်တရက်ရွာလာပြီ။ မြင်ကွင်းမှာ မိုးစက်မိုးပေါက်တွေကရုပ်ချည်းနေရာ ယူခဲ့ပြီ။ မိုးရေစ်တွေဟာ မိုးနဲပအတူပါလာတဲ့လေမှာယိမ်းနွဲ့လွင့်ပါလို့။ ခေါင်မိုးပေါ်ရေကျနေတဲ့ အသံက တဗြုန်းဗြုန်း .. .တဗျင်းဗျင်းနဲ့။ မိုးရွာထဲကို တစ်ဟုန်ထိုးပြေးထွက်သွားလိုက်ရင် ကောင်းမလား။ ငယ်ငယ်တုန်းကလု . . .။ လွတ်လပ်ပေါ့ပါးစွာနဲ့။ဝတ်ထားတဲ့အ၀တ်အစားတွေအားလုံး မိုးရေထဲမှာ ရွှဲရွှဲစိုကုန်မှာပဲ။ဆံပင်တွေကတဆင့် မျက်နှာပေါ်စီးကျလာတဲ့ မိုးစက်မိုးပေါက်တွေ ဟာအေးမြလန်းဆန်းနေမှာပဲ။ မိုးကြောင့် မျက်လုံးထဲကမြင်ကွင်းဟာရုပ်ချည်းပြောင်းလဲသွားခဲ့ ပြီ။လျှပ်စီးလျှပ်ရောင်တ၀င်းဝင်းနဲ့ . . .။ သိပ်သည်းပြင်းထန်တဲ့မိုးဟာအရာရာကို ၀ိုးတ၀ါးကမ္ဘာ ထဲဆွဲခေါ်လို့။ ဒီဒေသရဲ့ ရာသီဥတုကတအားအပြောင်းအလဲမြန်တာပဲ။ ခဏချင်းပဲ ရာသီဥတု ကြည်လင်လိုက်၊ခဏချင်းပဲမြူခိုးတွေနဲ့ေ၀၀ါးသွားလိုက်၊ခဏချင်းပဲ မိုးပွင့်မိုးစက်တွေ ပိတ်ဆို့ပြို ဆင်းလာလိုက်နဲပ။ စိတ်အပြောင်းအလဲမြန်တဲ့မိန်းမတစ်ယောက်လို၊အချိန်ခန့်မှန်းဖို့ရာ ခက်ခဲ လွန်းတဲ့နာရီပျက်တစ်လုံးလို။ ရွာနေတဲ့မိုးမှာ ရေစီးကြောင်းငယ်တွေ ခွဲဖြာစီးဆင်းလို့။ ရေစီး ကြောင်းတွေဟာကံကြမ္မာလို မြင့်ရာကနေ နိမ့်ရာကိုစီးဝင်လို့။ပတ်ဝန်းကျင်မှာ အအေးဓါတ်က ပိုမိုသိသာလွန်ကဲလာခဲ့ပြီ။ဘယ်ဆီဘယ်ဝယ်မျှော်မှန်း တမ်းတဖို့ရာ ရှစ်ရပ်ခွင်ဟာ မှုန်မှိုင်းရီဝေလို့။အထီးကျန်စိတ်ဟာ မမြင်ရတဲ့ မကောင်းဆိုးဝါး တစ်ကောင်လိုအတွေးကိုစီးဝင်ပူးကပ်လို့။ မမြင်ရတဲ့နံရံတွေကို အာရုံမှာခံစားသိ၊သိနေမိတယ်။ ဒီလိုအချိန် ရေဒီယိုခလုတ်ဆွဲဖွင့်လိုက်ရင်နည်းနည်းဖြစ်ဖြစ် စိတ်သက်သာရာ ရမလား။ ဒီလို အချိန်ကိုယ့်ကိုကိုယ့်ဂီတသံတစ်ခုထဲမှာ ဆွဲနှစ်လိုက်ရင် မာတင်းနေတဲ့အာရုံကြောတွေဟာပျော့ပျောင်းသွားလေမလား။အဲဒီစိတ်ကူးစိတ်သန်းတိုင်းဟာ တွေဝေလို့၊ဒွိဟဖြစ်လို့၊အရာရာဟာ မှုန်မှိုင်းနာကျင်လို့ . ..။ နေ့တွေ။ ။

ဘုန်းနေသွန်း
idea magazine; 2009 ,july
အောင်ပိုင်စိုးဆီက စာကိုမျှော်ရင်း ကုန်ဆုံးခဲ့ရတဲ့ နေ့တွေအကြောင်းပါ။ နေရောင်ကို တစ်ရက်မှမမြင်ခဲ့ရတာ ဒီတစ်ခါက ပထမဆုံးပါပဲ။ နောက်ဆုံးလည်းဖြစ်ပါစေလို့ဆုတောင်းပါတယ်။


မိုးညဟာ တိတ်ဆိတ်နေတယ်။ ကြယ်စင်တွေ တချို့တ၀က်လင်းမြ ….

တချို့အလင်းပြယ်လို့ ။ သန်းခေါင်ယံဟာ အမှောင်ကို ဝေနေအောင် ပန်ဆင်ထားတယ် ။

အရမ်းလွမ်းတယ်…..

အရမ်းလွမ်းတယ်…..

အရမ်းလွမ်းတယ် ညီမလေးရယ်….

ခုချိန်ဆို နင်တစ်ယောက်အိပ်စက်ပျော်မောနေလောက်ပြီလား ။ ဒါမှမဟုတ် များပြားလွန်းလှတဲ့ ဆေးပညာဘာသာရပ်တွေမှာ ခေါင်းမဖော်နိုင်အောင် အလုပ်ရှုပ်နေမှာလား ။ သေချာတာကတော့ ငါအရမ်းလွမ်းနေခဲ့ပါတယ် ညီမလေးရယ် …. ငါ့ရဲ့ဝေဒနာကို ပျောက်ကင်းအောင် ကုစားပေးဖို့ရာ နင့်ရဲ့ကျောင်းတော်ကြီးက မသင်ကြားပေးခဲ့ဘူးတဲ့လား ။

နင်မရှိတဲ့နောက် အရာရာ အဓိပ္ပါယ်မဲ့ပျောက်ဆုံးခဲ့ရပြီ ။ ငါ့အဖို့ အရာရာဟာ  အသက်မဲ့စွာ …. ခြောက်သွေ့တိတ်ဆိတ်စွာ…. ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာလည်း ငါတစ်ယောက်တည်း မလျှောက်ချင်တော့ပါဘူးကွယ်။ နှစ်ယောက်အတူတူထိုင်ခဲ့တဲ့ ကော်ဖီဆိုင်မှာလည်း ကော်ဖီနှစ်ခွက်ဟာ သွေးပျက်ဖွယ်ရာ တိတ်ဆိတ်အေးစက်လို့ …. နာကျင်ခြင်းများစွာနဲ့ ငါဟာ နာကျင် …. အထီးကျန်မှုများစွာနဲ့ ငါဟာအထီးကျန်လို့ …. ကျားနာတစ်ကောင်လို ငါဟာ သွေးရူးသွေးတန်း လွမ်းဆွတ်နေခဲ့ပါတယ် ညီမလေးရယ် ။

သူရူးတစ်ယောက်လို လေလွင့်လို့ ….ကြွေသွားတဲ့ကြယ်တွေကို ငေးမောနာကျင်လို့ ….

နင်မရှိတဲ့နောက်…….

နင်မရှိတဲ့နောက်…….

နင်မရှိတဲ့နောက်…….

တစ်ချိန်က မိုးရာသီနေ့ရက်တွေ ရောက်ရှိမလာခင် ပူနွေးတဲ့ နေရောင်ခြည်ရဲ့အောက် ငါ့ရင်ဘတ်ထဲမှာ ချစ်ခြင်းမေတ္တာဟာ ပန်းလိုပွင့်ဖူးခဲ့တယ် ။ ငါ့ရင်ခွင်ထဲမှာ ငါချစ်ရတဲ့ ညီမလေးနင်ဟာ တိတ်တိတ်ကလေး ကြည်နူးငြိမ်သက်နေခဲ့ဘူးတယ် ။ ပြီးဆုံးခဲ့ပြီဆိုပေမယ့် အရာရာဟာ မနေ့တစ်နေ့ကလို … ငါ့အတွက် ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တဲ့ ဒဏ္ဍာရီပြဇာတ်တစ်ပုဒ်လို … တကယ်ဆို ဘာကိုမှ မမျှော်လင့်စွာ ငါသက်ဝင်ချစ်ခင်ခဲ့ပါတယ် ညီမလေးရယ် ။ ငါ့ဘ၀ရဲ့ အမှောင် ၊ အလင်း ၊ ချစ်ခြင်းမေတ္တာ … အားလုံးဟာ နင့်တစ်ယောက်သာ ရည်ရွယ်ကြောင်း ငါ့နှလုံးသွေးနဲ့ ရင်းပြီး သစ္စာပြုမယ် ။ ငါ့ချစ်ခြင်းမေတ္တာနဲ့ နင့်အပေါ် ဦးဆွေးဆံမြည့် စောင့်သိရိုသေမယ်။ နင်နဲ့ပတ်သတ်ခဲ့သမျှအရာရာ ငါဟာ လေးနက်ယုံကြည်စွာ ချစ်ခဲ့ကြောင်း ဒီမြေဒီကမ္ဘာကို နာကျင်စွာ တိုင်တည်ခဲ့ပါတယ် ။

ငါ့မျက်ရည်နဲ့ ခင်းတဲ့လမ်းဆိုလည်း …..

နင်

ကြည်နူးချမ်းမြေ့ပါစေတော့ကွယ် …… ။       ။

ဘုန်းနေသွန်း

၂၀၀၉ ၊ ဧပြီ။

ပြက္ခဒိန်

July 2017
S M T W T F S
« Feb    
 1
2345678
9101112131415
16171819202122
23242526272829
3031  

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 7 other followers

ကဗျာ.. ခင်ဇော်မြင့် ချယ်ရီ ခွဲခွါ ဂျွန် စကားပြေ စွဲစွဲလမ်းလမ်း ဆုံးရှုံးခဲ့ဘူးတယ်... ဆွတ်ပျံ့ဖွယ်အောင် ဇွန် ညီမလေး ညနေ တိတ်တခိုး တိုးနှောင်မိုး တမြေ့မြေ့ ထားခဲ့တဲ့အတိုင်း ဒီဇင်ဘာ ပန်းချီ ပိုင်မင်းဦး ပျားရည် ပျားရည်အိမ် ပွင့်ဦး ပွဲတော်ည ဘုန်းနေသွန်း ဘုန်းနေသွန်းရဲ့ ကဗျာ ဘုန်းနေသွန်းရဲ့ ကဗျာ မင်းစိုးရာ မိဆိုး မိုးတွေ ညို့နေပြီ မီမီ မျက်ရည်အိမ်ယာ ရင်ကွဲနာ လင်းဆက်နောင် လွမ်းသူ လွမ်းစေတီ လွမ်းတေး ဝဿန္တ သတိတရ သတိရခြင်းအလျား သီချင်း သီတင်းကျွတ် သုမင်းညို သူရနီ အချစ်အကြောင်း အစိမ်းသေ အမှတ်တမဲ့...နှင်း အမှတ်တမဲ့ နှင်း အလွမ်းသီချင်း အုံ့ပုန်း ဆောင်း နေ့များ မေစု မောင်ဘုန်းရဲ့ ကဗျာ အေဒင် အောင်ပိုင်စိုး အောင်ရင်ငြိမ်း ဖြူပြာပြာ ဖြူဖြူဇော် မြစ်ဆိပ် မြတ် ကြယ်လွဲမိုး နွယ်စိမ်းဝေ နှင်း