ဟေ့…
အနောက်ကောင်းကင်က နှင်းဆီနီတစ်စင်း
ဘယ်သူ မြားနဲ့ခွင်းလိုက်သလဲ
အသွားထက်ထက် အမှောင်တွေနဲ့
ဆည်းဆာဖြူလျော့
အလင်းသွေးဖျော့ခဲ့ပြီ။

သိုက်တန်းပြန်ငှက်တစ်သင်း
တောင်ပံသံပြင်းပြင်းတွေ ကြားရပြီ
ခဏကြာရင်
ညရိုင်းလွင်ပြင်မှာ
ကြယ်လင်းပြောက်တွေ သီးထ
လ,လင်းည ဖွဲ့တည်လာတော့မယ်
အိမ်ပြန်ချင်တယ်ကွယ်….။

မွေးရပ်မြေဟာ
အဝေးက လူအတွက် နွေးထွေးမှုပိုတယ်တဲ့
နွယ်ရိပ်သစ်ရိပ်နဲ့
မွေးညင်းနုစိမ်း မြို့ ကလေး
ကာလတံတိုင်း ဖြတ်ခြားလည်း
လွမ်းခိုးဝေ့အုံ့ဆဲ….။

ငါ့ရဲ့  မြို့ ငယ်လေးရယ်…
လွတ်လပ်လင်းမြ လူငယ်ညတွေနဲ့
လူငယ်ဘဝတစ်ခုရယ်
မာဃလမ်းရဲ့ လက်ဖျံပေါ်က
ခေါင်းလောင်းသံ ချိုရှ
အဖြူအစိမ်း ယိမ်းကတဲ့ စာသင်ကျောင်းငယ်လေးရယ်
ပြီးတော့
တန်းခွဲ (စီ)က
ရင်ခွင်ဦး….သူ….
စံပယ်ဆွတ်ဖြူတစ်ပွင့်ရယ်…
ငါသတိရတယ်ကွယ်။

ဒါပေမယ့်
သတိရခြင်းတွေနဲ့
ပစ္စုပ္ပန်မျဉ်းရဲ့  ဟိုမှာဘက်မှာ
ရင်ခုန်မွန်းနစ်
အိပ်မက်သစ်မမက်ဖြစ်သူ
သင်းကွဲတေးတစ်ပုဒ်သာ
နရီပျက် …
ကွဲအက်ပဲ့တင်။

အရိုင်းဆန်
ကန်းထရီးဟန်နဲ့
ကျေးလက်ရောင်ကောင်းကင်အောက်က
ရင်ခုန်အလင်းပြပြမြို့ ကလေး
ငါ… အသေချာဆုံး ဝေဖန်ရိုးသားချင်ရဲ့ 
ခွဲခွာခြင်းသင့်
လွင့်ဝေးခဲ့ရပေမယ့်
စုတ်ချက်ရင့်ကြမ်း
အင်ပရက်ရှင်းနစ်လွှမ်းတဲ့
သင့်ရင်အုံဆီမှာ
ရင်လွမ်းပရိုင်းမိတ် တချို့ နဲ့
ဝေးချင်းရှည်တစ်ပုဒ်
ကြေကွဲနစ်မြုတ်ခဲ့ပြီ။ ။

ဘုန်းနေသွန်း
၂၀၀၂

Advertisements