အိပ်ယာက နိုးနိုးချင်း သတိရနေမိတယ်၊ သူ့ အက်ဆစ်ကန်ထဲ ယဇ်ကောင်လို ဘဝတစ်ခုလုံးလောင်ကျွမ်းပျက်စီးဖို့၊
သူ့ နှုတ်ခမ်းဖျား ဓားသံလျက်ပေါ်က စတော်ဘယ်ရီရနံ့လေးကို စုပ်ယူဖို့၊ သူ့ ချစ်ခြင်းမေတ္တာကို တားမြစ်ဆေးဝါးလို သွေးကြောထဲ ထိုးသွင်းဖို့၊ သစ္စာတရားကို ဖဲကြိုးအနီနဲ့ စည်းနှောင်ပြီး ဖေဖော်ဝါရီ ၁၄အရောက်ပို့ဆောင်ဖို့၊
တကယ်ဆို ဘဝက သိပ်ကိုတိုတောင်းလွန်းတယ်၊ အချိန်တွေက တိုတောင်းလွန်းတယ်၊ မသေချာတာတစ်ခုလောက်
ဘဝဟာ မသေချာ၊ မရေရာ၊ နောက်ကို ပြန်လှည့်ကြည့်လိုက်ရင် ရှုမျှော်ခင်းတွေလို ရိပ်ကနဲ ကျန်ရစ်ခဲ့မှာပဲ၊
တစ်ခါတစ်လေ သူ့သွေးခုန်နှုန်းတိုးတိုးလေးကလွဲရင် အရာရာဟာ မှောင်မိုက်တိတ်ဆိတ်လို့ပဲ၊ လူနှစ်ယောက်၊ နှလုံးသားချင်းဆက်အမြွှာ၊ အသက်တစ်ခုထဲ ဆက်နေတာ၊ သဘာဝ တောတောင်ရေမြေ နယ်နိမိတ်ချင်းထိစပ်နေတာ၊ တိတ်ဆိတ်လွန်းတော့ သိစိတ် အာရုံခံစားမှုကမ်းပါးတွေ အားလုံး တစ်ဝုန်းဝုန်း ပြိုကျနေတာ၊ သူ့သွေးကြောတွေထဲ ဆောက်တည်ရာမရ ပြေးလွှားနေမိတယ်၊ မကြားနိုင်ပေမယ့် သူ့နာမည်ကို အသံကုန်အော်ဟစ်နေမိတယ်၊
တကယ်ဆို ဘာကိုမှ အသေအချာမျှော်လင့်မထားဘူး၊ မျှော်လင့်ချက်ဟာ မျှော်လင့်ချက်ရှိမရှိ မသေချာသေးဘူး၊
ထိစမ်းမိသမျှ ဖြန်းကနဲ ပြိုကျသွားမယ့် ဖန်သားနံရံတွေ၊ မြက်ပင်လေးတစ်ပင် လှုပ်ခတ်ရုံနဲ့ ဝုန်းကနဲ အလန့်တကြားထပျံသွားမယ့် ငှက်တွေ၊ ငါရှာဖွေနေ၊ သွေးရူးသွေးတန်း တည်ဆောက်နေမိတယ်၊
သူ့အိပ်မက်တွေထဲ၊ အဓိပ္ပါယ်တစ်စုံတစ်ရာ၊ နက်ရှိုင်းသော၊ မှော်ရုံ၊ ဂီတ၊ ငါ့အတွက် သူ့ဘက်က နာမဝိသေသနတွေ၊ မီးလောင်နေတဲ့ စာသားတွေ၊ ဆွံအ၊ တိတ်ဆိတ်နေတယ်၊ ပြေးလွှား၊ ဆူညံအော်ဟစ်နေတယ်၊
သူ့ရယ်သံလေးကို သူမသိအောင် ခိုးယူနေမိတယ်၊ သူ့မျက်ဝန်းတွေထဲ တိတ်တိတ်ကလေး ခုန်ဝင်နေမိတယ်၊ သူ့အပျော်အမောထဲ စမ်းချောင်းလေးလို စီးဝင်နေမိတယ်၊
သူ့ရှေ့ မှာ ဘဝတစ်ခုလုံး ထစ်အနေတဲ့ တိပ်သားတစ်စပမာ၊ နှလုံးသားတစ်ခုလုံး အစွယ်ကျိုး ခြေဝတ်ပုဆိုးပမာ၊ ငါ့သစ္စာတရားကို ပဝါစိမ်းလို ရင်ညွှန့်မှာစည်းထားပါ၊
သနပ်ခါးထူထူလိမ်းပြီး ငါ့စိတ္တဇကို ခေါင်ရမ်းပန်းလို ပန်ဆင်ပါ၊ ငါ့နှလုံးသားမြို့ရွာတစ်ခုလုံး အနာအဖျားကင်းအောင် စောင့်ရှောက်ပါ၊ အဲဒီလို ငါ့ကိုယ်ငါအော်ခေါ်ပေမယ့် ငါ့အသံငါမကြားရဘူး၊ ငါ့စိတ္တဇကို ငါမမြင်နိုင်ဘူး၊
သူ့ရဲ့  ဖြူစင်သော၊ မာယာ၊ သူ့အ၀ိဇ္ဇာနဲ့ နေ့တွေ၊ ဝေဝါး၊ ချိုမြိန်နေ၊ နာကျင်နေတာ။ ။

ဘုန်းနေသွန်း

၂၂-၂-၂၀၁၀

Advertisements