အရိပ်တွေ

မျက်နှာကြက်ဟာ သွေးစိမ်းရှင်ရှင် ပန်းထွက်လို့

မျက်လုံးတွေနဲ့ ငေးနေမိတယ်

စကားလုံးတွေနဲ့ ထိစမ်းကြည့်လို့ မရဘူး

တစ်စွန်းတစ်စ

ငါ့ဆီထိုးကျလာတဲ့လရောင်က နေလိုမီးလို

တံခါးတစ်ချပ်စာ ကောင်းကင်က အကြည့်မှားသလို

နင့်ရဲ့နှုတ်ခမ်းပါးတွေ ညမွှေးပန်းရနံ့တွေဟာ

ငါ့ရဲ့ ညကိုကွယ်ထားခဲ့တယ်

ငါ့မှာ သံသရာအဆက်ဆက်

ဆုတောင်းများခဲ့တယ် ဆုတောင်းမှားခဲ့တယ်

ရောက်လာတဲ့ နှစ်တစ်နှစ်ဟာ အသစ်ပဲ

ဖြစ်ခဲ့သမျှ ပြုခဲ့သမျှဟာ အဟောင်းပဲ

မနေ့က

နင့်ဆံပင်တွေ

နင်စီးနေကျ ဖိနပ်အဟောင်းလေး

လေမှာ

ပြိုကျနေတဲ့ နင့်ကိုယ်သင်းနံ့တွေ

စာတွေကျက်နေလို့ မျက်နှာလေး ချောင်ကျသွားတယ်

အခေါ်အပြောလည်း နည်းလာတယ်

အဲဒီ

ဒဏ်ရာက တစ်ရင်ပြီးတစ်ရင် ကူးစက်လို့၊ ပူလောင်ပြင်းပြလို့

ကူးစက်ရောဂါ ၊ ဆေးမရှိတဲ့အနာ

ငါ့မှာ

နင့်စိတ်နဲ့ နေအ၀င်

နင့်စိတ်နဲ့ သွေးစိမ်းရှင်ရှင်

နင့်စိတ်နဲ့ ကြယ်ကွယ်ညတွေ….

ဟန်ဆောင်နေသူဟာ နှိုးရခက်သလား

မသိစိတ်က နင့်အငွေ့အသက်နဲ့

ဒဏ်ရာ

သိစိတ်က ဝေးနေရတဲ့ ရက်ပေါင်းကုဋေကုဋာ

စောင့်နေရတာ ၊ မျှော်နေတာ

နင်မသိဘူး ၊ နင်မသိချင်ဘူး

ဘယ်ကန္တာရမှ ဒီလောက်ခြောက်သွေ့မှာ မဟုတ်ဘူး

ငါမှတ်မိသရွေ့

ငါ့အသက်နဲ့ နင့်နေ့တွေ

ငါ့တံခါးကို လာခေါက်နေတဲ့

နင့်ကိုယ်ငွေ့တွေ

ပြက္ခဒိန်တွေသာ ဟောင်းသွားတယ်

”တိတ်တခိုး “ ဟာ ဟောင်းမသွားဘူး

“အသည်းကွဲဂစ်တာ“ ဟာဟောင်းမသွားဘူး

“အောက်တိုဘာ ၂၄“ ဟာဟောင်းမသွားဘူး

‘’ရင်ကွဲနာ ‘’ ဟာဟောင်းမသွားဘူး

အားလုံး

မင်းစိတ်နဲ့မှ ကြွေမယ့် ပန်းတွေ ၊ ပန်းရနံ့တွေ

ခုဆို

တရားလည်း ရနေပြီ ၊ တရားလည်းကျနေပြီ

ငါမြင်နေသရွေ့ အလွမ်းတွေ၊ အနာတွေ၊ သွေးစိမ်းရှင်ရှင်တွေ

ခုဆို

သစ္စာတရားဟာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်လို့

အမှန်တရားဟာ ခေါက်ရိုးကျိုးလို့

နင့်ခြေရင်းမှာ လူးလို့ လှိမ့်လို့

ခု ၊ ငါ့ရင်နဲ့ ရေးတဲ့ကဗျာ

ငါ့အသက်နဲ့တကွ မင်းဆီပို့ပေးလိုက်ပါတယ်

ရွှန်းပငွေလ မင်းမျက်နှာ

အရာရာ

မင်းဝမ်းမြောက်ပါစေတော့။    ။

ဘုန်းနေသွန်း

၇-၂-၂၀၀၆

သရဖူ ၊ ၂၀၀၆

Advertisements