မအောင်မြင်တဲ့ မြေကြီးမှာမှ

မျိုးစေ့အမှန်ကိုပျိုးမိတယ်

ငါဟာ  အရူးအနှမ်း

အနမ်းတစ်ခြမ်းလုံးကြွေတာတောင်

မွှေးတုန်း လှတုန်း

မြတ်နိုးမှုကို တစ်စစီပုံထားတုန်း။

ပေါ့ဆတတ်တဲ့  ချစ်ခြင်းအမှားက

ကိုယ့်အပျက်ကို သံသယနဲ့မျှားခဲ့

ခြေသံလုံလုံ ဖောက်ဖျက်မှုရဲ့ နောက်ကွယ်မှာ

မင်းကမ်းလိုက်တဲ့ဓား

အသွားငါ့ဖက်

တစ်ဘဝလုံးညွှတ်နေအောင် ချစ်ခဲ့အကိုင်းအခက်

အခု ခုတ်ဖြတ်ခံလိုက်ရတယ်။

ဒီမှာ မျက်ရည်ရဲ့ ရနံ့သာ အသက်ရှူဝခဲ့ပေါ့

ဟော့ဒီ မနာကျည်းရက်တဲ့ ရိုးမြေကျဝေဒနာ

အချစ်ဟာ မူးယစ်ဆေးတစ်မျိုးသာဖြစ်ခဲ့တယ် ။

အကြည့်ဝေ့လည်လွန်းသူလေးရယ် . . .

အရေပြားကို ဖောက်ဝင်သွားတဲ့ကျည်ဆံထက်

နှလုံးသားကို စိုက်ချလိုက်တဲ့ အလွဲသုံးစားမှုကပြင်းရှလွန်းခဲ့

သစ္စာမဲ့သူ နာတာလီအတွက်နဲ့

ပုရှ်ကင်ဟာ

သေနတ်ချင်း ယှဉ်ပစ်ခဲ့ပေါ့ ။       ။

 

မင်းစိုးရာ

စရဏ မဂ္ဂဇင်း ၊ ၂၀၀၇

 

Advertisements