ငါ့ရင်ထဲက စံပယ်ရုံလေးမို့

အလှပြင်ပေးဖို့လိုဦးမှာလား

မြတ်နိုးမိတဲ့စိတ်မှာ

“မင်း . . .

ဆံပင်တွေဘာလို့ဖြတ်ပစ်ရတာလဲကွယ် ”

ကလေးလေး

မင်းအရိပ်လေးငေးမိရုံနဲ့

ငါ့အတွေးတွေ အကုန်ယူသွားတတ်သူ

ယုံကြည်မှုဟာ မင်းခြေလှမ်း

မင်းလမ်းလေးအပါ်  ဖြန့်ခင်းလဲလျောင်းပေးလိုက်စရာ

ငါ့မေတ္တာတရားသာစိမ်းခဲ့

ငါ့ကိုယ်ငါ ရုတ်သိမ်းလို့မရနိုင်။

မင်းအတွေးနဲ့ဝေးဝေးမှာ

ငါက လွမ်းဖျားလွမ်းနာကျ

မင်းဘ၀လေးထဲ အရောက်လာမယ့် ငါ့ခြေလှမ်းလည်း

ပုံလျှက်သားလဲပြိုကျပေါ့ 

ရှင်သန်ခြင်းဟာ ချိုမြိန်မှုမှမဟုတ်တာကွယ်

ခုချိန် ညီမလေးရဲ့  အိပ်စက်ခြင်းအပေါ်

လေညင်းလေးတစ်စ ဖြာကျရုံပဲဖြစ်ဖြစ်

ငါ့မေတ္တာ နင်ရစေချင်တယ်။

ကိုယ့်ညီမလေး  မေစု ရေ . . .

စကြဝဠာ အပြင်ဘက်ဆိုရင်လည်း ထွက်စောင့်ရုံပေါ့

အခုတော့

ရှက်စိတ်ကလေး နှုတ်ခမ်းမှာ ကိုက်ထားရုံ

လွယ်အိတ်အညိုလေး ရင်ခွင်ပိုက်ထားရုံ

အနမ်းနဲ့မထိခတ်ရသေးတဲ့

မင်းဆံနွယ်တစ်ကမ်းစာ အလွမ်း

ငါ့ မှာအငေးအမောနဲ့ သွယ်တန်းရတယ်။

ညီမလေးရယ် . . .

ငါကဘဝနောက်ပြေးလိုက်ရတဲ့သူ

ငါလဲရင် ငါ့ဘာသာထူရတယ်

လောကဓံကို မျက်ရည်ခံထိုးဖို့အတွက်နဲ့

တူနှစ်ကိုယ် တဲအိုပျက်လေး

ငါတို့တွေ ဘယ်လိုဘယ်ပုံဝေးရမယ် . . .

သြော် . . .ဘယ်လိုဘယ်ပုံဝေးကြမယ် . . .။      ။

 

မင်းစိုးရာ

သရဖူ မဂ္ဂဇင်း ၊၂၀၀၅

 

Advertisements