မဖွင့်တာကြာတဲ့တံခါးဟာမင်းထားခဲ့တဲ့နိမိတ်လား

နေရောင်ကိုမှငါကစိတ်ကူးကြည့်တယ်

မင်းမရှိတဲ့အဖြစ်ဟာ ဒဏ္ဍာရီလိုနူးညံ့သလောက်စိတ်ကူးစိတ်သန်းကကြမ်းတမ်းလွန်း

ဖုန်းဆိုးမြေလိုတစပြင်လို စွန့်ပစ်ခံရတဲ့ငါ့သစ္စာတရားဟာအရောက်နောက်ကျလွန်း

မင်းမကြားနိုင်ပေမဲ့ဦးဆွေးဆံမြည့်ငါ့သတိရခြင်းတွေသာမီးခဲပြာဖုံး

မင်းမသိနိုင်လည်းငါ့မှာသာသံသရာအဆက်ဆက်မျက်ရည်လွယ်

မင်းဆွေးခဲ့တဲ့အရိုးကိုပဲငါ့မှာတစ်သက်လုံးတသသ

မင်းခေါင်ခဲ့တဲ့မိုးကိုပဲငါကသေရာပါနေရတာပါညီမလေးရယ်

အိပ်မရတဲ့ညတွေမှာ

ငါဟာလွမ်းတဲ့စိတ်ကိုတဖွဖွပွတ်သတ်လို့

အိပ်မက်အသေ၊ဘ၀အရှင်

မင်းထားခဲ့တဲ့သွေးစိမ်းရှင်ရှင်လား

ငါ့အပေါ်…မင်းမညီညွတ်ခဲ့တဲ့သစ်စိမ်းချိုးလား

သက်တံလိုအစွဲအလမ်းလို

ငါ မကျွတ်မလွတ်ခဲ့တဲ့ အဖြစ်တွေ..

ခြေဦးတည့်ရာ

ရောက်ရာအရပ်မှာ ရင့်ရော်လို့

နင်လွှတ်ချခဲ့တဲ့နွေမှာ တစ်တောလုံးကြွေလို့….

အထီးကျန်

နှစ်ပေါင်းများစွာ

တို့နှစ်ဦးပြန်ဆုံတွေ့တဲ့အခါ

မင်းနာမည်လေးဘယ်လိုအသံထွက်ရမယ်

တစ်ဝက်ကြေကွဲမျက်ရည်စတွေနဲ့ရယ်။ ။

ဘုန်းနေသွန်း

perfect magazine, 2008

အောက်ဆုံးက အစိမ်းရောင်စာသားတွေက byron ရဲ့ when we two parted ကဗျာက စာသားတွေပါ။

Advertisements