You are currently browsing the monthly archive for September 2009.
တိတ်ဆိတ်စွာ…
တလွင့်လွင့် လှုပ်ခတ်နေတဲ့
ဇာပ၀ါ ခန်းစည်းလေးရယ်…
အမှောင်မလာခင် အဆောင်ပြတင်းဝက
ပြာလဲ့လဲ့ရီဝေ…
ညနေတွေ အိပ်မက်ဆန်လွန်း…
အပျော်ရွှင်ရဆုံး ဇာတ်ဝင်သီချင်းလေးရယ်
မှန်ကွဲစတွေ လိုက်ကောက်မိတော့မှ
ညဟာ ချောက်ခြားစရာ အနီရောင်တဲ့
သူ့မျက်တောင်လေးတွေ ဘယ်လောက်ရှည်ရှည်
သူ့မျက်ရည်ကို ကွယ်ထားလို့မှမရတာ
ရင်ထဲ…
တမြေ့မြေ့စိုက်ဝင်လာတဲ့ ဒဏ်ရာကိုပဲ
တယုတယ ချွန်မြနေရတယ်…။ ။
မင်းစိုးရာ
ဖက်ရှင်၊ ၂၀၀၉၊ ဇွန်။
မိုးတွေရွာနေတဲ့အခါ
မင်းမှာအရိပ်တစ်ခုရှိနေရဲ့လား
မသိစိတ်က
နောင်ဘ၀အထိဖျက်လို့ပြင်လို့မရတဲ့
ကျောက်စာ…….
အိပ်မရတဲ့ညတွေမှာ
ငါဟာလွမ်းတဲ့စိတ်ကိုတဖွဖွပွတ်သပ်လို့
အတွေးထဲ
မင်းမျက်ဝန်းလေးဘယ်ပန်းချီ
မင်းပန်ထားတဲ့ပန်းပွင့်အနီလေးဘယ်ကဗျာ
မင်းမရှိတဲ့ညတွေမှာ
ငါဟာငရဲလိုပူလောင်ပြင်းပြလို့
မင်းလေးရဲ့ဥပေက္ခာဟာ
ငါ့ဘ၀အတွက်ဒုက္ခသစ္စာပါညီမလေးရယ်……
အိပ်မရဘူး
အိပ်မက်အသေ၊ ဘ၀အရှင်
ရင်ဟာသုံးမရတဲ့ဟင်းလင်းပြင်လား
အနာတရနဲ့လမ်းတကာလွင့်စင်နေ
ဒဏ်ရာကအတွေးအထိနစ်ဝင်နေ
အပြင်မှာ
နွေ………
သစ်ရွက်တွေကတငွေ့ငွေ့ပဲ့ကျလို့
အလွမ်းကလက်ရည်တပြင်တည်းစိမ်းလန်းလို့
ဒီမှာ…..ရင်တွင်းဖွဲ့မီးအကြိမ်ကြိမ်လောင်တယ်
စကားတွေခဏခဏမှားတယ်
အိပ်မက်ထဲထိ
နှုတ်ခမ်းပါးတွေကိုမေ့လို့မရဘူး
ညီမလေး။ ။
ဘုန်းနေသွန်း
ဖွင့်ဟခက်တော့
အသံတွေ ပြာအက်တဲ့အထိ
တိတ်
ဆိတ်
ခဲ့
ရ
တယ်……
သူ့ရယ်သံကလေးနဲ့
သူမသိတဲ့ တရားမှာ လွမ်းရ
သူ့ဂီတမှာ
လရောင်ကလေးလည်း အဖိတ်ဖိတ် အစင်စင်
ညတိုင်း
သူ့အကြောင်းလေး အိပ်မက်တယ်
ချစ်ခြင်းက သူ့ထံဝင်စားတယ်
သံသရာမှာ
မြစ်လိုစီးပြီး ပင်လယ်လို လွမ်းခဲ့တဲ့ကောင်ပါ
သူ့စိတ်နဲ့နေ့တွေညတွေမှာ
ဆုတောင်းမပြည့်တဲ့ ကိုယ့်ရဲ့ကြယ်တွေသာ
အထွေးလိုက် ကြွေလို့။ ။
ဘုန်းနေသွန်း
Empress magazine, 2004
မင်းမရှိတဲ့နောက် ငါ့အိမ်ရှေ့က လမ်းကလေးမှာ နှင်းတွေတအားဝေတာာပဲ
သစ်ရွက်တွေကလည်း နှလုံးသားနဲ့မမျှအောင် တအားကြွေတာပဲ
အပြင်ကိုငေးနေမိတယ်
ငါတစ်ယောက်တည်း စကားတွေပြောနေမိတယ်
မင့်နာမည်ကို တဖွဖွရွတ်ဆိုနေမိတယ်
ဆန့်တန်းထားတဲ့ ငါ့လက်ကို မမြင်နိုင်လောက်အောင် မြူတွေဝေ့ဆိုင်းလို့
ခုန်နေတဲ့နှလုံးသားကို မမြင်နိုင်အောင် ဝေဒနာနဲ့ မှုန်မှိုင်းလို့
ရေသေပေမယ့် လှေကဝေဒနာနဲ့ ရွေ့နေတယ်
မမြင်ရခြင်း ကြိုးတစ်စ
ဝေဒနာနဲ့ လှမ်းလှမ်းဆွဲမိပြန်တယ်။ ။
ဘုန်းနေသွန်း
၅-၇-၀၉
အနီးဆုံးသွေးမှာ
အဝေးဆုံးချစ်တတ်ခဲ့။
တစ်ယောက်နဲ့တစ်ယောက်
ကောင်းကင်တစ်စင်းအောက်မှာ
ကောင်းကင်တစ်စင်းခြားနားနေသလိုမျိုး
ပုံပြင်ဆန်သော ပန်းများပွင့်တယ်။
နေမသာဘူး
နေကြာပန်းတွေသာတယ်
သူ့ဇာတ်လမ်းမှာ
အချစ်နဲ့စစ်ဟာ အစွယ်တစ်ငေါငေါ
သတိရခြင်းဟာ နိမိတ်ပုံ။
ဝှက်ဖဲတစ်ချပ်လို
ဓားအိမ်ထဲက ဓားလွတ်တစ်စင်းလို
ချစ်ခြင်း။ ။
ဘုန်းနေသွန်း
(၂၀၀၃လောက်က ရေးခဲ့တာ၊ တတိယနှစ်ကျောင်းသားဘဝမှာ။)
ပွဲစဉ်တစ်လျှောက် ဘ၀တစ်ခုလုံး
အ၀ါကတ်ပြ သတိပေးခံထားရတဲ့
မင်းအကြောင်းအနာဂတ် အိမ်မက်လေးတွေနဲ့
ငါ့မှာ
နောက်ဆုံးခံစစ်မျှော်လင့်ချက်တွေကလည်း
မင်းရဲ့မာယာ ပရိယာယ် ကြွယ်ဝမှုတွေထဲမှာ
မင်းရဲ့ လှပသေသပ်တဲ့ကစားဟန်တွေထဲမှာ
အယိမ်းယိမ်.အယိုင်ယိုင်ပြိုလဲလို့ ကျရှုံးလို့
မင်းဟာ
နာကျင်ဖွယ်ရာ အကြည့်စူးစူးတွေကို
အကောင်းဆုံး ဖန်တီး ဖြတ်တင် ပေးပို့နိုင်သူ
ကြေကွဲစရာ အကောင်းဆုံး ဂိုးများကို
ကျွမ်းကျင်စွာ အဆုံးသတ်နိုင်သူ တိုက်စစ်မှုးတစ်ယောက်
မင်းရဲ့နှလုံးသား အိမ်ကွင်းမှာ
မင်းရဲ့အထူးခြေစွမ်းပြတိုက်စစ်နဲ့အတူ
ငါ့မေတ္တာတရားဟာ ပေးဂိုးများခဲ့ရပါပြီ
ငါဟာ မင်းချစ်ခြင်း မှာ ဂိုးပြတ်ရှုံးခဲ့ရသူ
အသင်းငယ်လေး တစ်သင်းပါ
နာကျင်မှုအတွက်
အချိန်ပိုဆိုတာမလိုအပ်တော့ပါဘူး ညီမလေးရယ်
ပြတ်သားထင်ရှားသော အနိုင်မှာ
မင်းတစ်ယောက်
ပျော် ရွှင်စွာအောင်ပွဲခံနိုင်ပါစေတော့ ။ ။
သုမင်းညို
(သုမင်းညိုရဲ့ ကဗျာတွေကို http://thuminnyo.wordpress.com မှာဖတ်ရှုနိုင်ပါတယ်ခင်ဗျား)
သူ့အကြောင်းတွေးမိတဲ့အခါ
လမင်းကြီးက မီးပုံးလေးဖြစ်သွားပြီး
မီးပုံးလေးက လမင်းကြီးဖြစ်သွားတယ်
အိမ်အပြန် သနပ်ခါးနံ့လေးမှာ
ဆီမီးဝါ၀ါ လရောင်ပြာပြာဇာတ်ဝင်ခန်း
သူ့ဆံနွယ်လေး လေအလွင့်မှာ
ကိုယ့်စိတ္တဇက တငြိမ့်ငြိမ့် ဒေါင်းယာဉ်ပျံ
နောက်ဆုံး
မဟော်ဂနီပန်းပွင့်လေးသာ
တယုတယလေမှာ ချိတ်တွယ်လို့
မေ့ပျောက်လို့ မရနိုင်
နွံ။ ။
ဘုန်းနေသွန်း
၂၀- ၉-၀၉
မိုးလေလဲ ကင်းလွတ်တော့မယ် …သီတင်းလဲ ကျွတ်တော့မယ်….ကျွန်တော့်ကို ဘယ်သူများလာကန်တော့မှာ ပါလိမ့်ဗျာ… 🙂
၂၀၀၄ လောက်က စုံထောက်မဂ္ဂဇင်းမှာ ဖော်ပြပါရှိပြီးသား ရာသီဖွဲ့ ကဗျာပါ…ကျေးဇူးပါ…
ပင့်သက်ရှိုက်ပုံက အစ
အလိုမကျမျက်စောင်းခဲပုံအဆုံး
သူ့အရိပ်အယောင်အားလုံးကဗျာ။
အစိမ်းရောင်ဆက်ဆံရေးတွေ
ကိုယ့်အမြင်မှာ အသက်ဝင်သောပန်းနုရောင်
အဲဒီလို
အချစ်က အာရုံတွေကို မှောက်မှားစေတယ်။
တစ်နေ့တစ်နေ့
သူ့မျက်နှာ မိုးလေဝသကို အကဲခတ်
မိန်းကလေးသဘာဝနဲ့
နှစ်ကိုယ့်တစ်စိတ်အဝေးက အရသာ
အိပ်မက်ထဲ သူ့ရယ်သံတွေ ပဲ့တင်ထပ်လို့။
တိတ်တဆိတ်
ရင်ထဲ ပင့်ကူမျှင်နေတဲ့ ချစ်မေတ္တာ
အတွေးလွန်စီးဆင်းနေတဲ့ စမ်းချောင်းလေးဟာ
သူ့အဓိပ္ပါယ်နဲ့။
သူ့ရနံ့အနား လိပ်ပြာလိုရစ်ဝဲနေမိရုံ
သူ့ဆီလျှောက်ဖြစ်တဲ့လမ်းမှာ
ဘယ်လို မျှော်လင့်ချက်မှ ခင်းမထားဘူး။
ဘယ်သူလဲ
မသိရသေးတဲ့ သူ့နာမည်
စိတ်ထဲက အသံတိတ်ရေရွတ်လို့
မိန်းကလေး
လွမ်းမိတဲ့အခါ
“ကိုယ့်အမှောင်မှာ လင်းနေတဲ့ ကြယ်တာရာတစ်လုံးအကြောင်း”
သတ်ပုံအမှားနဲ့ ရေးမိတယ်။
အောင်ရင်ငြိမ်း
သရဖူမဂ္ဂဇင်း ၊ ၂၀၀၄ ၊ သြဂုတ်။
(အဆောင်က စာကြည့်တိုက်အသေးလေးက မတော်တဆတွေ့ ရတဲ့ ကိုအောင်ရင်ငြိမ်းရဲ့ ကဗျာပါ။ တစ်ခါမှလည်း မဖတ်ဘူးလို့ ၊ ပြီးတော့ သဘောလည်းကျလို့ တင်လိုက်ပါတယ်။)
………………………………………………………………………………………………………………………………………………………………………………………………
………………………………………………………………………………………………
……………………………….ကျွန်တော့်မှာ ကိုယ်စောင့်နတ်ဆိုတာရှိခဲ့ရင်တောင် မနှင်းဆီနာမည်နဲ့နေမှာပါ မနှင်းဆီရယ်။ ဝေးကွာခြင်းဟာ ဟိုးချောက်ကမ်းပါးနက်နက်ထိ ဆွဲခေါ် ညှို့ယူပြီးရင် လွမ်းဆွတ်ခြင်းဟာ ကြိုးစင်ပေါ်မှာ တေးတစ်ပုဒ်ကို သီကျူးနေလိမ့်မယ်။ ခုဆို ဘယ်ပုံဘယ်ခရီးဆက်လို့ ဘယ်လိုအိပ်မက်တွေနဲ့ ခင်ဗျားပျော်မွေ့နေသလဲမနှင်းဆီ။ ခင်ဗျားဘယ်ဆီမှာလဲ မနှင်းဆီ။ ဒီလိုနဲ့ ဘဝဆိုတာနေမညိုခင် မျက်ရည်ဆိုတာ မတိမ်ကောတဲ့ စီးဆင်းမှုပဲလား။
ဟိုမှာ ကြိုးကြာငှက်တွေက ဆည်းဆာကို ရင်နဲ့တိုးဝှေ့ပြီး ပျံသန်းသွားနေကြတယ်။ ဘဝရဲ့ သုခုမတစ်ရပ်လုံးဟာ မနှင်းဆီရဲ့ အပြုံးတွေနဲ့ပဲ စိုရွှဲနေပေါ့။ ရင်ထဲမှာ လှိုင်းတွေက တအုန်းအုန်း….ကမ်းပါးတွေက ပြိုနေတယ်။ မနှင်းဆီက ကျွန်တော့် အချစ်ထဲ ခုန်ချဖို့ ငြင်းဆန်ခဲ့တယ်။ သိခဲ့ပါပြီမနှင်းဆီရယ်။ အချစ်ဆိုတာ လေကလေးတချွန်ချွန်နဲ့ မဟုတ်ဘူးဆိုတာ။
ခေါင်းလောင်းထိုးသံတွေက အက်ကွဲစွာ မြည်နေတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ်။ အချစ်ဆိုတာ နောင်နှစ်တွေ အတော်ကြာမှ ပြန်ပြောင်းပြောဆိုရင်း ရယ်မောရတတ်တဲ့ အဆွေးနဲ့ မြေ့မြေ့ ပျက်လုံးတစ်ခုတဲ့။ ကျွန်တော်မရယ်နိုင်ခဲ့ပါဘူးမနှင်းဆီရယ်……………………………………………………………………………………………………………………………………………………………………………………………………………..
စံညိမ်းဦး
မင်္ဂလာမဂ္ဂဇင်း ၊ ၁၉၉၇၊ ဒီဇင်ဘာ။
(ဟိုတစ်လောက စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်တဲ့ မြန်မာအက်ဆေး-၁၀၀ ဆိုတဲ့ စာအုပ်မှာပါတဲ့ ကဗျာဆရာစံညိမ်းဦးရဲ့ အက်ဆေးပါ။ တစ်စိတ်တစ်ပိုင်းလောက်ပဲ ကူးယူပြီးတင်လိုက်တာပါ။)
လွမ်းလွန်းလို့
ပြာနေတဲ့ကောင်းကင်ကြီးကို မော့ကြည့်ပြီး
မသိစိတ်ကလေးနဲ့ လိုက်ပြာနေမိတယ်
ဘ၀မှာ အမြဲတမ်းနောက်ကျခဲ့တာတွေ
အချစ်ရေးမှာ ကံမကောင်းခဲ့တာတွေ
ဒါတွေဟာ ရေပွက်ပမာဆိုပေမယ့်
အဲဒီရေပွက်တွေထဲ
ဘ၀တစ်ခုလုံး ဆွဲနှစ်နေမိတယ်
ဒီလိုအချိန်
သူ့ဆီကို တယ်လီဖုန်းဆက်ရင် ကောင်းမလား
မတွေ့ရတဲ့နှစ်တွေမှာ
တံတိုင်းများစွာ ခြားနားနေခဲ့ပြီလား
လွမ်းလွန်းလို့ နံရံကို လက်သီးနဲ့ ထိုးမိတာ
လွမ်းလွန်းလို့
ဘယ်သူမှ မသိအောင်ကျိတ်မှိတ်နာကျင်ခဲ့တာတွေ
တစ်ချိန်က
နေရာအဟောင်းလေးမှာ ဝေနေတဲ့နှင်းတွေကိုပဲ
လက်နဲ့
သပ်သပ်ချနေမိတော့တယ်။ ။
ဘုန်းနေသွန်း
၂၉ – ၈- ၂၀၀၈
၂၀၀၈ ရဲ့ တစ်မနက်။ ကျွန်တော်လွမ်းလွန်းလို့ရေးခဲ့တာ။ ဘယိမဂဇင်းကိုမှ မပို့ခဲဘူး။
လောလောလတ်လတ် ဝေဖန်စကားများ