You are currently browsing the monthly archive for July 2009.
အမှတ်တမဲ့ နှင်းကို ဝင်ကြည့် ကြတဲ့ အားလုံးကို ကျေးဇူးပါ။ စာရိုက်တာ အောက်ကမြစ်တွေနေရာမှားနေတာကို ခွင့်လွှတ်ကြပါ။ အားလုံးကို လင့်ခ်တွေယူထားပါတယ်။
အတွေးအခေါ်က မျက်လုံးတွေမှာလား
အမိုးမလုံ အကာမလုံ
လမ်းကလေးက မျက်ရည်နဲ့ စွတ်စိုနေ။
ရာသီက
စံပါယ်သံတွေ ခြောင်းခြောင်းထလို့။
နွယ်ရိပ်သစ်ရိပ်မှာ စိမ်းလန်းရမလား
နေသာချိန်အပြာဆီ
စိတ်ကူးစွန်ကလေး ခြေဦးတည့်ရာ
လွင့်နေ။
ရာသီက
စံပါယ်သံတွေ ခြောင်းခြောင်းထလို့။
သူ့ကိုလွမ်းတော့ ဘယ်ဆီပျံသန်းရမယ်
မိုးတိမ်
ရင်ခုန်သံတစ်ဖျောက်ဖျောက်မိုးပွင့်ကြွေ ၊
ဒီဘဝ ဒီမျှပဲ
ဖြတ်သွားဖြတ်လာ နှလုံးသားလေး နာဖျားခဲ့ပုံ။ ။
ဘုန်းနေသွန်း
Faces Magazine; 2006
မိုးညဟာ တိတ်ဆိတ်နေတယ်။ ကြယ်စင်တွေ တချို့တ၀က်လင်းမြ ….
တချို့အလင်းပြယ်လို့ ။ သန်းခေါင်ယံဟာ အမှောင်ကို ဝေနေအောင် ပန်ဆင်ထားတယ် ။
အရမ်းလွမ်းတယ်…..
အရမ်းလွမ်းတယ်…..
အရမ်းလွမ်းတယ် ညီမလေးရယ်….
ခုချိန်ဆို နင်တစ်ယောက်အိပ်စက်ပျော်မောနေလောက်ပြီလား ။ ဒါမှမဟုတ် များပြားလွန်းလှတဲ့ ဆေးပညာဘာသာရပ်တွေမှာ ခေါင်းမဖော်နိုင်အောင် အလုပ်ရှုပ်နေမှာလား ။ သေချာတာကတော့ ငါအရမ်းလွမ်းနေခဲ့ပါတယ် ညီမလေးရယ် …. ငါ့ရဲ့ဝေဒနာကို ပျောက်ကင်းအောင် ကုစားပေးဖို့ရာ နင့်ရဲ့ကျောင်းတော်ကြီးက မသင်ကြားပေးခဲ့ဘူးတဲ့လား ။
နင်မရှိတဲ့နောက် အရာရာ အဓိပ္ပါယ်မဲ့ပျောက်ဆုံးခဲ့ရပြီ ။ ငါ့အဖို့ အရာရာဟာ အသက်မဲ့စွာ …. ခြောက်သွေ့တိတ်ဆိတ်စွာ…. ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာလည်း ငါတစ်ယောက်တည်း မလျှောက်ချင်တော့ပါဘူးကွယ်။ နှစ်ယောက်အတူတူထိုင်ခဲ့တဲ့ ကော်ဖီဆိုင်မှာလည်း ကော်ဖီနှစ်ခွက်ဟာ သွေးပျက်ဖွယ်ရာ တိတ်ဆိတ်အေးစက်လို့ …. နာကျင်ခြင်းများစွာနဲ့ ငါဟာ နာကျင် …. အထီးကျန်မှုများစွာနဲ့ ငါဟာအထီးကျန်လို့ …. ကျားနာတစ်ကောင်လို ငါဟာ သွေးရူးသွေးတန်း လွမ်းဆွတ်နေခဲ့ပါတယ် ညီမလေးရယ် ။
သူရူးတစ်ယောက်လို လေလွင့်လို့ ….ကြွေသွားတဲ့ကြယ်တွေကို ငေးမောနာကျင်လို့ ….
နင်မရှိတဲ့နောက်…….
နင်မရှိတဲ့နောက်…….
နင်မရှိတဲ့နောက်…….
တစ်ချိန်က မိုးရာသီနေ့ရက်တွေ ရောက်ရှိမလာခင် ပူနွေးတဲ့ နေရောင်ခြည်ရဲ့အောက် ငါ့ရင်ဘတ်ထဲမှာ ချစ်ခြင်းမေတ္တာဟာ ပန်းလိုပွင့်ဖူးခဲ့တယ် ။ ငါ့ရင်ခွင်ထဲမှာ ငါချစ်ရတဲ့ ညီမလေးနင်ဟာ တိတ်တိတ်ကလေး ကြည်နူးငြိမ်သက်နေခဲ့ဘူးတယ် ။ ပြီးဆုံးခဲ့ပြီဆိုပေမယ့် အရာရာဟာ မနေ့တစ်နေ့ကလို … ငါ့အတွက် ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တဲ့ ဒဏ္ဍာရီပြဇာတ်တစ်ပုဒ်လို … တကယ်ဆို ဘာကိုမှ မမျှော်လင့်စွာ ငါသက်ဝင်ချစ်ခင်ခဲ့ပါတယ် ညီမလေးရယ် ။ ငါ့ဘ၀ရဲ့ အမှောင် ၊ အလင်း ၊ ချစ်ခြင်းမေတ္တာ … အားလုံးဟာ နင့်တစ်ယောက်သာ ရည်ရွယ်ကြောင်း ငါ့နှလုံးသွေးနဲ့ ရင်းပြီး သစ္စာပြုမယ် ။ ငါ့ချစ်ခြင်းမေတ္တာနဲ့ နင့်အပေါ် ဦးဆွေးဆံမြည့် စောင့်သိရိုသေမယ်။ နင်နဲ့ပတ်သတ်ခဲ့သမျှအရာရာ ငါဟာ လေးနက်ယုံကြည်စွာ ချစ်ခဲ့ကြောင်း ဒီမြေဒီကမ္ဘာကို နာကျင်စွာ တိုင်တည်ခဲ့ပါတယ် ။
ငါ့မျက်ရည်နဲ့ ခင်းတဲ့လမ်းဆိုလည်း …..
နင်
ကြည်နူးချမ်းမြေ့ပါစေတော့ကွယ် …… ။ ။
ဘုန်းနေသွန်း
၂၀၀၉ ၊ ဧပြီ။
ကောင်းကင်ပေါ်
မင်းပန်ထားတဲ့ ပန်းတွေပစ်တင်လိုက်
ပြန်ကျလာမှာ ငါ့သစ္စာတရားပဲ
နေပူမရှောင် မိုးရွာမရှောင်
ငါတို့တောက်ပခဲ့တာ အချစ်ပဲ
အချစ်ရယ်….
အချစ်ကို ရတနာလိုဆင်မြန်းပြီးမင်းပြုံးပါ
ငါ့နှုတ်ခမ်းတွေကို ပျားရည်လိုမင်းချိုပါ
ငါ့သစ္စာတရားကို
ဘုရားသခင်လို မင်းယုံကြည်ပါ
ဒါ
ငါတို့အတွက် မဆုံးနိုင်တဲ့
နှစ်ယောက်ကမ္ဘာ။ ။
ဘုန်းနေသွန်း
၂၀၀၆
ရှားရှားပါးပါးရေးဖြစ်တဲ့ အချစ်ကဗျာပါ။ ကဗျာထဲမှာပျော်ရွှင်စရာကောင်းပေမယ့် ဒါဟာကဗျာထဲမှာပဲရှိမှာပါ။ တကယ့်လောကမှာရော….
သတိရတာထက် ပိုပြီးသတိရတဲ့ညပါ
သတိတရစိတ်က တစ်ပင်လုံးပွင့်ဝေလို့
ကြိုးပြတ်သွားတဲ့ လေတံခွန်လေးကို
နှလုံးသားနဲ့ ရစ်ယူမိတယ်
တကယ်ဆို
သူ့အပြုံးလေးတစ်ချက်က အစ
အပြစ်ကင်းစင်တဲ့ သနပ်ခါးနံ့လေးအဆုံး
ရင်ကို အသိမ်မွေ့ဆုံး ညှို့ယူလို့
သူ့ရဲ့ဆံနွယ်တွေသာ
ကိုယ့်ညတွေမှာ ရစ်ပတ်တွယ်နှောင်လို့
သူ…. မသိတဲ့ ကဗျာ
သူ့မျက်ဝန်းလေး ညှို့ပြာရီ
ကိုယ့်အလွမ်းနဲ့သာ ကမ္ဘာတည်တော့။ ။
ဘုန်းနေသွန်း
Fashion Image Magazine; 2007
ဘယ်ကိုဆန်မှာလဲ
အရောက်နောက်ကျလွန်းတဲ့ သစ္စာတရားဆီကိုလား
တိမ်တွေကို
လှည့်ဖြားတတ်တဲ့ မိုးကုပ်စက်ဝိုင်းအထိလား
ဒဏ္ဍာရီထဲကလို
ကမ်းစပ်ဆီ ဦးဆွေးဆံမြည့်အရောက်လာမယ့်
လှိုင်းတွေ
နှလုံးသားနဲ့ ဖြည့်မှပြည့်မယ့် ကွက်လပ်တွေအများကြီးနဲ့
နေအဝင်။ ။
ဘုန်းနေသွန်း
၂၀-၇-၂၀၀၉
မင်းကိုမြင်ကတည်းက
ရင်ထဲမှာ
မိုးကတစ်ခါမှမရွာသွန်းဘူး
စွဲလမ်းစရာ မည်မည်ရရမရှိ
မင်းမျက်နှာလေးကိုမြင်နေရုံ
ဒါကိုပဲ နှလုံးခုန်မြန်တယ်
အခါခါခိုးကြည့်ရဖူးတဲ့ မျက်ဝန်းညိုလေးက
တလက်လက်တောက်ပလို့
ဘာကိုမှမစဉ်းစားချင်တော့ဘူး
ချစ်တယ်ဆိုတာတစ်ခုတည်းပဲ
ပြောဖြစ်တော့မယ်။
အောင်ပိုင်စိုး
(သရဖူ မဂ္ဂဇင်း၊ ၂၀၀၅)
မင်းရှိနေတုန်းက
ကမ္ဘာဟာငါ့ဘက်ခြမ်းမှာ ပိုလှနေတယ်
လွှဖြူစိုလဲ့နေတဲ့အကြည့်တွေနဲ့
တဒေါက်ဒေါက်ခေါက်လိုခေါက်
အတွေးထဲကိုခဏခဏဖြတ်လျှောက်ဖူးတယ်
သံသယမဲ့စွာ
နှလုံးသားကွန်ချက်မှာအညံ့ခံဖို့
ငါဖွင့်ဖောက်ခဲ့မိပါတယ်
အတိတ်စိမ်းစိမ်းထဲ
ချစ်ခြင်းမေတ္တာတမြမြနဲ့
အိပ်မက်အိမ်လေးတည်ဆောက်
မင်းအဆင်းကို အလင်းတွေတိုက်ရင်
ဘယ်ဘက်ရင်တစ်ခုလုံးကြွေကျ
ရောဂါခပ်သိမ်းကင်းငြိမ်းလို့ပေါ့
အခုတော့
အလွမ်းပွင့်ထဲမှာ မင်းအရိပ်လေးကိုပွတ်သပ်
နေ့တိုင်းဟာတနင်္ဂနွေမဟုတ်ကြောင်း
စိတ်နဲ့ဆတ်ဆတ်ကြားဖူးပါပြီ
တင်းတင်းပြည့်ပြည့်ရူးသွပ်နေဖို့
မင်းရောငါရော
တကယ်တမ်းမအားကြရှာဘူး
တစ်ခါဆုပ်တစ်ခါစူး
တစ်ခါစားတစ်ခါရူးဖူးလို့
တဖွဖွဆုတောင်းလိုက်ပါတယ်
ဒီဖေဖော်ဝါရီကစ
နှလုံးသားများ အသေအပျောက်မရှိစေရ ။ ။
ကျော်ကျော်ထိုက်
(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)
ဒဏ္ဍာရီ
နှင်းဆီ
ကိန္နရာ၊ကိန္နရီ
ဒီ
နေ့
က
စ
နောက်
ပြန်
ရေ
တွက်ကြည့်ရင်
ဟိုး…အဝေး
အဝေးမှာ ဆတ်ဆတ်ခါအောင် ပြာနေတဲ့နှင်းတွေ
အနမ်းနဲ့ အကွာအဝေးမည်၍မည်မျှ
အလွမ်းနဲ့ အကွာအဝေးမည်၍မည်မျှ
သူရဲကောင်းတွေကို
ဘယ်လိုဂုဏ်ပြုရမှန်းမသိတော့တဲ့အခါ
အချစ်ဟာ
ဖုန်မှုန့်လေးနောက်မှာ ကွယ်နေရတဲ့
ငှက်ပျောရွက်ဖါးဖါးကြီးတွေ။ ။
မင်းစိုးရာ
(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)
ဒီကဗျာနဲ့ပတ်သတ်ပြီး မင်းစိုးရာကို မေးကြည့်တော့ ခေါင်းစဉ်က ဟင်္သာတထွန်းရင်ရဲ့ သီချင်းတစ်ပိုင်းတစ်စလို့ သိရပါတယ်။
အစကပြန်မပြောချင်တော့ဘူး
ကော်ဖီကို ဇွန်းနဲ့မွှေလိုက်သလို
တယ်လီဖုန်းခေါ်သံကြားရင်
တစ်ခုခုကိုသတိရနေတော့တယ်
ဘာမှမဟုတ်တော့ဘူး ဆိုတာကိုက
ဟုတ်ပါသေးတယ်
စေတီတော်ခြေရင်းပြန်ရောက်သောအခါ
ဒူးတုတ်ပြီးထိုင်ချလိုက်တယ်
အိပ်မက်တွေလိုရာမရောက်ခဲ့. . .
မျက်စေ့နာနေသလို စိတ်ကဆင်းရဲ…
ပန်းကလည်းတစ်ကုံးစာမပြည့်နဲ့ . . .
ဒဏ်ရာနဲ့ဆတူရောထားတဲ့
ဆုတောင်းသံတိုးလျလျ
လက်ရေးမူအတိုင်း
စိတ်ချလက်ချထားခဲ့ပြီး
လမ်းကြုံလို့လိုက်သွားတယ်မှတ်တယ် ။ ။
သူရနီ
(ဖေဖော်ဝါရီသံခိပ် ကဗျာစုမှ…………)
tragedy-(အလွန်ကြေကွဲဖွယ်ရာ အဖြစ်အပျက်)
လောလောလတ်လတ် ဝေဖန်စကားများ