You are currently browsing the monthly archive for June 2009.

မင်းကြိုက်တဲ့ပေါ့(ပ်)သီချင်တစ်ပုဒ်ကို

အကြိမ်ကြိမ်ရွတ်ဆိုမိသလိုမျိုး

အဆုံးသတ်ခါစကဗျာတစ်ပုဒ်ကို

အကြိမ်ကြိမ်ပြန်ဖတ်မိသလိုမျိုး

မင်းမျက်ဝန်းလေးကို ငါဟာ ငေးအကြည့်


ရွာမယ်ပြင်တဲ့တိမ်စတွေလို

မင်းမျက်ဝန်းမှာ မျက်ရည်စတွေ ခိုတွဲလို့ ။


မငိုလိုက်ပါနဲ့ ညီမလေးရယ်

မင်းမျက်ရည်ဟာ

ငါ့ဘ၀ထဲကိုအရှိန်နဲ့ကျလာမယ့် အပူမီးပဲ

မင်းရှိုက်သံဟာ

ငါ့ဘ၀ကို ခြောက်လှန့်နေမယ့်

စိတ္တဇပဲ ။


တဆတ်ဆတ်တုန်နေတဲ့ မင်းနှုတ်ခမ်းမှာ

ဘယ်တော့မှ မဖွင့်ဆိုဖြစ်တော့မယ့်

ငါတို့နှစ်ယောက် ချစ်ခြင်းအဓိပ္ပါယ်များ

ငါတို့နှစ်ယောက်အနာဂတ်အဓိပ္ပါယ်များ ။


ငါ့ဘ၀ထဲက ထွက်သွားတော့မယ့်

ညီမလေးရေ

မင်းကိုယ်တိုင်ပြင်ဆင်ရေးဆွဲမယ့်

မင်းဘ၀ ပန်းချီကားအသစ်မှာ

ငါ့အသွေးအသားကို ခံဆေးအဖြစ် အသုံးပြုပါ

မင်းအလှအပတွေနဲ့ ဖြည့်စွက်ခြယ်သပါ

ငါ့နာကျင်ခြင်းကို ဘောင်ခတ်ပါ ။


“ငါ့ဘ၀ရဲ့အဝေးမှာ

မင်းတစ်ယောက် ပျော်ရွှင်နိုင်ပါစေသား”ဆုတောင်းတွေနဲ့

အိမ်ပြန်ချိန်

ညနေဆည်းဆာဟာ

ကြေကွဲစရာကောင်းလွန်းတယ် ။

(စက်တင်ဘာ၊၂၀၀၇ ကန်ဘောင်ညနေခင်းလေးသို့ အမှတ်တရ)

သုမင်းညို

8,may,2009(FRI)

Advertisements

တစ်ယောက်တည်းနေ့

တစ်ယောက်တည်းည

မင်းအကြောင်းကိုတွေးတွေးနေမိတာက

ရူ;နိုင်လောက်တဲ့အရာ

ငါ့မှာ

မင်းမရှိတော့တဲ့နေ့စွဲတွေနဲ့

မင်းမရှိတော့တဲ့မနက်ဖြန်

မင်းမရှိတော့တဲ့ကဗျာအရေးအသားနဲ့

မင်းမရှိတော့တဲ့နေ့စွဲတွေကိုဖြတ်သန်းလို့

မင်းဆံနွယ်လေး အဝေးမှာ

ရင်ခွင်ထဲပြိုကျခဲ့ဖူးတဲ့မင်းကိုယ်သင်းရနံ့နဲ့

မင်းသနပ်ခါးနံ့မွှေးမွှေး

ဝေးနေ

ရစ်နှောင်မိလေသမျှ သံယောဇဉ်နဲ့ တစ်စုံတစ်ရာကိုလွမ်းဆွတ်လို့

ပတ်သက်ခဲံ့ဖူးသမျှ အတိတ်နဲ့ တစ်စုံတစ်ရာကိုတမ်းတလို့

စွန်းထင်းခဲ့ဖူးသမျှ

အတိတ်ဟာ အတိတ်အတိုင်းရှိပါစေ

အရိပ်ဟာ အရိပ်အတိုင်းရှိပါစေ

ငါ့အကြောင်းမပါတော့တဲ့ မင်းရဲ့မနက်ဖြန်တွေမှာ

မင်းမျှော်လင့်ချက်တိုင်း ဖူးပွင့်နိုင်ပါစေ

မင်းအိပ်မက်တိုင်း လန်းဆန်းနိုင်ပါစေ

မင်းအနာဂတ်တိုင်း မွှေးပျံနိုင်ပါစေ

ငါ့ချစ်ခြင်း၏ ဧရိယာပြင်ပမှအရာရာ

မင်းတစ်ယောက်မှာ ပြည့်စုံနိုင်ပါစေလို့

ငါဆုတောင်းလိုက်ပါတယ် ။ ။

သုမင်းညို

PEOPLE MAGAZINE,MARCH,2009

အခု

ငါနောက်ဆုံးရေးဖြစ်တဲ့ကဗျာက

မင်းအကြောင်းတွေဆိုရင်

အံ့အားသင့်နေတဲ့မျက်နှာလေးနဲ့

အရင်လို မင်းရယ်ဦးမှာလား “နှင်း” ။


မင်းရယ်သံတွေလို ၊ မင်းနွေးထွေးမှုတွေလို

ဘာမှ မသေချာတော့သော ငါ့အနာဂါတ်နေ့စွဲများ

မင်းကိုယ်သင်းရနံ့လို

လေလွင့်ပျောက်ကွယ်သွားသော မင်းသစ္စာတရားများ ။


မင်းနဲ့အဝေးမှာ

ငါတစ်ယောက်တည်း

အန္တရာယ်တွေနဲ့ အသက်ဆက် နေထိုင်ခဲ့ရ ။


ညာလက်နဲ့ရေးနေကျ မင်းနာမည်လှလှလေး

ဘယ်လက်နဲ့ပြောင်းရေးရင်

မပီမပြင် အံမ၀င်တော့သလိုမျိုး

လမ်းဟောင်းတွေမှာ

အဆင်မပြမှုမှာ အရာရာဟာလွဲချော် ယောင်မှားလို့ ။


မင်းကိုမေ့လိုက်ဖို့ဆိုတာကလည်း

ခပ်ညံ့ညံ့ ဘောလုံးအသင်းတစ်သင်း

တန်းဆင်းဇုန်မှာ ရုန်းကန် လှုပ်ရှား ရသလိုပါပဲ ။


မေ့ပျောက်ဖို့ ကြိုးစားနေခြင်းက

သတိတရရှိနေခြင်းလို့

ငါ …

ဒီကဗျာနဲ့

နာကျင်စွာ ဘာသာပြန် ဖွဲ့ ဆိုလိုက်ပါတယ် နှင်း ။ ။

သုမင်းညို

အခန်းထဲ
ရေးလက်စကဗျာတွေပျံ့ကျဲလို့
ဘာမှမဖြစ်သလိုနေလိုက်စမ်းပါအစ်ကိုရာ

ပြောမိတိုင်း
ဘာမှမဖြစ်ပါဘူးညီလေးရာ အေးဆေးပါ တဲ့
ကိုယ့်ကိုယ်ကိုညာတယ် တောင်ပေါ်သူလေးကိုညာတယ်
အစ်ကို့ကိုကြည့်ရတာ အန္တရာယ်တွေနဲ့
ရှော့ခ်ရှိလာနိုင်တဲ့အခြေအနေ စိုးရိမ်စရာအနေအထား
အခန်းအပြည့် ကွဲကြေမှုတွေဟာ
အခိုးအငွေ့တွေလိုအထပ်ထပ်ရစ်ဝိုင်းလို့
အထင်တွေလွဲခဲ့တာပဲဖြစ်ဖြစ် အမြင်တွေကွဲခဲ့တာပဲဖြစ်ဖြစ်
တစ်ယောက်နဲ့တစ်ယောက်ဟာ ကမ်းနှစ်ဖက်လို ကွာဝေးလို့
အခန်းအပြင်ကရွာတဲ့မိုးမှာစိတ္တဇတွေနဲ့
တိုက်ဆိုင်မှုတွေရှိလာတာပဲဖြစ်ဖြစ် သတိတရရှိလာတာပဲဖြစ်ဖြစ်
တယ်လီဖုန်းကြိုးတွေချိက်ဆက်သွယ်တန်းနေတာကိုပဲကြည့်ကြည့်
ပြည်လမ်းမပေါ်က အဝေးပြေးကာတွေကိုပဲငေးကြည့်ကြည့်
အတိတ်တွေရှိခဲ့ဖူးရာမကွေးမြို့လေးကိုပဲတွေးကြည့်ကြည့်
မေ၇ာက်ဖြစ်တော့တဲ့တောင်ကြီးမြို့လေးက သူမရှိနေရာ
ဆေးရုံလေးကို စိတ်ကူးနဲ့ပဲရနဲ့ဖြာကြည့်ကြည့်
အလွမ်းအဆွေးဆိုတာ သစ်ကိုင်းမှာငြိနေတဲ့ စွန်တစ်ချပ်လိုပဲလို့
သူ့ဘ၀ကိုသောက်လက်စစီးကရက်တစ်လိပ်လိုထိုးခြေရင်း
ကဗျာဆရာတစ်ယောက်ပီပီ ကွဲကွဲကြေကြေပြောတယ်
သူမအတွက်သူရေးလက်စကဗျာထဲတစ်ပုဒ်ထဲကလို
သူမကိုနှင်းနုရောင်ပန်လေးတစ်ပွင့်လို
အမြဲတမ်းရှိနေနိုင်ပါစေဆူတောင်းတွေနဲ့
သူမအဝေးကိုသွားဖို့တွေးတွေးနေရင်းက
““အထင်မလွဲပါနဲ့နော်…အရာရာအားလုံးအတွက်ကျေးဖူးတင်ပါတယ်””
တောင်ပေါ်သူလေးရဲ့ ငြို့တက်လာတဲ့ စကားသံဝဲ၀ဲလေးမှာ
ကျွန်တော့်အစ်ကို ကဗျာဆရာတစ်ယောက်ရဲ့ဘ၀လည်း
အဝေးဆုံးကိုလေလွင့်သွားတော့တာပဲ ။         ။

သုမင်းညို
thuminnyo.poet@gmail.com

16.june.2009

် ဘယ်သူမှမရှိတဲ့ ခြောက်ကပ် တိတ်ဆိတ် အခန်းထဲ

ငါရှိနေတယ်

အသက်ရှုနေသေးလို့

ငါရှိတာကို သိတာပါကွာ ။

မုန်းတီး နာကျည် ပေမယ့် စွဲမက်နေဆဲ

တစ်နေ့နေ့ တစ်ချိန်ချိန်ဆိုတဲ့ မျှော်လင့်ချက်တွေလေ

နေ့စဉ်ရက်ဆက် ငါ့ကို ရက်စက်ခဲ့တာပေါ့

အခါးသီးဆုံး အချိန်ကာလတွေအတွက်

လိုအပ်ချက်ဟာ နူးညံ့ကြင်နာမှုအပြည့်နဲ့

ဘယ်သူမှမရှိတဲ့

ငါ့အခန်းလေးရဲ့အပြင်မှာ

အနီရောင်စိန်ပန်းတွေ ကြေကြေကွဲကွဲ ပွင့်ဝေ ။ ။

လင်းဆက်နောင်

ပန်းကလေးတွေ လန်းပွင့်နေပုံကအစ

စိတ်ကျစရာပဲ။

ဒီနေ့လား

မနက်ဖြန်လား

မင်းပြန်လာမှာလား

ငါ့နေရာမှာငါအံမ၀င်တော့ဘူး

ငါ့နေထိုင်မှုမှာငါမပျော်ရွှင်တော့ဘူး

ဆူညံခြင်းရဲ.တစ်ဖက်မှာ တိတ်ဆိတ်

ရင်ခုန်ခြင်းရဲ.တစ်ဖက်မှာ………

ဘာကိုမှလည်းမတွေးချင်တော့ပါဘူးကွယ်။

ငါ့အသံကိုငါမမှတ်မိတော့ဘူး

ငါ့နာမ်ကို ငါမထိန်းချုပ်တော့ဘူး

လှိုင်းတွေလိုနိမ့်ခြင်းမြင့်ခြင်း

ရှင်လျှက်နှင့်သေဆုံးခြင်းကို

မျက်ဝါးထင်ထင်

ကိုယ်တွေ.ဖြစ်ရပ်ဆန်းကြယ်

သတိရနေတယ်……..။ ။

လင်းဆက်နောင်

ဝင်ရောက်လာပုံ ညင်သာ

ချောက်ကမ်းပါးစွန်းမှာ ရပ်နေမိသလိုပါ။

တစ်ခုခုကိုလိုချင် ၊ တစ်ခုခုကိုစိုးရွံ့

မနက်ဖြန်တွင် မင်းရှိနေမှာလား။

အမြင်အာရုံတို့ရဲ့ မမြင်နိုင်ရာ

လေတိုးသံကလေး

မကြားနိုင်ပေမယ့် ခေါ်ကြည့်နေမိတယ်။

ရင်နာစရာဆိုတာထက်ရင်နင့်နေတဲ့ တိမ်ကလေး

ပွဲလမ်းသဘင်ပြီးသွားတဲ့အပြန်လမ်း

မှောင်နေတဲ့ကမ္ဘာ ပျောက်နေတဲ့အိမ်

ခေါ်ဆောင်သူမဲ့ ကြိုသူမဲ့ အနုပညာမဲ့

ဘာမှမရှိရှာတဲ့

ညခင်းလေးထဲ တိုးဝင် ပျောက်ကွယ်

တစ်ခုခုကို လွမ်းနေပါတယ်။ ။

လင်းဆက်နောင်

(ရုပ်ရှင်အမြုတေ မဂ္ဂဇင်း၊မတ်လ၊၂၀၀၉။)

ပြက္ခဒိန်

June 2009
S M T W T F S
« Apr   Jul »
 123456
78910111213
14151617181920
21222324252627
282930  

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 7 other followers

ကဗျာ.. ခင်ဇော်မြင့် ချယ်ရီ ခွဲခွါ ဂျွန် စကားပြေ စွဲစွဲလမ်းလမ်း ဆုံးရှုံးခဲ့ဘူးတယ်... ဆွတ်ပျံ့ဖွယ်အောင် ဇွန် ညီမလေး ညနေ တိတ်တခိုး တိုးနှောင်မိုး တမြေ့မြေ့ ထားခဲ့တဲ့အတိုင်း ဒီဇင်ဘာ ပန်းချီ ပိုင်မင်းဦး ပျားရည် ပျားရည်အိမ် ပွင့်ဦး ပွဲတော်ည ဘုန်းနေသွန်း ဘုန်းနေသွန်းရဲ့ ကဗျာ ဘုန်းနေသွန်းရဲ့ ကဗျာ မင်းစိုးရာ မိဆိုး မိုးတွေ ညို့နေပြီ မီမီ မျက်ရည်အိမ်ယာ ရင်ကွဲနာ လင်းဆက်နောင် လွမ်းသူ လွမ်းစေတီ လွမ်းတေး ဝဿန္တ သတိတရ သတိရခြင်းအလျား သီချင်း သီတင်းကျွတ် သုမင်းညို သူရနီ အချစ်အကြောင်း အစိမ်းသေ အမှတ်တမဲ့...နှင်း အမှတ်တမဲ့ နှင်း အလွမ်းသီချင်း အုံ့ပုန်း ဆောင်း နေ့များ မေစု မောင်ဘုန်းရဲ့ ကဗျာ အေဒင် အောင်ပိုင်စိုး အောင်ရင်ငြိမ်း ဖြူပြာပြာ ဖြူဖြူဇော် မြစ်ဆိပ် မြတ် ကြယ်လွဲမိုး နွယ်စိမ်းဝေ နှင်း