ဘ၀အကြောင်းဖွဲ့ဆိုနေရတာ
ပျင်းဖို့မကောင်းလွန်းဘူးလား
တယောဘိုးတံလေးနဲ့တို့ထိလိုက်ရင်
ရောမမြို့ဟောင်းထဲ ရောက်ရှိသွားမယ့်စတိုင်အပြည့်နဲ့
ဂျွန်ရေ…
လွင့်နေတဲ့မိုးသားထဲ စိတ်ဓာတ်ခိုင်မာမှုသာ
ပန်းတိုင်ဆီ အရောက်လှမ်းမယ့် ခြေလှမ်းတွေပဲပေါ့
အလွမ်းအဆွေးမပြောကြေးဆိုတဲ့ ပို့စကတ်လေးတစ်စောင်
မပေးပို့ဖြစ်ဘဲသိမ်းဆည်းထားရသော လရောင်ဟာ
အဝေးကစာမျက်နှာတွေကို ပြန်လည်ခေါ်ဆောင်လာတယ်
လိုအပ်ချက်ကို မျက်ရည်နဲ့ဖြည့်မှပြည့်မယ်တဲ့လား
လမ်းမကိုမကြည့်ဘဲ လမ်းဖြတ်ကူးနေသလို
ကိုယ့်လက်မောင်းသွေးကိုယ်ဖောက်
လမ်းပျောက်နေတဲ့ နေ့ရက်များမှာ
ကိုယ်သွားရမယ့် ပန်းတိုင်ဆီခေါ်ဆောင်သွားနိုင်ပါ့မလား
ဂျွန်ရေ…
မိုးသားတွေပြည့်လာတဲ့တစ်နေ့
အလင်းရောင်ဟာ
တိမ်လိုနိမ့်ဆင်းပြီး မိုးလိုရွာချလာမယ်လို့ ။ ။

အောင်ပိုင်စိုး

Advertisements