သူ့ဆံနွယ်အလွင့်အမျောထဲ

စိတ်မောနဲ့ ခိုးဖွင့်ရတဲ့အနမ်းသေတ္တာ

နွေဦးညနေခင်းအပြာမှာ

ရော်ရွက်ဝါလေး ရှက်ရှက်နဲ့ခုန်ချသွားခဲ့ပုံ။


တကယ်တော့လေ

အိပ်မှုန်စုံမွှား

သူ့ပါးပေါ်ပုံးအိပ်တဲ့ပါးချိုင့် လေးကိုမှ

ပုတ်နှိုးချင်တဲ့စိတ်ကလေးပါ။


လက်ဖ၀ါးချင်းထပ်

သူ့အသက်ရှုသံကလေး ကိုယ့်ရင်ငွှေုလှုံ

လုံခြုံစေချင်တဲ့စိတ်ကလေးပါ။


ဆည်းဆာရီ နေနီစောင်းတုန်းကပေါ့

ထိကရုံးလိုရီဝေသူ့မျက်လုံးလေးတွေ

ရှက်ပြုံးမှာမပွင့်တပွင့်ငြိလို့….။


သတိရစိတ်က

လရိပ်မှာလာချိတ်နေတဲ့သစ်ရွက်

လေတိုက်တိုင်းလှုပ်ခတ်နေတော့မှာ

သတိရတိုင်း

မင်းလိပ်ပြာလေး ကိုယ့်ဆီမှာလာလာငင်

မင်းအလွမ်းပင်လေး ကိုယ့်ရင်မှာလာလာစိုက်

အရှိုက်ခက်သလောက် အငိုလွယ်ရဦးတော့မှာ။


ဓားသွားလို နုနယ်ပါသော

ကိုယ့်ညီမလေး မေစုရေ

ကိုယ်တို့ရဲ့တသုန်သုန်ညင်းညင်းညနေခင်းတွေမှာ

ကော်ဖီခွက်လေးနှစ်ခွက်

ချောကလက်နဲ့ နှင်းဆီပန်းနီနီတို့ကိုလည်း

ထပ်မံဖြည့်စွက်ရဦးမယ်။


အခုတော့ကွယ်

မင်းကလေမိနေတဲ့စွန်ငယ်

ကိုယ်က ချာချာလည်နေတဲ့ရစ်ဘီး

တို့နှစ်ယောက်ဆုံဆည်းကြမယ်ဆိုတဲ ပျားရည်အိမ်

အခုလိုတိမ်ဝင်နေတဲ့  ကိုယ့်အသံကို မင်းပဲ  ခြေရာခံတတ်မှာ…။       ။

မင်းစိုးရာ

သရဖူ၊ ၂၀၀၄

Advertisements