အတူထိုင်နေကျ

လမ်းဘေးအုတ်ခုံကလေးတွေက အစ

မမီလိုက်တဲ့ ရထားဥသြသံ အဆုံး

အရာရာဟာ ဒီရင်မှာ လတ်ဆတ်နေတုန်းပဲ။

အကြိမ်ကြိမ် ငြင်းဆိုခဲ့ဖူးတဲ့

နှုတ်ခမ်းပါးလေးလည်း

ဒီအချိန်ဆို တဆတ်ဆတ် တုန်ခါ ငေးရီနေလိမ့်မယ် ထင်ပါရဲ့။

အခုနေ ထုတ်ပြောရင်

နာကျင်မှုဟာ ရိုးတွင်းခြင်ဆီထိအောင်စိမ့်ဝင်နေတဲ့ အကြောင်း၊

ဘယ်အရာ ကမှ ဘယ်အရာ အတွက်မှ

ထပ်တူ အစားမထိုးနိုင်တဲ့ အကြောင်း

ဖွင့်ပြော တားမြစ်ပိုင်ခွင့်မရှိတဲ့ စိုးရိမ်စိတ်ဟာ

နှလုံးရောဂါ ရစေနိုင်တဲ့ အကြောင်း တွေပဲ

ပီသတော့မယ်။

ပြောကြစတမ်းဆို

ငါ ဆိုတဲ့ကောင်က

ချစ်မြတ်နိုးမှု သဲပြင်ထဲ

ဘဝတစ်ခုလုံး တခုတ်တရ လောင်းချခဲ့တာပါ။

မင်းဘက်ကကြည့်တော့ လက်ခုံ

ငါ့ဘက်ကကြည့်တော့ လက်ဖဝါး

ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာက

ငြင်းခုံဖို့အတွက်

လုံလောက်တဲ့ အကြောင်းပြချက်တော့ မဟုတ်လောက်ဘူး။

တစ်ဘက်မှာကမ်းပြိုရင

အခြားတစ်ဘက်မှာ သောင်ထွန်းတယ် ဆိုလည်း

အခုတော့ နှစ်ဘက်စလုံး ကမ်းပြိုခဲ့တာ။

ခက်တယ် အချစ်ရယ် …

မေ့လိုက်ဖို့

လုံလောက်တဲ့ အချိန်နဲ့ အကြောင်းအရာ ရှိခဲ့ပြီ ဆိုပေမဲ့

လမ်းသွားရင်း ခလုတ်တိုက်မိတာကအစ

မင့်း နာမည်လေး တ မိနေသေးတော့ …..။    ။

ပိုင်မင်းဦး

Advertisements