You are currently browsing the tag archive for the ‘နှင်း’ tag.
နှင်းတွေ
ရင်ခွင်တစ်ခုလုံး ရွှဲရွှဲစိုလို့
ဖမ်းဆုပ်ဖို့ရာ
အိပ်မက်တွေဟာ အိပ်မက်တွေပဲ ဖြစ်နေရတယ်
သတိတရစိတ်မှာ
သူ့…
သမင်မျက်ဝန်းအညို
ဆံနွယ်မျှင်စ ကပို့ကရို
မြောက်ပြန်လေဟာ အလွမ်းနဲ့ စွတ်စိုလို့…..
တကယ်ဆို
ကိုယ့်လက်တွေနဲ့ ဖမ်းဆုပ်ခွင့်မရတဲ့
ကောင်းကင်နန်းက နှင်းပန်းပွင့်လေးပါ
အနီးဆုံးသွေးမှာ အဝေးဆုံးဝေးခဲ့ရတဲ့ အလွမ်ကဗျာပါ
ညီမလေးမသိအောင်
နှင်းတွေ….
ရင်ခွင်တစ်ခုလုံး ရွှဲ့စိုနေတော့မှာ….။ ။
ဘုန်းနေသွန်း
၂၀၀၈။
အရာရာ
နင့်ဖက်က အမှတ်တမဲ့ဆိုပေမယ့်
ငါ့စစ်မျက်နှာမှာ အမှတ်တရပေါ့
ငါပိုင်ဆိုင်ရာ
ငါ့နိုင်ငံတော်လည်း ပြိုလဲခဲ့ပြီ
ငါ့သစ္စာတရားလည်း…သွေးစိမ်းရှင်ရှင်
မိသခင်မခြေတော်ရင်းမှာ ဒူးထောက်နာကျင်ခဲ့ပြီ
ငါ့မြို့ဟောင်းနံရံမှာ
ငါ့နှလုံးသွေးဆေးရေးလည်း နီမြန်းခြောက်သွေ့ခဲ့ပါပြီ
တကယ်ဆို…ဥပေက္ခာကို
ရင်ချပ်လွှာပုဝါပါး ဆင်မြန်းတောက်ပတဲ့ အချစ်နတ်ဘုရားဟာ
မိမာယာရှင်
မိကဝေမ ‘ နင် ‘ ဖြစ်ပါတယ်
နှင်းရယ်…
ငါ့ရဲ့ဆောင်းလည်းတစစီပြိုကွဲလုပေါ့
မျက်ရည်ငှက်ကလေးလည်း
ဘယ်ဆီဘယ်ဝယ်
ပျံသန်းပျောက်ကွယ်လုပေါ့။ ။
ဘုန်းနေသွန်း
တင်ပြီးသားကဗျာပါ…ကဗျာအသစ်မရှိလို့ နောက်တစ်ခေါက်ပြန်တင်လိုက်တာပါ…ဘလော့ခ်ရဲ့ title ကဗျာပါ…။
ကောင်းကင်ယံမှာ
လမင်းဆိုတာ တစ်စင်းတည်း။
ကြယ်တွေ
သူ့အလှတရားမှာ ဒူးထောက်ခစားလို့။
(၂)
ကျောင်းသွားကျောင်းပြန်
ပန်းပွင့်အနီ ၊ ဆံနွယ်စအညို ၊ ယဉ်တစ်ကိုယ်…
ကိုယ်နေဟန်ကျော့ကျော့ ၀င်းပသူ။
သံသရာအဆက်ဆက်
ဆုတောင်းတိုင်းပြည့်လေသူ။
မိုးအောက်မြေပြင်မှာ
အချစ်ရဆုံးက သူတစ်ယောက်တည်း။
ကိုယ့်
နှလုံးသားနဲ့ ခစားမိပါတယ်
သစ္စာတရားနဲ့ ဒူးထောက်မိပါတယ်။ ။
ဘုန်းနေသွန်း
၂၀၀၅
အချစ်ကိုမှ ယုံကြည်မိုက်မဲမိတယ်
နင့်
မျက်ရည်တစ်စက်ဟာ ဆယ်သက်ဆယ်ကမ္ဘာ
နင့်နှုတ်ခမ်းဖျားဓားသံလျက်ဟာ
ဘယ်တော့မှမပြယ်တဲ့ ကျိန်စာပေါ့။
ဝေးနေတဲ့အခါ….
သတိတရစိတ်နဲ့ တိမ်တွေပေါ် မင်းနာမည်လေးချရေးမိတယ်
ငါ့ညတွေထဲ မင်းအကြောင်းအိပ်မက်ဟာ
ဆည်းလည်းသံချိုချိုလေးအဖြစ် ရောက်ရောက်လာတယ်။
နှင်းရယ်….
ငါ့အတွက်
နင်ဆံထိုးလုပ်ထားတဲ့ ဥပေက္ခာ
နင့်လည်တိုင်ကျော့ကျော့မှာ ဆင်မြန်းထားတဲ့
စိမ်းကားခြင်း တစ်ဆင်စာ
အလွမ်းသာ
ငါ့ရဲ့ဆည်းဆာမှာ တိမ်လိုတောက်ခဲ့ပေါ့
ငါ့နှလုံးသွေး ဆေးရေးလည်း
စွေးစွေးနီမြန်းခဲ့ပေါ့။ ။
ဘုန်းနေသွန်း
ဇူလိုင် ၁၃ ၊ ရန်ကုန် ၊ မင်္ဂလာဒုံ ။
မျက်လုံးတွေမှိတ်ထားတဲ့အခါ
အနားမှာ မင်းရောက်လာသလား
မင်းစိတ်နဲ့နေ့တွေညတွေမှာ
အလွမ်းနာ
သတ်လို့မသေတဲ့ဒဏ်ရာ
အချစ်ကြီးချစ်ခဲ့တာ အမှားကြီးမှားခဲ့တဲ့ ကျိန်စာလား
တနူးတညံ့
မျှော်လင့်ချက်က မိုးလိုရွာ
ဒါ
မင်းပန်ဖို့
တစ်ပွင့်တည်းပွင့်ခဲ့တဲ့ ပန်းကလေးပါ
ငါ့
နှလုံးသွေးနဲ့ရေးတဲ့ အချစ်ကဗျာပါ
ညာလက်နဲ့ ဆုပ်ကိုင်ထားတဲ့ သစ္စာတရားပါ
မင်းသိအောင်
ငါ့ကြယ်ကို ဘယ်လိုကြွေပြရမလဲ
နှင်း။ ။
ဘုန်းနေသွန်း
၅-၇-၀၉
သိပ်သိပ်သည်းသည်း
တိုးတိုးကလေး ရွာသွန်းနေတာ
ရင်နဲ့အမျှ မလွင့်တလွင့် ဆံနွယ်များရယ်
မျက်ဝန်းဖျားမှာ စိုရုံကလေး သူမသိအောင်ရွာ
ကြယ်မစုံ
လရောင်အပြာလေး တိတ်တိတ်ခိုးခိုးငို
သူထားခဲ့တဲ့နွေမှာ
ရင်ထဲက ဥသြသံကလေး မကျွတ်မလွတ်နိုင်
သူနဲ့အဝေးမှာ
ဒဏ္ဍာရီလို သစ္စာတရားတို့ ရီ….. ရီ….. ဝေ……
နှင်းတွေ
နေရာအဟောင်းလေးမှာ တွေဝေလို့
သမင်ရောင်မျက်ဝန်းလေးသတိရမိတယ်။ ။
ဘုန်းနေသွန်း
သရဖူ။ ၂၀၀၅
မဖွင့်တာကြာတဲ့တံခါးဟာမင်းထားခဲ့တဲ့နိမိတ်လား
နေရောင်ကိုမှငါကစိတ်ကူးကြည့်တယ်
မင်းမရှိတဲ့အဖြစ်ဟာ ဒဏ္ဍာရီလိုနူးညံ့သလောက်စိတ်ကူးစိတ်သန်းကကြမ်းတမ်းလွန်း
ဖုန်းဆိုးမြေလိုတစပြင်လို စွန့်ပစ်ခံရတဲ့ငါ့သစ္စာတရားဟာအရောက်နောက်ကျလွန်း
မင်းမကြားနိုင်ပေမဲ့ဦးဆွေးဆံမြည့်ငါ့သတိရခြင်းတွေသာမီးခဲပြာဖုံး
မင်းမသိနိုင်လည်းငါ့မှာသာသံသရာအဆက်ဆက်မျက်ရည်လွယ်
မင်းဆွေးခဲ့တဲ့အရိုးကိုပဲငါ့မှာတစ်သက်လုံးတသသ
မင်းခေါင်ခဲ့တဲ့မိုးကိုပဲငါကသေရာပါနေရတာပါညီမလေးရယ်
အိပ်မရတဲ့ညတွေမှာ
ငါဟာလွမ်းတဲ့စိတ်ကိုတဖွဖွပွတ်သတ်လို့
အိပ်မက်အသေ၊ဘ၀အရှင်
မင်းထားခဲ့တဲ့သွေးစိမ်းရှင်ရှင်လား
ငါ့အပေါ်…မင်းမညီညွတ်ခဲ့တဲ့သစ်စိမ်းချိုးလား
သက်တံလိုအစွဲအလမ်းလို
ငါ မကျွတ်မလွတ်ခဲ့တဲ့ အဖြစ်တွေ..
ခြေဦးတည့်ရာ
ရောက်ရာအရပ်မှာ ရင့်ရော်လို့
နင်လွှတ်ချခဲ့တဲ့နွေမှာ တစ်တောလုံးကြွေလို့….
အထီးကျန်
နှစ်ပေါင်းများစွာ
တို့နှစ်ဦးပြန်ဆုံတွေ့တဲ့အခါ
မင်းနာမည်လေးဘယ်လိုအသံထွက်ရမယ်
တစ်ဝက်ကြေကွဲမျက်ရည်စတွေနဲ့ရယ်။ ။
ဘုန်းနေသွန်း
perfect magazine, 2008
အောက်ဆုံးက အစိမ်းရောင်စာသားတွေက byron ရဲ့ when we two parted ကဗျာက စာသားတွေပါ။
လရောင်ကို မျက်ဝန်းနဲ့သပ်အတင်မှာ
ယဉ်တစ်ကိုယ် သူ့ဆံနွယ်လေးမြင်ရတယ်
တယောကလေးလို
သူ့အတွေးမှာ ကိုယ်ဟာငေးရီလို့
သူ,မညိုခင် ကိုယ့်စိတ္တဇလေးအရင်ရွာနေဟန်
တံလျှပ်လို
လေမှာထင်နေ ကိုယ်သင်းရနံ့လေး အသံပေးတယ်
လှတစ်မျက်နှာ သူ့အပြုံးလေး ကိုယ်ထင်ပြတယ်
သွေးကြောနုစိမ်း ကြယ်ကလေး
သူ့…
အဖွဲ့အနွဲ့ဗလာ
ဘယ်လိုရတနာဆင်မြန်းမထားရာ လည်တိုင်လေး
ပတ္တမြားသွေး သူ့နှုတ်ခမ်းတော်ရဲရဲအနီ
ဘယ်ပန်းချီမှာ သူ့အလှရွှေလွှာသီရမယ်
ဘယ်ကဗျာမှာ သူ့အလှစာမပီရမယ်
ပြစ်မျိုးမျှမထင်
ကိုယ်နေဟန်ကျော့ကျော့ဝင်းပရာ
ပါးထက်က
စံပါယ်တင်မှဲ့လေး သူ့ဒဏ္ဍာရီ။ ။
ဘုန်းနေသွန်း
ရတီမဂ္ဂဇင်း ၊ ၂၀၀၇
မျက်လုံးတွေမှိတ်ထားတဲ့အခါ
အနားမှာ မင်းရောက်လာသလား
မင်းစိတ်နဲ့နေ့တွေညတွေမှာ
အလွမ်းနာ
သတ်လို့မသေတဲ့ဒဏ်ရာ
အချစ်ကြီးချစ်ခဲ့တာ အမှားကြီးမှားခဲ့တဲ့ ကျိန်စာလား
တနူးတညံ့
မျှော်လင့်ချက်က မိုးလိုရွာ
ဒါ
မင်းပန်ဖို့
တစ်ပွင့်တည်းပွင့်ခဲ့တဲ့ ပန်းကလေးပါ
ငါ့
နှလုံးသွေးနဲ့ရေးတဲ့ အချစ်ကဗျာပါ
ညာလက်နဲ့ ဆုပ်ကိုင်ထားတဲ့ သစ္စာတရားပါ
မင်းသိအောင်
ငါ့ကြယ်ကို ဘယ်လိုကြွေပြရမလဲ
နှင်း။ ။
ဘုန်းနေသွန်း
၅-၇-၀၉
ညထဲ
အမှောင်ကိုငေးရင်း မျက်ရည်လည်
ကြွေသွားတဲ့ကြယ်ဟာ မဆုံနိုင်ခြင်းလား
ချစ်ခြင်းမေတ္တာဟာ ပြန်မလာတော့မယ့် စိတ္တဇလား
ဒိုင်ယာရီမှာ မြိုသိပ်ထားတဲ့စကားတစ်ခွန်းနဲ့
သူမသိနိုင်တဲ့
လရောင်
သူ့အမှောင်မှာ
သူငြင်းပယ်ခဲ့တဲ့ ညမွှေးပန်းရနံ့လေး ညထဲညွှတ်ကျနေ
နေကြာပန်းပွင့်လေး သူရှိရာဆီ စိတ်ကစားနေ
သူ့မြေသူ့ရေမှာ
မြင်သာရုံ ၊ စိုရုံကလေးရွာပါမိုး
နင့်
နှုတ်ခမ်းပါးလေးကို
တိတ်တိတ်ငေးငေး လွမ်းနေမိတာပါ
နှင်း ။ ။
ဘုန်းနေသွန်း
၅-၇-၀၉

လောလောလတ်လတ် ဝေဖန်စကားများ