You are currently browsing the tag archive for the ‘မြတ်’ tag.
အဝေးမှာမိုးတွေရွာပြီ
ငါ့ရင်ထဲမယ်
ဝမ်းနည်းလွယ်တဲ့မိုးတိမ်တွေ
အုံ့ဆိုင်းလို့..။
မျက်စိနဲ့မြင်နိုင်သရွေ့
ဖျောက်ဖျက်ပစ်ဖို့ရာလွယ်လှပေမယ့်
စိတ်နဲ့ချောင်းကြည့်နိုင်သရွေ့တော့
အတိတ်ကိုတွေ့နိုင်ပေလိမ့်မယ်။
ငါ့ကိုယ်ငါမယုံကြည်ရတဲ့နောက်မှတော့
သူတို့ကိုရောဘယ်လိုယုံကြည်ရပ
သူတို့ဆိုတာ
အချစ်ရယ်
မိတ်ဆွေများရယ်
လောကဓံတရားရယ်လေ..။
အချစ်ဆိုတာ
တစ်ခါတစ်ခါတပ်မက်ဖွယ်ညွတ်ကွင်း
တစ်ခါတစ်ခါကျတော့
နှောက်ယှက်တဲ့ခြေကျဉ်းလို့
ခေါင်းမာစွာငြင်းဆန်နေမိပေါ့..။
အိပ်မောကျလုနီးမှ
ဒါဏ်ရာတွေကိုနှိုးနှိုးပြီးမေးတယ်
ဘာအတွက်ပေးဆပ်ခဲ့ရတယ်ဆိုတာ…။
ရှာပြီးရင်းရှာခဲ့တယ်
ငါ့ကိုယ်ငါနှစ်မြုတ်နိုင်မယ့်ကျင်းသစ်တစ်ခုဆီ
တူးဖော်ပြီးရင်းတူးဖော်ခဲ့
မြို့ဟောင်းတစ်မြို့ကိုမဟုတ်
ရုပ်ကြွင်းတစ်ခုကိုမဟုတ်
မြေကြီးအနွမ်းတွေကိုငါမစားလို
လက်ယက်တွင်းရေချိုကိုသာ
ငါသောက်လိုရဲ့။
အဝေးမှာမိုးတွေရွာပြီ
ငါ့ရင်ထဲမယ်
ဝမ်းနည်းလွယ်တဲ့မိုးတိမ်တွေ
အုံ့ဆိုင်းလို့..။
ခေါင်းငိုက်စိုက်ချရင်း
အပြင်းအထန်တူးဆွနေခဲ့ပေါ့..
ဒီမယ်တော့
လက်ယက်တွင်းတစ်တွင်းစာ
မျက်ရည်တွေမိုးလိုရွာပြီ…။ ။
မြတ်
(ခေတ်ပေါ်ကဗျာဆရာ -၁၀ ဆိုတဲ့စာအုပ်က ကူးယူဖေါ်ပြတာပါ…၁၉၉၉လောက်က ထွက်ခဲ့တဲ့ ကဗျာစာအုပ်ကပါ)

လောလောလတ်လတ် ဝေဖန်စကားများ