You are currently browsing the tag archive for the ‘ဖြူပြာပြာ’ tag.

ဆောင်းနှင်းတွေ ပြီးပြီးရော ပြိုအကျမှာ
ပန်းပျံပင်ဆင့်လေး ဖွေ့ကနဲ
အဖြူ…… ၊
ရင်ဘတ်ထဲ စူးဝင်သွားတဲ့ မျက်ဝန်းတစ်စ
တိမ်တွေကို ကျော်ပြီး နှလုံးသားထဲ ဆင်းသွားတယ်
ရယ်သံအလွင်ကလေး
သွေးကြောထဲ ပြေးအဆော့
ရွက်ကျပင်ပေါက်လေးရဲ့  ရှင်သန်မှုဟာ
စင်္ကြာဝဠာထဲ မျှောသွားတယ်
ငွေသော်တာလေးရေ
ချစ်သူ ကမ္ဘာတေးသွားလေးအတိုင်း
စီးပျော်ခဲ့ရာ လက်ယက်တွင်းချိုလေး
ဖီးဆင့်ဘီးလေးနဲ့ ပီတိအမောအိပ်မက်မှာ
ငါလေ ….တစ်နယ်တစ်ကျေး
ဥသြအိုအိုလေးတွေ ဆွဲရင်း
အဆွေးသက်သက်နဲ့သာ ဒူးတင်ပေါင်တင်။ ။

နောင်မင်းအေး

ထိုးချလိုက်စမ်း
ကြယ်တွေ ဘယ်နှစ်ခါ ကြွေပြီးပြီလဲ
ဆေးစက်မှိန်နေတဲ့ ညှို့ ချက်ထဲမှာ
စွန့်စားခဲ့တဲ့ သူရဲကောင်းပါ ။
….. စံပါယ်လေးရေ
ဧရာဝတီကိုသာ
စိတ်ရှိလက်ရှိ ဆန်တက်လိုက်ချင်ရဲ့ 
မှတ်တိုင်လွန်မှ သတိရတာ
ဒီရင်မှာ ကဗျာမဆန်ဘူး။ ။

နောင်မင်းအေး

ဆည်းဆာထဲ
ဘယ်အငွေ့နဲ့ အသက်ရှူရမလဲ
ရင်ဘတ်ပေါ် အုံ့အုံ့ဆိုင်းဆိုင်း
မနက်ခင်းကတည်းက ညှို့ မှိုင်းနေတာ
မင်းကိုယ်ငွေ့လေးနဲ့ မိုးတိမ်ပဲ၊
ဖြူပြာပြာ…ရယ်
အနိုင်နဲ့ 
မင်းရိုက်ချလိုက်တဲ့ ကြက်တောင်ဟာ ငါပေါ့
တယ်လီဖုန်းမှာ
မင်းလွှတ်တင်လိုက်တဲ့ အသံဟာ သံသယအ၀ါ
ဆိုတော့
တိုးတိုးဖွဖွလေး ငွေ့ရည်ဖွဲ့ သမျှ ကောင်းကင်အသေ
ခုလို သက်တန့်လေး ခါးပြတ်နေတာက နိမိတ်ပုံတဲ့လား
တစ်မျက်နှာ၊ တစ်ကမ္ဘာ
စိတ်ပျော်ရာ စိတ်ကိုပဲ လွှတ်ခွင့်ရတဲ့ ဘဝ
သံသရာ တစ်နေ့ဆုံးတိုင်းလည်း
ဖြူပြာပြာ….ရယ်
နူးညံ့ မှုလေး
ဝါးပိုးဆစ်ခြားတုန်း။ ။

နောင်မင်းအေး


ခဲရာခဲဆစ်

စိတ်ကူးတွေခိုးခိုးကြည့်ရုံနဲ့

ကိုယ်သင်းနံ့လေး အဆုတ်ထဲဝင်ဆောင့်တယ်။

စိတ္တဇဆန်တဲ့ အိပ်မက်တွေလေ…

ပြန်တွေးကြည့်တော့

လရောင်နဲ့ဖွဲ့တဲ့ အိပ်မက်ညလေးမလွင့်တလွင့်

မေတ္တာနဲ့ရုန်းတဲ့ ဆံနွယ်ထုံးလေးကပို့ကရို

တူနှစ်ကိုယ် သီကုံးယှက်သွယ်ရာသီပေါ်

မျက်ဝန်းဝိုင်းလေး ရွှန်းစိုကော့ပျံ

နှုတ်ခမ်းပါးလေး တိမ်းညွှတ်အိရွ

နှလုံးသွေးများ လျှပ်စီးလှိုင်းကြွ

အနမ်းရိုင်းတွေ တောထလို့။

ညီမလေးဖြူပြာပြာရေ…

ပိုပိုပြီး သတိရလေ

သစ္စာတရားဟာ ပိုအရောင်တောက်လေပေါ့။

သုံးလေးငါးနှစ်

မဖုံးနိုင် မဖိနိုင်အောင်ပဲ

တမျှော်တခေါ်အလွမ်းတွေထဲ

တစ်နယ်တစ်ကျေးပန်းပွင့်လေး

ပွင့်ဖတ်တွေ စိမ်းလို့။    ။

နောင်မင်းအေး



တိုးတိုးဖွဖွလေး ဖြတ်တိုက်သွားရုံနဲ့

နှလုံးသားလေး လှုပ်ရှားယိမ်းယိုင်

အချစ်ဦးမြားလေး

ဒီရင်ထဲ စိုက်ဝင်နေတာ ဘယ်လောက်ကြာပြီလဲ

ကြည့်…

ဟောဟို ဖုန်းကြိုးတစ်လျှောက်မှာ

စိတ်တစ်ကမ်းစာ အလွမ်းသံလေးအဖေါ်မဲ့စွာ

ငြိလို့…

ငါက အကျအပေါက်များများနဲ့ပဲ ပန်းကောက်ချင်ခဲ့သူ

နင်က

ပန်းပျံပင်ဆင့် အလှပွင့်တဲ့သူပဲ

ကံဇာတာအလိုအရ

ချစ်ကံခေအပြုံးများနဲ့ စွယ်တော်တစ်ခြမ်း

လရောင်စိုအိပ်မက်ညလေး သီးပွင့်ခဲ့ရာ

ဒီလို တိတ်တိတ်ခိုးခိုးချစ်ရတာကိုက အရသာပါ

ကဲ…. သိမ့်သိမ့်ကလေးစီးပြီး

ငြိမ့်ငြိမ့်ကလေးတိုက်စားခဲ့သူ

(ဖြူပြာပြာ) လေညင်းလေးရေ

ငါ…

ရိုးမြေကျသစ်တစ်ပင် စိုက်ပျိုးခဲ့ပါတယ်။       ။

နောင်မင်းအေး

နှလုံးအိမ်မဂ္ဂဇင်း ၊ ၂၀၀၅

ပြက္ခဒိန်

May 2012
S M T W T F S
« Feb    
 12345
6789101112
13141516171819
20212223242526
2728293031  

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 5 other followers

Follow

Get every new post delivered to your Inbox.