You are currently browsing the tag archive for the ‘အုံ့ပုန်း’ tag.
ပင့်သက်ရှိုက်ပုံက အစ
အလိုမကျမျက်စောင်းခဲပုံအဆုံး
သူ့အရိပ်အယောင်အားလုံးကဗျာ။
အစိမ်းရောင်ဆက်ဆံရေးတွေ
ကိုယ့်အမြင်မှာ အသက်ဝင်သောပန်းနုရောင်
အဲဒီလို
အချစ်က အာရုံတွေကို မှောက်မှားစေတယ်။
တစ်နေ့တစ်နေ့
သူ့မျက်နှာ မိုးလေဝသကို အကဲခတ်
မိန်းကလေးသဘာဝနဲ့
နှစ်ကိုယ့်တစ်စိတ်အဝေးက အရသာ
အိပ်မက်ထဲ သူ့ရယ်သံတွေ ပဲ့တင်ထပ်လို့။
တိတ်တဆိတ်
ရင်ထဲ ပင့်ကူမျှင်နေတဲ့ ချစ်မေတ္တာ
အတွေးလွန်စီးဆင်းနေတဲ့ စမ်းချောင်းလေးဟာ
သူ့အဓိပ္ပါယ်နဲ့။
သူ့ရနံ့အနား လိပ်ပြာလိုရစ်ဝဲနေမိရုံ
သူ့ဆီလျှောက်ဖြစ်တဲ့လမ်းမှာ
ဘယ်လို မျှော်လင့်ချက်မှ ခင်းမထားဘူး။
ဘယ်သူလဲ
မသိရသေးတဲ့ သူ့နာမည်
စိတ်ထဲက အသံတိတ်ရေရွတ်လို့
မိန်းကလေး
လွမ်းမိတဲ့အခါ
“ကိုယ့်အမှောင်မှာ လင်းနေတဲ့ ကြယ်တာရာတစ်လုံးအကြောင်း”
သတ်ပုံအမှားနဲ့ ရေးမိတယ်။
အောင်ရင်ငြိမ်း
သရဖူမဂ္ဂဇင်း ၊ ၂၀၀၄ ၊ သြဂုတ်။
(အဆောင်က စာကြည့်တိုက်အသေးလေးက မတော်တဆတွေ့ ရတဲ့ ကိုအောင်ရင်ငြိမ်းရဲ့ ကဗျာပါ။ တစ်ခါမှလည်း မဖတ်ဘူးလို့ ၊ ပြီးတော့ သဘောလည်းကျလို့ တင်လိုက်ပါတယ်။)

လောလောလတ်လတ် ဝေဖန်စကားများ