You are currently browsing the tag archive for the ‘ညီမလေး’ tag.

ပွဲစဉ်တစ်လျှောက် ဘ၀တစ်ခုလုံး

အ၀ါကတ်ပြ သတိပေးခံထားရတဲ့

မင်းအကြောင်းအနာဂတ် အိမ်မက်လေးတွေနဲ့

ငါ့မှာ

နောက်ဆုံးခံစစ်မျှော်လင့်ချက်တွေကလည်း

မင်းရဲ့မာယာ ပရိယာယ် ကြွယ်ဝမှုတွေထဲမှာ

မင်းရဲ့ လှပသေသပ်တဲ့ကစားဟန်တွေထဲမှာ

အယိမ်းယိမ်.အယိုင်ယိုင်ပြိုလဲလို့ ကျရှုံးလို့

မင်းဟာ

နာကျင်ဖွယ်ရာ အကြည့်စူးစူးတွေကို

အကောင်းဆုံး ဖန်တီး ဖြတ်တင် ပေးပို့နိုင်သူ

ကြေကွဲစရာ အကောင်းဆုံး ဂိုးများကို

ကျွမ်းကျင်စွာ အဆုံးသတ်နိုင်သူ တိုက်စစ်မှုးတစ်ယောက်

မင်းရဲ့နှလုံးသား အိမ်ကွင်းမှာ

မင်းရဲ့အထူးခြေစွမ်းပြတိုက်စစ်နဲ့အတူ

ငါ့မေတ္တာတရားဟာ ပေးဂိုးများခဲ့ရပါပြီ

ငါဟာ မင်းချစ်ခြင်း မှာ ဂိုးပြတ်ရှုံးခဲ့ရသူ

အသင်းငယ်လေး တစ်သင်းပါ

နာကျင်မှုအတွက်

အချိန်ပိုဆိုတာမလိုအပ်တော့ပါဘူး ညီမလေးရယ်

ပြတ်သားထင်ရှားသော အနိုင်မှာ

မင်းတစ်ယောက်

ပျော် ရွှင်စွာအောင်ပွဲခံနိုင်ပါစေတော့ ။            ။

သုမင်းညို

(သုမင်းညိုရဲ့   ကဗျာတွေကို http://thuminnyo.wordpress.com မှာဖတ်ရှုနိုင်ပါတယ်ခင်ဗျား)


မိုးညဟာ တိတ်ဆိတ်နေတယ်။ ကြယ်စင်တွေ တချို့တ၀က်လင်းမြ ….

တချို့အလင်းပြယ်လို့ ။ သန်းခေါင်ယံဟာ အမှောင်ကို ဝေနေအောင် ပန်ဆင်ထားတယ် ။

အရမ်းလွမ်းတယ်…..

အရမ်းလွမ်းတယ်…..

အရမ်းလွမ်းတယ် ညီမလေးရယ်….

ခုချိန်ဆို နင်တစ်ယောက်အိပ်စက်ပျော်မောနေလောက်ပြီလား ။ ဒါမှမဟုတ် များပြားလွန်းလှတဲ့ ဆေးပညာဘာသာရပ်တွေမှာ ခေါင်းမဖော်နိုင်အောင် အလုပ်ရှုပ်နေမှာလား ။ သေချာတာကတော့ ငါအရမ်းလွမ်းနေခဲ့ပါတယ် ညီမလေးရယ် …. ငါ့ရဲ့ဝေဒနာကို ပျောက်ကင်းအောင် ကုစားပေးဖို့ရာ နင့်ရဲ့ကျောင်းတော်ကြီးက မသင်ကြားပေးခဲ့ဘူးတဲ့လား ။

နင်မရှိတဲ့နောက် အရာရာ အဓိပ္ပါယ်မဲ့ပျောက်ဆုံးခဲ့ရပြီ ။ ငါ့အဖို့ အရာရာဟာ  အသက်မဲ့စွာ …. ခြောက်သွေ့တိတ်ဆိတ်စွာ…. ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာလည်း ငါတစ်ယောက်တည်း မလျှောက်ချင်တော့ပါဘူးကွယ်။ နှစ်ယောက်အတူတူထိုင်ခဲ့တဲ့ ကော်ဖီဆိုင်မှာလည်း ကော်ဖီနှစ်ခွက်ဟာ သွေးပျက်ဖွယ်ရာ တိတ်ဆိတ်အေးစက်လို့ …. နာကျင်ခြင်းများစွာနဲ့ ငါဟာ နာကျင် …. အထီးကျန်မှုများစွာနဲ့ ငါဟာအထီးကျန်လို့ …. ကျားနာတစ်ကောင်လို ငါဟာ သွေးရူးသွေးတန်း လွမ်းဆွတ်နေခဲ့ပါတယ် ညီမလေးရယ် ။

သူရူးတစ်ယောက်လို လေလွင့်လို့ ….ကြွေသွားတဲ့ကြယ်တွေကို ငေးမောနာကျင်လို့ ….

နင်မရှိတဲ့နောက်…….

နင်မရှိတဲ့နောက်…….

နင်မရှိတဲ့နောက်…….

တစ်ချိန်က မိုးရာသီနေ့ရက်တွေ ရောက်ရှိမလာခင် ပူနွေးတဲ့ နေရောင်ခြည်ရဲ့အောက် ငါ့ရင်ဘတ်ထဲမှာ ချစ်ခြင်းမေတ္တာဟာ ပန်းလိုပွင့်ဖူးခဲ့တယ် ။ ငါ့ရင်ခွင်ထဲမှာ ငါချစ်ရတဲ့ ညီမလေးနင်ဟာ တိတ်တိတ်ကလေး ကြည်နူးငြိမ်သက်နေခဲ့ဘူးတယ် ။ ပြီးဆုံးခဲ့ပြီဆိုပေမယ့် အရာရာဟာ မနေ့တစ်နေ့ကလို … ငါ့အတွက် ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တဲ့ ဒဏ္ဍာရီပြဇာတ်တစ်ပုဒ်လို … တကယ်ဆို ဘာကိုမှ မမျှော်လင့်စွာ ငါသက်ဝင်ချစ်ခင်ခဲ့ပါတယ် ညီမလေးရယ် ။ ငါ့ဘ၀ရဲ့ အမှောင် ၊ အလင်း ၊ ချစ်ခြင်းမေတ္တာ … အားလုံးဟာ နင့်တစ်ယောက်သာ ရည်ရွယ်ကြောင်း ငါ့နှလုံးသွေးနဲ့ ရင်းပြီး သစ္စာပြုမယ် ။ ငါ့ချစ်ခြင်းမေတ္တာနဲ့ နင့်အပေါ် ဦးဆွေးဆံမြည့် စောင့်သိရိုသေမယ်။ နင်နဲ့ပတ်သတ်ခဲ့သမျှအရာရာ ငါဟာ လေးနက်ယုံကြည်စွာ ချစ်ခဲ့ကြောင်း ဒီမြေဒီကမ္ဘာကို နာကျင်စွာ တိုင်တည်ခဲ့ပါတယ် ။

ငါ့မျက်ရည်နဲ့ ခင်းတဲ့လမ်းဆိုလည်း …..

နင်

ကြည်နူးချမ်းမြေ့ပါစေတော့ကွယ် …… ။       ။

ဘုန်းနေသွန်း

၂၀၀၉ ၊ ဧပြီ။

ပြက္ခဒိန်

May 2012
S M T W T F S
« Feb    
 12345
6789101112
13141516171819
20212223242526
2728293031  

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 5 other followers

Follow

Get every new post delivered to your Inbox.