You are currently browsing the category archive for the ‘အောင်ပိုင်စိုး’ category.
ပိုလျှံနေတဲ့ ၀ါကျတွေကို လိုနေတဲ့ပါဒတွေအတွက်ဖြည့်စွက်လိုက်တယ်
နိဂုံးတစ်ခုလား၊ နိဒါန်းတစ်ခုရဲ့ အဆုံးလား
မျှော်လင့်ထားတိုင်း အမှတ်မထင်ပျော်ရွှင်လိုမှုတစ်ခုခု ရယူပိုင်ဆိုင်လိုစိတ်တွေ
သီးသန့်တစ်ကိုယ်ရည် လမ်းကလေးထဲ သစ်ရွက်ကြွေနေသလို တဖွဲဖွဲ
မရေမရာ အေးစက်လျက် စွန်းထင်းပေကျံနေ ဆက်သွယ်မှုပြင်ပနေ့ရက်များ
လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း စာသားချည်းသက်သက် ဆိတ်ငြိမ်မှုများ
ဒီစာမျက်နှာလေးကနေ နောက်ထပ်စာမျက်နှာကို သိစိတ်မဲ့ခုန်ကူးနေတယ်
စီးကရက် အခိုးအငွေ့များပတ်ဝန်းကျင်မှာ ပျော်ဝင်ပျံ့နှံ့ပိတ်ဆို့ကာဆီးလို့
အယ်ကိုဟောလ်တွေတစ်ခွက်ပြီးတစ်ခွက် ဘ၀ထဲကိုလောင်းချနေမိတယ်
ဒီတစ်နေ့လုံး တလှပ်လှပ်၊တရိပ်ရိပ် ရီဝေမူးနေပေမယ့်
‘အော်စကာဆု’မျှော်လင့်နေမိတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေအတိုင်း
လေထဲလွင့်မျောလျက်၊ ဟန်မပျက်သရုပ်ဆောင်လျက်
နိဗ္ဗာန်ဘုံ ၀င်္ကပါမြို့လေးထဲ အလည်တစ်ခေါက်ထပ်ရောက်ဖြစ်တယ်
ညဟာ ခြေရာလက်ရာမပျက် သွေးစက်လက်ဟောင်းလောင်းပွင့်ထွက်သေဆုံးလို့
သွေးရူးသွေးတမ်း တဆတ်ဆတ်တုန်ယင်နေတဲ့ ခံစားချက်အတိုင်း
အဆုံးအဆမဲ့ ဆင်ခြင်နိုင်ရန် ရွံ့ကြောက်မှုဟာ နံရံမှာပဲ့တင်ထပ်လို့
“ထပ်မပြောနဲ့ကွာ၊မကြားချင်ဘူး
မတွေးချင်တာတွေ ထပ်မေးနေလည်း အလကားပဲ”
ဆက်မပြောချင်ပေမယ့် နူတ်ခမ်းဖျားကနေ စကားသံဟာယိုစီးစိမ့်ထွက်လို့ ။ ။
အောင်ပိုင်စိုး
သွေးထဲ တဒုတ်ဒုတ်ခုတ်မောင်းနေတာ
တိတ်ဆိတ်မှုဟာ နေရာအနံှံ့အပြား တရှိန်တိုး … ရှေ့သို့
တစ်ယောက်ရဲ့ဖြစ်တည်မှုဟာ အခြားတစ်ယောက်အပေါ် ပြိုကျနေတယ်
“ချစ်တယ်ကွယ်”
လွယ်လွယ်ပြောမထွက်ချင်ပေမယ့် ပြောခဲ့တော့မယ်
မင်းမျက်ဝန်းမှာ မျက်ရည်စတွေ စိုလဲ့လို့
မျက်ရည်တစ်စက်ချင်းမှာ ငါဟာပျော်ဝင်နေတယ်
အဓိပ္ပါယ်မဲ့ နံရံကိုငေးနေမိတယ်
သွေးရူးသွေးတန်း အတွေးတွေ လွင့်စင်ပွင့်ထွက်နေတယ်
လွတ်လပ်မှုကို ချုပ်နှောင်ထားရတဲ့ စိတ္တဇ
မျက်ရည်တသွင်သွင်ကျနေတဲ့ မင်းကိုသနားမိတယ်
ရူးတော့မယ်ထင်ပါရဲ့
တိတ်တဆိတ် ငါတို့နှစ်ဦး … ရှေ့သို့
တရွေ့ရွေ့၊တဖြည်းဖြည်း၊နစ်ကျွံ ပျော်ဝင်လို့
မင်း မပြောပေမယ့် မင်းစကားသံလေးကို ငါမြိုချမိတယ်
မင်း မငိုကြွေးပေမယ့် မင်းမျက်ရည်စတွေကို ငါဖယ်ရှားသန့်စင်နေမိတယ်
ပတ်ဝန်းကျင်ဟာ အနာတရအပြည့် တိတ်ဆိတ်လို့
ဘယ်ဘ၀ရောက်ရောက် ဒီဘ၀လေးဆီ ပြန်လာခဲ့တော့မယ်။ ။
အောင်ပိုင်စိုး
ညနေ ၃း၀၀၊ အင်္ဂါ။
အပြင်ကိုငေး ဆက်တွေးနေတယ်
ဒီနေ့သတ်မှတ်ချက်ကို
မနက်ဖြန်ရွေ့လာမယ့် အမှတ်အသားရက်စွဲများအပေါ်တစ်ခုခု
လစ်ဟာဆုံးရှုံးမှုလို့ တံဆိပ်ကပ်ထားလိုက်ရုံပေါ့
သစ်သားထဲ သံကိုတဖြည်းဖြည်းရိုက်သွင်းနေသလို
တစ်ကိုယ်ရည်တစ်ကာယ အိပ်ရာလေးအပေါ်
တစ်အိအိကျွံဝင်သွားတော့မလို
အမှန်တစ်ကယ်လေးပင်လာသော ဘဝဝန်ကို ထမ်းပိုးနေရပါတယ်
စိတ်ပျက်သွားပြီလား
ခေါင်းစဉ်အတည်တကျမရှိတဲ့ ရယ်သံလေးကို သတိရနေသေးလား
အမှတ်မရှိတဲ့အတွေးကို ရေဆေးလိုက်ရင်ကောင်းမလား
ဦးခေါင်းထဲ တစ်စစပြည့်လာနေတဲ့ အမှိုက်များ
အဆုပ်ထဲ တစ်စစပြည့်လာနေတဲ့ အခိုးအငွေ့များ
နှလုံးသားထဲ တစ်စစပြည့်လာနေတဲ့ အလိုရမ္မက်များ
ကြားနေ၊ မြင်နေ၊ ထိတွေ့နေ့ရပါတယ်
တစ်ချိန်လုံးပြေးနေရတယ် တစ်ချိန်လုံးရပ်နေရတယ်
အလေးချိန်မပြည့်မီ တော့သလို တစ်စစစိတ်ပျက်ဆုတ်လျော့နေရပါတယ်
တစ္ဆေတစ်ကောင်ပမာ မကျွတ်မလွတ်နိုင်တဲ့ စွဲလမ်းမှုမျိုးနဲ့
အရင်တစ်ချိန်တုန်းက ဒီနေရာလေးမှာ ပျော်ရွှင်မှုအတိ ဖုံးလွှမ်းခဲ့ဘူးတာပေါ့။ ။
အောင်ပိုင်စိုး
၂၁-၇-၀၉
အင်္ဂါ
မင်းကိုမြင်ကတည်းက
ရင်ထဲမှာ
မိုးကတစ်ခါမှမရွာသွန်းဘူး
စွဲလမ်းစရာ မည်မည်ရရမရှိ
မင်းမျက်နှာလေးကိုမြင်နေရုံ
ဒါကိုပဲ နှလုံးခုန်မြန်တယ်
အခါခါခိုးကြည့်ရဖူးတဲ့ မျက်ဝန်းညိုလေးက
တလက်လက်တောက်ပလို့
ဘာကိုမှမစဉ်းစားချင်တော့ဘူး
ချစ်တယ်ဆိုတာတစ်ခုတည်းပဲ
ပြောဖြစ်တော့မယ်။
အောင်ပိုင်စိုး
(သရဖူ မဂ္ဂဇင်း၊ ၂၀၀၅)
စာရွက်အလွတ်တစ်ရွက်ပေါ်မှာ
ပျော်ရွှင်မှုကို လုယူခံရတဲ့ နေ့တစ်နေ့အကြောင်း
စာသားတွေကို ချရေးမိတယ်။
ကြေကွဲမှုက ခွင့်ပြုလိုက်မယ်ဆိုရင်
မြင်ကွင်းတစ်ခုလုံး မှုန်ဝါးသွားစေမယ့်မျက်ရည်…
မမြင်ရတဲ့ အခြားတစ်ဖက်ကို တွေးခေါ်ဖို့
မြင်နေရတဲ့ ရှုမျှော်ခင်းကို အဖြူရောင်ဆေးခြယ်ဖို့
ရှုနေရတဲ့လေမှာ အောက်ဆီဂျင်များဖို့
အေးစက်နာကျင်မှုတွေရဲ့ တစ်ဖက်သတ်အဓိပ္ပါယ်မှာ
ငါဟာ ရန်သူကို နှလုံးသားတစ်ခုနဲ့ပဲ ရင်ဆိုင်တယ်။ ။
အောင်ပိုင်စိုး
မဟေသီ ၊ ၂၀၀၈
ဘ၀အကြောင်းဖွဲ့ဆိုနေရတာ
ပျင်းဖို့မကောင်းလွန်းဘူးလား
တယောဘိုးတံလေးနဲ့တို့ထိလိုက်ရင်
ရောမမြို့ဟောင်းထဲ ရောက်ရှိသွားမယ့်စတိုင်အပြည့်နဲ့
ဂျွန်ရေ…
လွင့်နေတဲ့မိုးသားထဲ စိတ်ဓာတ်ခိုင်မာမှုသာ
ပန်းတိုင်ဆီ အရောက်လှမ်းမယ့် ခြေလှမ်းတွေပဲပေါ့
အလွမ်းအဆွေးမပြောကြေးဆိုတဲ့ ပို့စကတ်လေးတစ်စောင်
မပေးပို့ဖြစ်ဘဲသိမ်းဆည်းထားရသော လရောင်ဟာ
အဝေးကစာမျက်နှာတွေကို ပြန်လည်ခေါ်ဆောင်လာတယ်
လိုအပ်ချက်ကို မျက်ရည်နဲ့ဖြည့်မှပြည့်မယ်တဲ့လား
လမ်းမကိုမကြည့်ဘဲ လမ်းဖြတ်ကူးနေသလို
ကိုယ့်လက်မောင်းသွေးကိုယ်ဖောက်
လမ်းပျောက်နေတဲ့ နေ့ရက်များမှာ
ကိုယ်သွားရမယ့် ပန်းတိုင်ဆီခေါ်ဆောင်သွားနိုင်ပါ့မလား
ဂျွန်ရေ…
မိုးသားတွေပြည့်လာတဲ့တစ်နေ့
အလင်းရောင်ဟာ
တိမ်လိုနိမ့်ဆင်းပြီး မိုးလိုရွာချလာမယ်လို့ ။ ။
အောင်ပိုင်စိုး
တိတ်ဆိတ်မှုမှာ အရသာတစ်ခုခုရှိနိုင်မလားဆိုပြီး
သောက်လက်စ
စီးကရက်ကို တောက်ထုတ်ပစ်လိုက်တယ်
လျှောက်လက်စ လမ်းကို ရပ်တန့်
နောက်ကိုပြန်လည့်ကြည့်လိုက်တယ်
ကျေးဇူးအထူးတင်ပါတယ်လို့
တဖွဖွ ထပ်ပြီးပြောချင်နေသေးတယ်
အရင်အတိုင်း
ပြူတင်းတံခါးတွေ တဖျပ်ဖျပ်ထပွင့်နေသလိုခံစားရတယ်
ကျေနပ်ပျော်ရွှင်ပါစေလို့ ဆုတောင်းပြီး
ရပ်ကျန်နေရစ်တော့မယ်
အဆင်မပြေ မပျော်ရွှင်ဖြစ်တဲ့တစ်နေ့ ပြန်လည့်လာခဲ့လေ
မျက်ရည်ဟာ
ငိုကြွေးရလွန်းလို့ ခမ်းခြောက်သွားရတာပေါ့
ကျန်းမာရေးစစ်ချက်မအောင်မြင်ဘူးမဟုတ်လား
စိတ်မကောင်းရင်လည်းနေကောင်းအောင်နေပေါ့
နာကျင်နေချင်တယ်
အကျဉ်းအကြပ်ထဲကျရောက်နေချင်တယ်
အဝေးဆုံးကို အပြီးအပိုင် လွင့်စင်ထွက်သွားချင်တယ်
ထပ်ပြီး အရူးမလုပ်ချင်ပါနဲ့တော့ကွာ
အသေ အချာနှုတ်ဆက်လိုက်ပါတယ်။
အောင်ပိုင်စိုး

လောလောလတ်လတ် ဝေဖန်စကားများ