You are currently browsing the category archive for the ‘မင်းစိုးရာ’ category.
နှလုံးသားရှိတဲ့ ရယ်သံနှစ်ခု
စမ်းချောင်းနုနုလေးထဲ အတူတကွစီးဆင်းခဲ့ကြတယ်
ပန်းပွင့်၊ သစ်ရွက်၊ ချိုအီငှက်သံ
တစ်ခါတရံ
ကိုင်းခတ်ကျောက်စွန်း လူးလွန့်တွန်းတိုက်လို့
တစ်စုံတစ်ရာကို သတိရလိုက်ဖို့ရာ
မေ့လျော့နေဆဲ
ရုတ်တရက်
တဝေါဝေါ
ရေတံခွန်တစ်ခုဟာ ဘွားခနဲ
. . . . . . . . . . .
တကွဲတပြားလွင့်စင်လိမ့်ကျသွား
တစ်ယောက်ရယ်သံ တစ်ယောက်မကြားရတော့ဘူး။ ။
မင်းစိုးရာ
သရဖူ မဂ္ဂဇင်း ၊ ဇွန် ၊၂၀၀၆
မအောင်မြင်တဲ့ မြေကြီးမှာမှ
မျိုးစေ့အမှန်ကိုပျိုးမိတယ်
ငါဟာ အရူးအနှမ်း
အနမ်းတစ်ခြမ်းလုံးကြွေတာတောင်
မွှေးတုန်း လှတုန်း
မြတ်နိုးမှုကို တစ်စစီပုံထားတုန်း။
ပေါ့ဆတတ်တဲ့ ချစ်ခြင်းအမှားက
ကိုယ့်အပျက်ကို သံသယနဲ့မျှားခဲ့
ခြေသံလုံလုံ ဖောက်ဖျက်မှုရဲ့ နောက်ကွယ်မှာ
မင်းကမ်းလိုက်တဲ့ဓား
အသွားငါ့ဖက်
တစ်ဘဝလုံးညွှတ်နေအောင် ချစ်ခဲ့အကိုင်းအခက်
အခု ခုတ်ဖြတ်ခံလိုက်ရတယ်။
ဒီမှာ မျက်ရည်ရဲ့ ရနံ့သာ အသက်ရှူဝခဲ့ပေါ့
ဟော့ဒီ မနာကျည်းရက်တဲ့ ရိုးမြေကျဝေဒနာ
အချစ်ဟာ မူးယစ်ဆေးတစ်မျိုးသာဖြစ်ခဲ့တယ် ။
အကြည့်ဝေ့လည်လွန်းသူလေးရယ် . . .
အရေပြားကို ဖောက်ဝင်သွားတဲ့ကျည်ဆံထက်
နှလုံးသားကို စိုက်ချလိုက်တဲ့ အလွဲသုံးစားမှုကပြင်းရှလွန်းခဲ့
သစ္စာမဲ့သူ နာတာလီအတွက်နဲ့
ပုရှ်ကင်ဟာ
သေနတ်ချင်း ယှဉ်ပစ်ခဲ့ပေါ့ ။ ။
မင်းစိုးရာ
စရဏ မဂ္ဂဇင်း ၊ ၂၀၀၇
ရေတွင်းထဲကျနေတဲ့ လမင်းကို
မျှော်လင့်ခြင်းနဲ့ ဆယ်ယူခဲ့ရသောပျော်ရွှင်မှု
အခု . . .မင်းက
စက်ရုပ်ကို နှလုံးသားအစစ်ထည့်ပေးလိုက်ပြီ
အရွယ်ငယ်ငယ် စိတ်ထားလေးတင့်တယ်သော
ကိုယ့်ညီမလေး ငယ် . . .
မျက်လုံးတွေဖွင့်ထားလည်း
ကန်းနေဆဲအမှောင်
ခွေးတစ်ကောင် ချောင်ပိတ်အရိုက်ခံရသလို
တကယ့်ဘဝကို ငါပြန်ကိုက်ခဲ့ပေါ့
ထိုးကျနေတဲ့ ငါ့အရိပ်ကို မင်းစိတ်နဲ့ဖဲ့ယူခဲ့ရ
စစ်မြေပြင်
ငါ့ကြောင့်ဖြစ်တဲ့ ပျော်ရွှင်မှုကို
ငါ့ကြောင့်ဖြစ်တဲ့ ဝမ်းနည်းမှုနဲ့
ဘယ်တုန်းကမှ မချေပခဲ့သူ
ခက်ခဲထစ်အ တိပ်သားတစ်စ
ငါ့ဘဝနဲ့ ထပ်တူစီးမယ့်မြစ်တစ်စင်း
ငါ့ဆင်းရဲခြင်းကို မင်းကပန်းလိုပန်ခဲ့တော့
မင့်မျက်ရည်ကို
သစ္စာလို ငါစောင့်သိရိုသေတတ်ခဲ့ပြီ ။ ။
မင်းစိုးရာ
ငါ့ရင်ထဲက စံပယ်ရုံလေးမို့
အလှပြင်ပေးဖို့လိုဦးမှာလား
မြတ်နိုးမိတဲ့စိတ်မှာ
“မင်း . . .
ဆံပင်တွေဘာလို့ဖြတ်ပစ်ရတာလဲကွယ် ”
ကလေးလေး
မင်းအရိပ်လေးငေးမိရုံနဲ့
ငါ့အတွေးတွေ အကုန်ယူသွားတတ်သူ
ယုံကြည်မှုဟာ မင်းခြေလှမ်း
မင်းလမ်းလေးအပါ် ဖြန့်ခင်းလဲလျောင်းပေးလိုက်စရာ
ငါ့မေတ္တာတရားသာစိမ်းခဲ့
ငါ့ကိုယ်ငါ ရုတ်သိမ်းလို့မရနိုင်။
မင်းအတွေးနဲ့ဝေးဝေးမှာ
ငါက လွမ်းဖျားလွမ်းနာကျ
မင်းဘ၀လေးထဲ အရောက်လာမယ့် ငါ့ခြေလှမ်းလည်း
ပုံလျှက်သားလဲပြိုကျပေါ့ 
ရှင်သန်ခြင်းဟာ ချိုမြိန်မှုမှမဟုတ်တာကွယ်
ခုချိန် ညီမလေးရဲ့  အိပ်စက်ခြင်းအပေါ်
လေညင်းလေးတစ်စ ဖြာကျရုံပဲဖြစ်ဖြစ်
ငါ့မေတ္တာ နင်ရစေချင်တယ်။
ကိုယ့်ညီမလေး မေစု ရေ . . .
စကြဝဠာ အပြင်ဘက်ဆိုရင်လည်း ထွက်စောင့်ရုံပေါ့
အခုတော့
ရှက်စိတ်ကလေး နှုတ်ခမ်းမှာ ကိုက်ထားရုံ
လွယ်အိတ်အညိုလေး ရင်ခွင်ပိုက်ထားရုံ
အနမ်းနဲ့မထိခတ်ရသေးတဲ့
မင်းဆံနွယ်တစ်ကမ်းစာ အလွမ်း
ငါ့ မှာအငေးအမောနဲ့ သွယ်တန်းရတယ်။
ညီမလေးရယ် . . .
ငါကဘဝနောက်ပြေးလိုက်ရတဲ့သူ
ငါလဲရင် ငါ့ဘာသာထူရတယ်
လောကဓံကို မျက်ရည်ခံထိုးဖို့အတွက်နဲ့
တူနှစ်ကိုယ် တဲအိုပျက်လေး
ငါတို့တွေ ဘယ်လိုဘယ်ပုံဝေးရမယ် . . .
သြော် . . .ဘယ်လိုဘယ်ပုံဝေးကြမယ် . . .။ ။
မင်းစိုးရာ
သရဖူ မဂ္ဂဇင်း ၊၂၀၀၅
ကိုယ့်လက်ဖ၀ါးဖြန့်လိုက်တိုင်း
မင်းလက်ဖ၀ါးလေးလာတင်ပေးတတ်တာ အချစ်ဆိုရင်
အဲဒီအဖြစ်အပျက်အပေါင်းများစွာအတွက်
အကြိမ်ပေါင်းများစွာ ခက်ခဲနေရဦးမှာကလည်း ဘ၀ပေါ့
င၀န်မြစ်ရေပြင်ပေါ် အရိပ်တို့ရှည်လျားပျော်ဝင်ချိန်
စက်လှေဝမ်းထဲ ရွဲ့ စောင်းစောင်းထီးလေးတစ်လက်ဟာ
မင့်အသက်ဓာတ်ထဲကမေတ္တာဆိုရင်
ကျိုက်ဝိုင်းမှတ်တိုင်မှာ
လမ်းကိုသိစိတ်မဲ့ အခါခါဖြတ်ကူးနေတာ ကိုယ့်အချစ်ပါပဲ။
မင်းဆံပင်တွေဖြတ်ပစ်လိုက်တာ
ကိုယ့်ကိုသံယောဇဉ်ဖြတ်တာမဟုတ်မှန်းသိတယ်
တစ်ခါတလေ
ကိုယ်က မီးတောက်ကိုငေးရီအားကျမိတဲ့သစ်ရွက်ခြောက်
ဆင်းရဲသလောက်အစွဲအလမ်းကြီးခဲ့ဖူးတယ်။
မင်းမျက်ရည်နဲ့ ကိုယ့်သစ္စာတရား
အသွေးအသားလိုပေါင်းစပ်ထားတယ်
ပစ္စုပ္ပန်အမှောင်တွေကြားထဲလည်း
ကိုယ့်အလွမ်းစိတ်ကလေး ထွန်းညှိထားပါတယ်။
ပျော်ရွှင်ကြည်နူးစရာကြုံတဲ့အခါ
လေညင်းလေးတိုက်သလိုစကားပြောပြီး
သစ်ရွက်ကလေးတွေလှုပ်ခတ်သလို ရယ်မောပါ
ဝမ်းနည်းနာကျင်စရာဆိုရင်လည်း
မင်းနှစ်သက်တဲ့ ချောကလက်လို
အင်အားနဲ့ထွေးဖက်ပါ
မင်းကသဘာဝတရားရဲ့  အရောင်တူပန်းပွင့်
ကိုယ်ကမြေကြီးနဲ့နီးစပ်တဲ့သစ်ရွက်
ငှက်ကလေးလိုပျံသန်းနေမှာ. . .
ဒါ ကိုယ်တို့မေတ္တာ ကိုယ်တို့ကမ္ဘာ
ဆုပ်လို့ပဲ စူးခဲ့စူးခဲ့
စားလို့ပဲ ရူးခဲ့ရူးခဲ့။ ။
မင်းစိုးရာ
တိတ်ဆိတ်စွာ…
တလွင့်လွင့် လှုပ်ခတ်နေတဲ့
ဇာပ၀ါ ခန်းစည်းလေးရယ်…
အမှောင်မလာခင် အဆောင်ပြတင်းဝက
ပြာလဲ့လဲ့ရီဝေ…
ညနေတွေ အိပ်မက်ဆန်လွန်း…
အပျော်ရွှင်ရဆုံး ဇာတ်ဝင်သီချင်းလေးရယ်
မှန်ကွဲစတွေ လိုက်ကောက်မိတော့မှ
ညဟာ ချောက်ခြားစရာ အနီရောင်တဲ့
သူ့မျက်တောင်လေးတွေ ဘယ်လောက်ရှည်ရှည်
သူ့မျက်ရည်ကို ကွယ်ထားလို့မှမရတာ
ရင်ထဲ…
တမြေ့မြေ့စိုက်ဝင်လာတဲ့ ဒဏ်ရာကိုပဲ
တယုတယ ချွန်မြနေရတယ်…။ ။
မင်းစိုးရာ
ဖက်ရှင်၊ ၂၀၀၉၊ ဇွန်။
ချစ်မိပြီဆိုတာနဲ့
လွမ်းရတော့တာပဲ။
ငါက ချစ်ခြင်းမှာ ဖျတ်ဖျတ်လူးရမယ့်အရွယ်လား
လေပြေညင်းလေးပွတ်တိုက်ရုံနဲ့
ပြုတ်ထွက်သွားရတော့မယ့် ခရေပွင့်လေးရဲ့အညှာ
ငါ့မေတ္တာကို ကောင်ယူမွေးစားလှည့်ပါ ။
စာချုပ်စာတမ်းတွေမလို
ကလေးလေးတစ်ယောက်စုဗူးဖောက်သလို
နင်ကြည်ကြည်နူးနူးရေတွက်မယ့် မုန့်ဖိုးလေးသာ
ငါဖြစ်ချင်တယ်။
ညီမလေးရယ်
ငါ့ရဲ့ကြည်နူးလေးစားခြင်းဆိုတာ
ညအမှောင်မှာ
ပြတင်းတံခါးပေါက် ကျရောက်အလင်း
ဝင်းကနဲပြိုးပြက် ငါ့ရင်တစ်ဆောင်လုံး အသက်ဓာတ်
လည်ပတ်နေတဲ့သွေးများကိုပူနွေးစေတဲ့
ညီမလေးရဲ့ သုံးလုံးသောနာမည်လည်းဖြစ်တယ်။
ငါ့ရဲ့စွဲလမ်းခြင်းဆိုတာ
ပင့်သက်လှိုက်လှိုက် အကြည့်တစ်ရှိုက်စာဟင်းလင်း
ရှုခင်းတစ်ဝက်မှာ
သိမ်သိမ်မွေ့မွေ့လေးဝှက်ထားခဲ့တဲ့
ညီမလေးရဲ့ မျက်ဝန်းနက်တစ်စုံလည်းဖြစ်တယ်။
ငါ့ရဲ့ ကြင်နာယုယခြင်းဆိုတာ
သနပ်ခါးရေကျဲ အသည်းနစ်မွှေးမြ
သင်္ကေတအဖြူ မထူမပါး
ညီမလေး ညာဘက်ပါးပေါ်က
အမာရွတ်လှလှလေးလည်းဖြစ်တယ်။
ငါ့ရဲ့နှောင်တွယ်မြတ်နိုးခြင်းဆိုတာ
လအစင်းစင်းအလင်းကြွေသက် ၀ပ်တွားအပ်သော
နတ်တို့ဖန်ဆင်း နက်မှောင်သောအလင်းလည်းရှိအပ်သော
ဆွတ်ပျံ့ရီရီ ပုခုံးနုဆီဝဲကျ
ညီမလေးရဲ့ပျော့ပျောင်းတဲ့ဆံနွယ်စလေးတွေလည်းဖြစ်ရဲ့။
ထိုမျှမက
ညီမလေးအရယ် ညီမလေးအပြုံး
နှလုံးသားဆီ ဖုန်းမြည်ခဲ့တဲ့
ညီမလေးရဲ့အသံနုနု
နှစ်ခုသောမေးစေ့ဝိုင်းလေးနှင့်တကွ
ဆွတ်ဆွတ်ဖြူလှပ စိတ်နေစိတ်ထား
ညီမလေးနဲ့ပတ်သက်သမျှအရာအားလုံးလည်းဖြစ်တယ်။
ညီမလေးရယ်
ငါကပြဿဒါးမှာမွေးဖွားတဲ့သစ်ပင်
ငါ့အပွင့်က ဝေဒနာနဲ့ချင်းချင်းနီတယ်။
ငါသီဆိုရတဲ့ လောကဓံတေးက သွေးသံရဲရဲ
နင်နားမထောင်ဝံ့မှာလည်း စိုးတယ်။
ရှင်းရှင်းပြောရရင် ငါကဆင်းရဲတွင်းနက်တယ်
ငါ့အသက်ရှင်တင်ဆက်မှုမှာ
ငါ့ဆုတောင်းများသာ နင့်အတွက်စောင့်ရှောက်စရာဖြစ်တယ်
ငါ့အချစ်တစ်ခုသာ
နင့်အပေါ်မှာငါမိုးပေးနိုင်တဲ့ထီး
နင်စီးရမယ့်ဖိနပ်
ညီမလေးသက်ဝင်တဲ့
စိတ်ကူးယဉ်အနာဂတ်မှာ
ငါကတဖြည်းဖြည်း မှုန်းဝါးပျောက်ပျက်ရမယ့်အရာပါ။
သို့ပေမယ့်လေ. . .
နင့်အပေါ် ချစ်မိခြင်းတစ်ခုသာ
မျှော်လင့်ချက်မပါတဲ့ ငြိမ်းချမ်းရေး
သွေးသား အဓိပ္ပါယ်
နင့်မေတ္တာတရားသာ
ငါရှာဖွေတဲ့ ဘ၀အဘိဓမ္မာ
ရဲရင့်သန်မာတဲ့ ဆုံးဖြတ်ချက်
ငါရှေ့ဆက်မယ့်အနာဂတ်ရဲ့အားလည်းဖြစ်တယ်။
နင်သာ ငါ့အနုပညာ ငါ့ကဗျာ
ငါ့ရင်ခုန်သံစစ်စစ်
ငါ့အချစ်ထံအလင်းပြန်တဲ့ ကြေးမုံတစ်ချပ်
ငါ့ဘ၀ဆီပဲ့တင်ထပ်တဲ့ ငါ့အသက်ရှူသံလည်းဖြစ်တယ်။
ငါလေ. . .
နင့်ကိုချစ်တဲ့စိတ်နဲ့သေရမယ်ဆိုရင်လည်း
ငါ့ထွက်သက်ဟာ
ညင်သာလွန်းမက နူးညံ့လှပနေမှာ။
ညီမလေးရေ. . .
ငါ့ဆုတောင်းခြင်းမှာ
နင့်မနက်ခင်းတွေ ငြိမ်းချမ်းမွန်မြတ်ပါစေ
မနက်ဖြန်ညီမလေးလှမ်းမယ့် ခြေလှမ်းတိုင်းမှာ
တန်ဖိုးအသိန်းအသန်းမက ရဲရင့်လှပပါစေ
မနက်ဖြန် ညီမလေးဆိုမယ့်သီချင်းမှာ
ကံကောင်းခြင်းကိုသာ မွေးဖွားသန့်စင်ပါစေ. . .
တကယ်ဆိုရင်
မမြင်ဖူးလို့ မူးခဲ့ရတဲ့မြစ်ကလေးတစ်စင်းပါ
ချစ်မိခြင်းကြောင့် ဖြစ်ရတဲ့ အပြစ်တွေရှိရင်လည်း
ချစ်မိခြင်းကြောင့်သာလျှင် ကျေပါစေတော့
ညီမလေးရယ် ။ ။
မင်းစိုးရာ
၅.၆.၂၀၀၄
သရဖူမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊၂၀၀၅။
တစ်ညလုံး ဂစ်တာသံလေးကို ကြိုးချည်ပြီး
လရောင်ဆီ ပစ်တင်မိ
မင်းဆီအရောက်လာမယ်ဆိုတဲ့
ငါ့တရိုတသေစိတ်ကူးလည်း
ခရီးတစ်ဝက် မျက်ခြေပြတ်ခဲ့ပြီ။
မင်းမသိပေမယ့် မင်းသိခဲ့တဲ့အကြောင်း
မင်းမရှိပေမယ့် မင်းရှိနေတဲ့အကြောင်း
ငါ့သံယောဇဉ်တွေ မဟောင်းဘူး။
ငါဟာအရာရာနဲ့အကြောင်းကြောင်းပါ
ငါဟာအငိုလွယ်အရှိုက်ခက်ပါ
ငါ့ရဲ့မတိကျတဲ့အနမ်းဟာ
ဇာတ်လမ်းတစ်ခုလုံးကို လွမ်းဆိပ်သင့်စေခဲ့တယ်
ကျောချင်းကပ်နေတဲ့ စာမျက်နှာ နှစ်ဘက်လို
တစ်ရွက်တည်းနေပြီး
တစ်ယောက်စာလုံးတစ်ယောက်ပေါင်းလို့မရ
တစ်ယောက်အဓိပ္ပာယ်တစ်ယောက်နားလည်လို့မရ
ဒီဘ၀ မင်းမဖတ်မိလိုက်တဲ့စာမျက်နှာဟာ
ငါပါညီမလေးရယ်။
ပြန်ဆုံမယ်ဆိုတဲ့ အမျှော်တစ်ခုတည်းနဲ့
စက္ကန့်တံလေး ရွေ့လျားသံမှာ
သတိရစိတ်မြဲမြံခဲ့ရတယ်
တစ်နယ်တကျေးမှာမင်းကပန်းလေးတစ်ပွင့်တိုင်း
အဝေးရောက်ငါ့မှာ တိမ်းမှောက်လွင့်စင်ရ
ငါ့အသက်ရှင်တင်ဆက်မှုမှာ ငါ့ဆုတောင်းများနဲ့သာ
စောင့်ရှောက်ပါရစေတော့ ညီမလေးရယ်။
ဒီအချိန် မင်းအကြောင်းတွေးတော့လည်း
ငါ့သွေးဟာပူနွေးဆဲ
ငါ့ဒဏ်ရာကလည်း လတ်ဆတ်မြဲပါ
ခဏတာတို့ရဲ့ အငြိမ်းချမ်းဆုံးအိမ်ယာ
မင်းနှလုံးသားမှာတော့
ငါ့မေတ္တာတရားသာ ခေါင်းချအိပ်စက်ခဲ့ပေါ့ ။ ။
မင်းစိုးရာ
ရုပ်ရှင်အမြုတေမဂ္ဂဇင်း
2005
ဘာဖြစ်နေမှန်းမသိရတော့
ဘာမဆိုဖြစ်နိုင်မှန်း သိနေရတယ်
ခန္တာကိုယ်မှာ အစိတ်အပိုင်းတစ်ခုလိုနေသလို
ငါ့မှာလိုအပ်လို့
တဆစ်ဆစ်ကိုက်ခဲနေတဲ့ အကြောင်းအရာ
ဦးနှောက်ကို ဝေဒနာနဲ့တမြေ့မြေ့လာစားတယ်
ဟိုတွေးဒီတွေး တောင်တွေးမြောက်တွေး
ပြေးလွှားနေရတယ်
အမှောင်ဆိုတော့
ထိစမ်းမိသမျှက ကိုယ်ထင်ထားတဲ့အတိုင်းလားလို့
ယောင်မှားမိပါတယ်
မခေါ်ဘူး မပြောဘူး
တံခါးကိုဆွဲပိတ် ကိုယ့်အရိပ်ကိုယ်ချုံ့ကြည့်တော့
အိပ်ယာပေါ် ခွေခေါက်နေတာ
အလျင်စလိုပြေးထွက်သွားတာ
အ၀တ်အစားတွေ နံစော်ကြေမွနေတာ
ဆံပင်တွေကို ဆွဲဆန့်နေတာ
ရယ်နေရင်း အကြောင်းမဲ့ရပ်တန့်ငေးဝေသွားတာ
ဖုန်းကြိုးတွေဆီတွားတက်နေတာ
ကတ္တရာလမ်းကို ကျောပိုးအိတ်ထဲခေါက်ထည့်နေတာ
မြန်မြန်စား မြန်မြန်သွားပြီး မြန်မြန်ပြန်ရောက်မလာတာ
မရောက်တဲ့အရပ်ဆီ ထွက်ခွာသွားပြီး
ရောက်ရာအရပ်မှာ ရပ်တန့်နေတာ
ရပ်တန့်တိုင်းမှာ အဓိပ္ပာယ်ကင်းမဲ့လျှက်
အဓိပ္ပာယ်တိုင်းမှာ သေဆုံးသွားခဲ့ရတာ
အသက်ရှင်နေစဉ်မှာ နာမည်ကိုရွတ်ရင်း
နာမည်ကိုရွတ်ရင်း
သူ့နာမည်ကိုရွတ်ရင်းမျက်ရည်ကျ
တိတ်ဆိတ်စွာ . . .
သူ့နာမည်ကိုရွတ်ရင်းမျက်ရည်ကျ
အသက်ရှင်စဉ်မှာ ပျော်သလိုလိုရယ်မောရင်း ရယ်သလိုလိုမျက်ရည်ကျ
အလွမ်းရယ်
ချစ်ခြင်းက Fiber Optic ထဲပိတ်မိနေပြီး
အရူးကတော့ သူ့အင်ဂျင်လေးထဲ လောင်စာဆီရှိမရှိ
ဂတ်(စ်)မီးတောက်ပြာလဲ့လဲ့လေးနဲ့ညှိကြည့်လို့ ။ ။
မင်းစိုးရာ
31.3.09 ( 11:49 pm )
သူ့ဆံနွယ်အလွင့်အမျောထဲ
စိတ်မောနဲ့ ခိုးဖွင့်ရတဲ့အနမ်းသေတ္တာ
နွေဦးညနေခင်းအပြာမှာ
ရော်ရွက်ဝါလေး ရှက်ရှက်နဲ့ခုန်ချသွားခဲ့ပုံ။
တကယ်တော့လေ
အိပ်မှုန်စုံမွှား
သူ့ပါးပေါ်ပုံးအိပ်တဲ့ပါးချိုင့် လေးကိုမှ
ပုတ်နှိုးချင်တဲ့စိတ်ကလေးပါ။
လက်ဖ၀ါးချင်းထပ်
သူ့အသက်ရှုသံကလေး ကိုယ့်ရင်ငွှေုလှုံ
လုံခြုံစေချင်တဲ့စိတ်ကလေးပါ။
ဆည်းဆာရီ နေနီစောင်းတုန်းကပေါ့
ထိကရုံးလိုရီဝေသူ့မျက်လုံးလေးတွေ
ရှက်ပြုံးမှာမပွင့်တပွင့်ငြိလို့….။
သတိရစိတ်က
လရိပ်မှာလာချိတ်နေတဲ့သစ်ရွက်
လေတိုက်တိုင်းလှုပ်ခတ်နေတော့မှာ
သတိရတိုင်း
မင်းလိပ်ပြာလေး ကိုယ့်ဆီမှာလာလာငင်
မင်းအလွမ်းပင်လေး ကိုယ့်ရင်မှာလာလာစိုက်
အရှိုက်ခက်သလောက် အငိုလွယ်ရဦးတော့မှာ။
ဓားသွားလို နုနယ်ပါသော
ကိုယ့်ညီမလေး မေစုရေ
ကိုယ်တို့ရဲ့တသုန်သုန်ညင်းညင်းညနေခင်းတွေမှာ
ကော်ဖီခွက်လေးနှစ်ခွက်
ချောကလက်နဲ့ နှင်းဆီပန်းနီနီတို့ကိုလည်း
ထပ်မံဖြည့်စွက်ရဦးမယ်။
အခုတော့ကွယ်
မင်းကလေမိနေတဲ့စွန်ငယ်
ကိုယ်က ချာချာလည်နေတဲ့ရစ်ဘီး
တို့နှစ်ယောက်ဆုံဆည်းကြမယ်ဆိုတဲ ပျားရည်အိမ်
အခုလိုတိမ်ဝင်နေတဲ့ ကိုယ့်အသံကို မင်းပဲ ခြေရာခံတတ်မှာ…။ ။
မင်းစိုးရာ
သရဖူ၊ ၂၀၀၄

လောလောလတ်လတ် ဝေဖန်စကားများ