ငယ်ငယ်တုန်းက ဓာတ်ပုံထဲမှာ ငါဟာတုန်လှုပ်လို့
ငါဟာ ဆောက်တည်ရာမရဖြစ်နေတာ
အမေ့ကို အတင်းတွယ်တက်ဖို့ ကြိုးစားနေတာ
‘နိုဝင်ဘာမိုး’ သီချင်းသံဟာ စိတ်ရဲ့ အပေါက်အပြဲတွေကတဆင့် အခန်းထဲကို ယိုကျနေတယ်
ငါဟာ လူပြက်တစ်ယောက်ပါကွာ
ငါ့ကိုအားလုံးက ရယ်မောကြတာ
ငါ့ကို အားလုံးက မလေးစားကြတာ
ငါမွေးတဲ့ မျောက်ကို ငါ့မှာပြန်ပြန်ခြောက်နေရတယ်
အက်ကြောင်းထပ်နေတဲ့ စကားလုံးတွေနဲ့ ခေါက်ရိုးကျိုးနေတဲ့ ကဗျာတွေ ငါ့မှာရေးရေးနေရတယ်
ငါလည်း အသစ်အသစ်ဆီသွားချင်ပါတယ်ကွာ
ငါလည်း မြောင်းထဲအတူတူခုန်ချချင်ပါတယ်ကွာ
ခက်တာက မင်းတို့မြို့ က စာပို့သမားမှမရောက်တာ
ခက်တာက ငါ့အကြွေးကိုဆပ်ဖို့ မင်းတို့မေ့မေ့နေကြတာ
ငါရောက်ဘူးတဲ့ မဂ္ဂဇင်းတိုက်က ဆယ်တိုက်တောင်မပြည့်ပါဘူးကွာ
ငါ့ခေတ်ကြီးထဲမှာ ငါ့ဘာသာငါ အလေ့ကျပေါက်ရောက်နေရတာ
အပေါက်ကျလေ့ရောက်နေရတာ
အရောက်ကျလေ့ပေါက်နေရတာ
မီမီကတော့ ငါ့ဘက်မှာရှိပါတယ်
ပြီးတော့ ငါကိုယ်တိုင်လည်း ငါ့ဘက်မှာရှိပါတယ်
Body Language ထက်စာရင် လောလောဆည် Body Show ကိုငါပိုစိတ်ဝင်စားနေတာ
ကိုဆူးရင့်ကဗျာစာသားကို ငါ့ကဗျာခေါင်းစဉ်လုပ်ထားတာ
ငါ့စိတ္တဇငါ winRARနဲ့ချုံ့ ပြီး ငါ့ဘလော့ခ်မှာ တင်ထားရဦးမယ်
ခက်တာက မျောက်ကဆင်းသက်လာတဲ့ငါက သစ်ပင်မြင့်မြင့်မြင်ရင် ပြေးပြေးတက်ချင်နေတာ
ကောင်မလှလှလေးတွေမြင်ရင် ငါနဲ့ဘာမှမဆိုင်လို့ သံဝေဂရရနေတာ
ငါ့ကဗျာတွေနာမည်ကြီးအောင်လို့ ငါ့ကိုယ်ငါအဆုံးစီရင်ရဦးမယ်
ဒါမှမဟုတ် ပရီးမီးယားလိဂ်ကလပ်တစ်ခုလောက် ဝယ်ထားရဦးမယ်
ငါဘတ်စ်ကားတိုးစီးနေတာ
ငါချွေးဒီးဒီးကျနေတာ
ဘာကိုမှန်းမသိ ငါ့ကိုယ်ငါသိမ်ငယ်နေတာ
tm;vHk;[mtdyfrufyrm
ခုလည်း ဘာဆက်ရေးရမှန်းမသိလို့ ငါ့ကဗျာဟာ ဒီနေရာမှာရပ်တန့်နေတာ ။ ။
ဘုန်းနေသွန်း
၁၃-၉-၂၀၁၀
Advertisement

2 comments
Comments feed for this article
February 16, 2011 at 12:30 pm
မမသီရိ
မီမီ တယောက်လုံး ဘေးမှာ ရှိနေမှတော့
အားငယ် စရာလား ကဗျာဆရာလေး ရယ်..း)..
ဒီနေ့ ဘတ်စ်ကား စီး
နောင်တနေ့မှာ ကြိုက်တာစီး
ဘယ်သူ မှ ဘာကိုမှ မမြင်နိုင်လေတယ်
ကိုယ်ရေးစရာရှိတာရေး
လုပ်စရာ ရှိတာလုပ် ..
သားသား က အရုပ်မှ မဟုတ်ပဲလေ. နော်
February 18, 2011 at 8:22 am
အောင်ပိုင်စိုး
ရီတန်းအော့ဖ် ဘုန်းနေသွန်းပါလို့ ပြောကြားလိုပါတယ် ကဗျာဆရာကြီးခင်ဗျား။