ကောင်းကင်ကို မော့ကြည့်တော့
ကြယ်တွေက တစ်ညလုံးမတိတ်တဲ့ အသံ
ခြေခင်းလက်ခင်းမသာယာ
ကြယ်တွေမှာနောက်ထပ်ဘဝရှိနိုင်သလား
တွေးတယ်….
ရေတံခွန်ကို ဘယ်လိုမီးညှိရမလဲ
ပြတင်းပေါက်က ဖျတ်ကနဲအရိပ်ကလေးရယ်
စီးကရက်တွေသာ တစ်လိပ်ပြီးတစ်လိပ်
မီးခိုးငွေ့တွေသာ စိတ်နာလက်နာ
ညစဉ်ညတိုင်း ၊ တစ်ကိုယ်တည်း
အိပ်မက်တွေက အိပ်မက်ထဲထိ မက်နေဆဲ
စိတ်ဖြေစရာ၊ ဂီတမရှိ
ရယ်သံမောသံ၊ အနုပညာ၊ မိုးတိမ်များလည်းမရှိ
ကိုယ့်ရင်ဘတ်ကိုယ် ရိတ်သိမ်းမယ့်မိုးနှယ်
ငါ့စိတ်ကိုခိုးယူသွားရာ
မြို့ ပြများလည်း အဆန်းတကြယ်
ငါယဉ်ကျေးခဲ့ရာ လရောင်ပြာလည်း
ငါ့ဆီ ဖြတ်ပိုင်းပြန်မလာတော့
တကယ်ဆို….
ငါတို့နှစ်ယောက်ဟာ နှလုံးသားချင်းဆက်အမြွှာ
သံသရာမှာ သေရာပါခဲ့ပုံ။ ။
ဘုန်းနေသွန်း
၂၀၀၄
Advertisement

3 comments
Comments feed for this article
July 24, 2010 at 8:31 am
မမသီရိ
နှစ်တွေ ကြာခဲ့လဲ လွမ်းစရာကောင်းလွန်းလှတဲ့ ကဗျာလေး
တနယ်တကျေးမှာ စိတ်ဖြေစရာဂီတ မရှိပေမဲ့
ကဗျာလေးတွေတော့ ကြိုးစား ပြီးရေးစေချင်တယ်
July 25, 2010 at 2:59 pm
အောင်ပိုင်ကြီး
သားကြီး
ကဗျာတွေနဲပအတူ ရန်ကုန်ကိုပြန်လာမယ့်ရက်တွေကိုငါတို့အားလုံးစောင့်နေတယ်။
မင်းကဆက်သွယ်မှုဧရိယာပြင်ပ/ငါက ပြင်ပဆက်သွယ်မှုဧရိယာ
မင်းစိုးရာရော ငါရော မင်းကို တိုးတိတ်ဆွံ့အ သတိရနေတယ်။
မင်းရဲ့ အောင်ပိုင်ကြီး
August 24, 2010 at 8:31 am
thetsonehnin
အကို ကဗျာအသစ်တွေထပ်တင်ဦး။ ပျော်ရွှင်ပါစေ။