မနက်က မိုးရွာသေးတယ် နံရံတွေလည်းကွဲအက် အက်ကွဲကြောင်းတလျှောက် ပုရွက်ဆိတ်တွေ တရွရွတွားသွားနေတာ ကျွန်တော်ရန်ကုန်ကို ပြန်လာခဲ့မယ် ငါမင်းဆီဖုန်းဆက်သေးတယ် ဘ၀က ဘယ်မှာလည်း လျှောက်နေကျလမ်းတွေ ပဋိစ္စသမုပ္ပဒ် ငါဘုရားသွားမလို့ မင်းစိုးရာကို ပြောပေးပါ သူက ခုအဆောင်မှာ ငါfacebookခဏခဏသုံးဖြစ်မယ် မြို့မဈေးထဲက မင်းပုံစံကိုငါမြင်ယောင်နေတာ ဖိနပ်လည်းမပါ မင်းဗိုက်ကြီးတလှုပ်လှုပ်နဲ့ အက်ကွဲကြောင်းတလျှောက် ငါတွားသွားနေတာ အဲဒီနွံက သိဒ္ဓတ္ထလည်းနစ်ခဲ့တာ ကျန်ခဲ့တယ် ကျန်ရစ်တယ် စိတ်ထဲရှိတဲ့အတိုင်း စာသားတွေ နိမိတ်ပုံတွေ…ပြတ်ထွက်နေတာ ညဟာ အမှောင်နဲ့လင်းနေတာ ငါကဗျာမရေးချင်တော့ဘူး မြန်းဂလိရှ်ကို ငါအရမ်းကျွမ်းတာ သဒ္ဒါမှားမှားနေတာ အောင်ပိုင်စိုးရော… အားလုံးမြစ်ဆီသို့ တစ်ရက်ပဲမင်းငိုပါ ငါလွမ်းနေပါတော့မယ် အရာရာသည် ကျန်ရစ်…တိတ်ဆိတ် ပေဖူးလွှာကဗျာရှည် ကဗျာတွေခဏခဏသေဆုံး မျှော်လင့်သလိုဖြစ်မလာ မမျှော်လင့်သလိုဖြစ်လာ ၀ါကျအတိုအပြတ်များ ပြတ်ရွေ့များ ဖြစ်တည်မှုကိုမယုံကြည် ကံကံ၏အကျိုးကိုလက်သင့်ခံ ဒါနဲ့ ငါလျှောက်နေတာဘယ်ကိုရောက်မှာလည်း ငါ့အမှောင်ကို ဘယ်သူမြင်နိုင်မလဲ ကျွန်တော်ခင်ဗျားကိုစောင့်နေခဲ့တာပါ ဟယ်လို မစ္စတာဂိုဒေါ့…ကုတ်အင်္ကျီတစ်ထည်တော့လိုအပ်တယ် အဆိပ်သင့်ထားတဲ့ နှုတ်ခမ်းတွေလို အပြာရောင်သမ်းနေ တောင်စဉ်တောင်တန်းတွေ အရိုးက အတက်ထွက်နေပြီ ခင်ဗျားဘ၀ထဲက ငေါထွက်နေပြီ ရောဂါစု ပုံမှန်မဟုတ်တဲ့ ဟော်မုန်းထုတ်လုပ် အသည်းမှာပျံ့နှံ့နေတာ သွေးကြောတလျှောက်ပူကနဲဖြစ်သွားမယ် ရပါတယ် ဘာမှမဖြစ်ပါဘူး အိပ်မက်တွေနောက်ပြေးလိုက် ကိုအောင်ရင်ငြိမ်းပြောလို့သိရတာ ဒါနဲ့ငါ့ကဗျာတွေကို မင်းနားလည်လို့လား ငါလုံးဝမကျေနပ်ဘူး အနုပညာကို ငါလုံးဝမယုံကြည်ဘူး ခြောက်သယောင်း…လဲမှို့ဟာလေမှာ ရေမရှိတော့ဘူး ငါအိပ်တော့မယ် ရုတ်တရက်လိုင်းမမိတော့တာ သူကတောင်ပေါ်မှာ ဟိုးအဝေးတစ်နေရာမှာ သူ့ကဗျာထဲက အက်ဆစ်ကန်ကို မီးတောက်မီးလျှံလို့ ငါမှားမှားရွတ်နေတာ ငါအရမ်းတက်ကြွနေတာ ငါ့မှာ မီးကုန်ယမ်းကုန်စိတ်အားငယ်နေတာ သူ့ရဲ့သချိင်္ုင်းက အဲဒီမှာလား သေမင်းဟာ ခင်ဗျားနာမည်ကိုအမှတ်မထင်တွေ့ရှိသွားခဲ့တာ အဆင်ပြေပါစေ ကောင်းသောညပါ ငါ့မှာရန်ကုန်ကလှမ်းလှမ်းမှာရတာ အဓိပ္ပါယ်မဲ့… အဓိပ္ပါယ်မရှိဖြစ်နေတာ နိမိတ်ပုံတွေရဲ့နောက်ကျောမှာ ကျုပ်ရဲ့ဓားကိုဝှက်ထားတာ ကျားနာဟာ တောသုံးတောင်အော်ဟစ်မြည်တမ်းနေတာ နေ့တွေ ရွက်ဆုတ်ပြက္ခဒိန်လို တစ်နေ့တစ်ခြားဆုတ်ယုတ်လို့ ကြမ်းချင်ယောင်ဆောင်နေတာ ကျွန်တော့်ကဗျာထဲမှာ ခင်ဗျားနောက်ကျောကို ဓားနဲ့ဆင့်ထိုးနေတာ ဘုန်းနေသွန်းကဗျာတွေက ပျော့တယ်ဆိုရင်လည်းရှိစေ ကဗျာအနုပညာဟာ နိုင်ငံရေးလို့ ကျုပ်လုံးဝအယုံအကြည်မရှိတာ အနုပညာမြောက်မှုစံတစ်ခုတည်းနဲ့ တိုင်းတာ…ဖွဲ့စည်းတည်ဆောက်ထားတာ အသင်လောက…ငါ့၌ ထီးစသည်မရှိ အိမ်ယာထူထောင်မှု၌ ချစ်ခြင်းမေတ္တာသည်…သူမမျက်ရည်ကို ကျွန်တော်မလွန်ဆန်နိုင်ဘူး အိပ်စက်မပျော်နိုင် ရှည်လျားသောညများစွာ၏ အကြေးခွံကိုဖောက်၍…ငါပျော်ရွှင်ချင်ပါတယ် ကျွန်တော်ကျွန်မ၀မ်းနည်းနေပါတယ် နိမိတ်ပုံကိုလျော့ချထားတာ အာရုံသိကို မလွန်ဆန်နိုင်တာ မသေချာမှုထဲမှာ မသေချာမှုတွေ…ပျော်ရွှင်နေပါတယ် အဆင်ပြေပါတယ် မီးလောင်နေသောတိမ်မျှင်ကလေးသည်…..။ ။

ဘုန်းနေသွန်း
၁၈-၂-၂၀၁၀၊ ညဦးပိုင်း

ငယ်ငယ်တုန်းက ဓာတ်ပုံထဲမှာ ငါဟာတုန်လှုပ်လို့
ငါဟာ ဆောက်တည်ရာမရဖြစ်နေတာ
အမေ့ကို အတင်းတွယ်တက်ဖို့ ကြိုးစားနေတာ
‘နိုဝင်ဘာမိုး’ သီချင်းသံဟာ စိတ်ရဲ့ အပေါက်အပြဲတွေကတဆင့် အခန်းထဲကို ယိုကျနေတယ်
ငါဟာ လူပြက်တစ်ယောက်ပါကွာ
ငါ့ကိုအားလုံးက ရယ်မောကြတာ
ငါ့ကို အားလုံးက မလေးစားကြတာ
ငါမွေးတဲ့ မျောက်ကို ငါ့မှာပြန်ပြန်ခြောက်နေရတယ်
အက်ကြောင်းထပ်နေတဲ့ စကားလုံးတွေနဲ့ ခေါက်ရိုးကျိုးနေတဲ့ ကဗျာတွေ ငါ့မှာရေးရေးနေရတယ်
ငါလည်း အသစ်အသစ်ဆီသွားချင်ပါတယ်ကွာ
ငါလည်း မြောင်းထဲအတူတူခုန်ချချင်ပါတယ်ကွာ
ခက်တာက မင်းတို့မြို့ က စာပို့သမားမှမရောက်တာ
ခက်တာက ငါ့အကြွေးကိုဆပ်ဖို့ မင်းတို့မေ့မေ့နေကြတာ
ငါရောက်ဘူးတဲ့ မဂ္ဂဇင်းတိုက်က ဆယ်တိုက်တောင်မပြည့်ပါဘူးကွာ
ငါ့ခေတ်ကြီးထဲမှာ ငါ့ဘာသာငါ အလေ့ကျပေါက်ရောက်နေရတာ
အပေါက်ကျလေ့ရောက်နေရတာ
အရောက်ကျလေ့ပေါက်နေရတာ
မီမီကတော့ ငါ့ဘက်မှာရှိပါတယ်
ပြီးတော့ ငါကိုယ်တိုင်လည်း ငါ့ဘက်မှာရှိပါတယ်
Body Language ထက်စာရင် လောလောဆည် Body Show ကိုငါပိုစိတ်ဝင်စားနေတာ
ကိုဆူးရင့်ကဗျာစာသားကို ငါ့ကဗျာခေါင်းစဉ်လုပ်ထားတာ
ငါ့စိတ္တဇငါ winRARနဲ့ချုံ့ ပြီး ငါ့ဘလော့ခ်မှာ တင်ထားရဦးမယ်
ခက်တာက မျောက်ကဆင်းသက်လာတဲ့ငါက သစ်ပင်မြင့်မြင့်မြင်ရင် ပြေးပြေးတက်ချင်နေတာ
ကောင်မလှလှလေးတွေမြင်ရင် ငါနဲ့ဘာမှမဆိုင်လို့ သံဝေဂရရနေတာ
ငါ့ကဗျာတွေနာမည်ကြီးအောင်လို့ ငါ့ကိုယ်ငါအဆုံးစီရင်ရဦးမယ်
ဒါမှမဟုတ် ပရီးမီးယားလိဂ်ကလပ်တစ်ခုလောက် ဝယ်ထားရဦးမယ်
ငါဘတ်စ်ကားတိုးစီးနေတာ
ငါချွေးဒီးဒီးကျနေတာ
ဘာကိုမှန်းမသိ ငါ့ကိုယ်ငါသိမ်ငယ်နေတာ
tm;vHk;[mtdyfrufyrm
ခုလည်း ဘာဆက်ရေးရမှန်းမသိလို့ ငါ့ကဗျာဟာ ဒီနေရာမှာရပ်တန့်နေတာ ။ ။
ဘုန်းနေသွန်း
၁၃-၉-၂၀၁၀

အဲဒီိတုန်းက
ရွာမည် ဟန်ပြင်သောမိုးကို
ကျောပိုးအိတ်ထဲ ကောက်ထည့်လို့
စိတ်ကစားတတ်သော သစ်ရွက်
မီးလျှံလို
ရင်ကို လာလာဟပ်သော ကျောင်းခေါင်းလောင်းသံ
ငါတို့ငယ်ဘဝလေးမှာ နှင်းတွေဝေနေတုန်းလား
လျှောက်နေကျလမ်းကလေးမှာ
သစ်ရွက်တွေ
အရင်လို ကြွေနေတုန်းပဲလား
သြော်…
ငါတို့က သဘောင်္သား ဆင်းဘတ်တွေပါ
ဝေးကွာခြင်းက ငါတို့နောက်ကျောမှာ
သမုဒယတနင့်တပိုးနဲ့
မုတ်ဆိပ်ဖြူအဖိုးအိုကြီးပါ
ငါတို့ ကမ်းခြေက
သစ္စာတရားသဲအိမ်လေးလည်း
မျက်ရည်စတို့ စွတ်စိုနေဦးမှာ။ ။

ဘုန်းနေသွန်း

ဝိုးတဝါးအတွေးတွေ မီးလောင်လို့
အရိပ်တွေ
အယောင်အဖြစ် ငြိမ်သက်ပြာကျလို့
စိတ်မှာစွဲနေတဲ့
စိတ္တဇဟာ
တဆတ်ဆတ်တုန်ယင်နေတော့တယ်။ ။

ဘုန်းနေသွန်း
၂၀၀၈၊ ဆောင်းရာသီ။

မီးခလုတ်ကို ဖွင့်လိုက်တော့
အလွမ်းက ပွင့်လာတယ်
အရိုးထိအောင် ဝေးကွာခြင်းမှာ
နှစ်ယောက်အသံတွေ ပြာနှမ်းခဲ့ပြီလား။
သတိရတိုင်း အခါခါ ဆေးထိုးမှားတယ်
သစ်ကိုင်းထက်မှာ
သီချင်းက ငှက်ကလေးကို ပြန်ဆိုလို့။
အတွေးထဲ
မင်းအကြောင်းလေး လေလိုလွင့်နေ
မင်းစိတ်ကူးလေး ငါပြန်ကြားနေ။
မျက်ရည်ကို ဖွဲ့ ဆိုလို့ရမလား
အလွမ်းမှာ စွန်းထင်းနေတိမ်စိုင်များ
သံသရာမှာ
သစ်ရွက်တွေအဆက်ဆက်ကြွေတယ်
သူ့
မျက်ဝန်းတွေကို မေ့လို့မရဘူး။ ။

ဘုန်းနေသွန်း
၂၀၀၄

ကောင်းကင်ကို မော့ကြည့်တော့
ကြယ်တွေက တစ်ညလုံးမတိတ်တဲ့ အသံ
ခြေခင်းလက်ခင်းမသာယာ
ကြယ်တွေမှာနောက်ထပ်ဘဝရှိနိုင်သလား
တွေးတယ်….
ရေတံခွန်ကို ဘယ်လိုမီးညှိရမလဲ
ပြတင်းပေါက်က ဖျတ်ကနဲအရိပ်ကလေးရယ်
စီးကရက်တွေသာ တစ်လိပ်ပြီးတစ်လိပ်
မီးခိုးငွေ့တွေသာ စိတ်နာလက်နာ
ညစဉ်ညတိုင်း ၊ တစ်ကိုယ်တည်း
အိပ်မက်တွေက အိပ်မက်ထဲထိ မက်နေဆဲ
စိတ်ဖြေစရာ၊ ဂီတမရှိ
ရယ်သံမောသံ၊ အနုပညာ၊ မိုးတိမ်များလည်းမရှိ
ကိုယ့်ရင်ဘတ်ကိုယ် ရိတ်သိမ်းမယ့်မိုးနှယ်
ငါ့စိတ်ကိုခိုးယူသွားရာ
မြို့ ပြများလည်း အဆန်းတကြယ်
ငါယဉ်ကျေးခဲ့ရာ လရောင်ပြာလည်း
ငါ့ဆီ ဖြတ်ပိုင်းပြန်မလာတော့
တကယ်ဆို….
ငါတို့နှစ်ယောက်ဟာ နှလုံးသားချင်းဆက်အမြွှာ
သံသရာမှာ သေရာပါခဲ့ပုံ။ ။

ဘုန်းနေသွန်း
၂၀၀၄

အလွမ်း

မကျန်းမာတော့မှ
ကျန်းမာရေးရဲ့ တန်ဖိုးကို ပိုနားလည်သလိုမျိုး
မပြည့်စုံတော့မှ
ပြည့်စုံခြင်ရဲ့ အဓိပ္ပါယ်ကို ပိုသဘောပေါက်သလိုမျိုး
မမြင်၇တော့မှ
သူ့မျက်နှာလေးကို ပိုမြင်ချင်နေမိတယ်
ညနက်လေ ပိုလင်းလေလား
အမှောင်ရဲ့
ဖိအားမှာ
အေ၇ာင်ပိုထွက်နေသောကြယ်တွေ ။ ။
နွယ်စိမ်းဝေ
အင်တာနေ၇ှင်နယ် မဂ္ဂဇင်း။ မတ်လ ၂၀၀၉

ပါပီလွန်

သမုဒ္ဒရာကြီးထဲမှာ
မပြောပလောက်တဲ့ ကျွန်းကလေးတစ်ကျွန်း
အဲဒီ ကျွန်းကလေးတစ်ကျွန်းပေါ်မှာ
အပ်ဖျားတစ်ထောက်စာ အစက်ကလေးတစ်စက်
အဲဒီအစက်လေးထဲမှာတော့
စကြ၀ဠာထက်ကြီးတဲ့
အလျှံရဲရဲ လွတ်မြောက်လိုစိတ်တွေ။ ။
နွယ်စိမ်းဝေ
နွယ်နီမဂ္ဂဇင်း

ထင်းရှူးပင်၊ အေးမြမှုတွေနဲ့ ဆောင်းမနက်ခင်းတွေကို ဝိုင်ပုလင်းထဲ ထိုးသိပ်ထည့်ထားတဲ့ တောင်ပေါ်မြို့ လေးက ကဗျာဆရာ ကိုနွယ်စိမ်းဝေကို ခေတ်ပေါ်ကဗျာကို ချစ်မက်တဲ့သူတိုင်း သိကြမှာပါ။ ခုကိုနွယ်စိမ်းဝေက သူ့ရဲ့  ကဗျာတွေကို ဘလော့ခ်လေးတစ်ခုလုပ်ပြီး တင်ထားပါတယ်။
အဲဒီတောင်ပေါ်မြို့ သားကဗျာဆရာရဲ့  ခေတ်ပေါ်ကဗျာများကို http://www.nweseinwai.wordpress.com မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း။

ဟေ့…
အနောက်ကောင်းကင်က နှင်းဆီနီတစ်စင်း
ဘယ်သူ မြားနဲ့ခွင်းလိုက်သလဲ
အသွားထက်ထက် အမှောင်တွေနဲ့
ဆည်းဆာဖြူလျော့
အလင်းသွေးဖျော့ခဲ့ပြီ။

သိုက်တန်းပြန်ငှက်တစ်သင်း
တောင်ပံသံပြင်းပြင်းတွေ ကြားရပြီ
ခဏကြာရင်
ညရိုင်းလွင်ပြင်မှာ
ကြယ်လင်းပြောက်တွေ သီးထ
လ,လင်းည ဖွဲ့တည်လာတော့မယ်
အိမ်ပြန်ချင်တယ်ကွယ်….။

မွေးရပ်မြေဟာ
အဝေးက လူအတွက် နွေးထွေးမှုပိုတယ်တဲ့
နွယ်ရိပ်သစ်ရိပ်နဲ့
မွေးညင်းနုစိမ်း မြို့ ကလေး
ကာလတံတိုင်း ဖြတ်ခြားလည်း
လွမ်းခိုးဝေ့အုံ့ဆဲ….။

ငါ့ရဲ့  မြို့ ငယ်လေးရယ်…
လွတ်လပ်လင်းမြ လူငယ်ညတွေနဲ့
လူငယ်ဘဝတစ်ခုရယ်
မာဃလမ်းရဲ့ လက်ဖျံပေါ်က
ခေါင်းလောင်းသံ ချိုရှ
အဖြူအစိမ်း ယိမ်းကတဲ့ စာသင်ကျောင်းငယ်လေးရယ်
ပြီးတော့
တန်းခွဲ (စီ)က
ရင်ခွင်ဦး….သူ….
စံပယ်ဆွတ်ဖြူတစ်ပွင့်ရယ်…
ငါသတိရတယ်ကွယ်။

ဒါပေမယ့်
သတိရခြင်းတွေနဲ့
ပစ္စုပ္ပန်မျဉ်းရဲ့  ဟိုမှာဘက်မှာ
ရင်ခုန်မွန်းနစ်
အိပ်မက်သစ်မမက်ဖြစ်သူ
သင်းကွဲတေးတစ်ပုဒ်သာ
နရီပျက် …
ကွဲအက်ပဲ့တင်။

အရိုင်းဆန်
ကန်းထရီးဟန်နဲ့
ကျေးလက်ရောင်ကောင်းကင်အောက်က
ရင်ခုန်အလင်းပြပြမြို့ ကလေး
ငါ… အသေချာဆုံး ဝေဖန်ရိုးသားချင်ရဲ့ 
ခွဲခွာခြင်းသင့်
လွင့်ဝေးခဲ့ရပေမယ့်
စုတ်ချက်ရင့်ကြမ်း
အင်ပရက်ရှင်းနစ်လွှမ်းတဲ့
သင့်ရင်အုံဆီမှာ
ရင်လွမ်းပရိုင်းမိတ် တချို့ နဲ့
ဝေးချင်းရှည်တစ်ပုဒ်
ကြေကွဲနစ်မြုတ်ခဲ့ပြီ။ ။

ဘုန်းနေသွန်း
၂၀၀၂

အချစ်ဆိုတာပိုက်ဆံ၊ အချစ်ဆိုတာ မြေအိုးမြီးရှည်၊ အွန်လိုင်းစာမျက်နှာပေါ် အမြန်ရိုက်ထည့်လိုက်တဲ့ စာသား၊ ဟန်းဖုန်းကိုင်ချင်တဲ့ ရောဂါ၊ သွယ်ဝိုက်ဖော်ပြသောပူဆာမှု၊ တစ်နေ့ ဖာလူဒါတစ်ခွက်သောက်ချင်တဲ့ အာသီသ၊ အတွေးအခေါ်ထဲမှာ အမှိုက်မြူမှုန်တစ်စမကျန်၊ ဆေးကြောသန့်စင်ခံဦးနှောက်၊ အချစ်ဆိုတာလိမ်လည်လှည့်ဖြားမှု၊ အချစ်ဆိုတာ လိပ်စာကတ်ပြားနောက်ကျောက အမည်မသိ ဖုန်းနံပါတ်တွေ၊ ရုပ်ဝတ္တုနဲ့ ငွေကြေးနောက်ပြေးလွှားလိုက်ရင်း လမ်းမှာပြုတ်ကျကျန်ခဲ့တဲ့ ကိုယ်ကျင့်သီလ၊ ကျွန်တော်ကိုယ်တိုင်ရိုက်ပေးထားတဲ့ဓာတ်ပုံလှလှလေးအောက်မှာ သူစိမ်းတစ်ယောက်နဲ့။

အချစ်ဆိုတာ စာသားချင်း အပြန်အလှန်မြှူဆွယ်သာယာတဲ့လူမှုအလေ့အကျင့်၊ အချစ်ဆိုတာကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ထားတဲ့ ယန္တရား၊ အချစ်ဆိုတာ အခြားတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ထဲ တစ်စွန်းတစ်စလှမ်းမြင်နေရတဲ့ ဘ၀အာမခံ၊ ဆေးဆိုင်မှာ အလွယ်တကူဝယ်ယူရနိုင်တဲ့ ပဋိသနေတားဆေး၊ facebook profile မှာ အိမ်ထောင်ရေးအခြေအနေမှန်ကို တမင်လျှို့ဝှက်ဖုံးကွယ်ထားခြင်း၊ ကြောင်းကျိုးမခိုင်လုံသောဆင်ခြေများ၊ အများမိုးခါးရေသောက်လို့မှ လိုက်မသောက်ရင် အရူးပဲ ဆိုတဲ့ယဉ်ကျေးမှု။

ခေတ်ပေါ်စကားလုံးတွေ အဓိပယ်ထွေပြားပြောင်းလဲနေသလို
အချစ်ဟာလည်း အဓိပယ်အသစ်တွေ ပြောင်းလဲနေပြီ သိရဲ့လား။

အချစ်ဆိုတာ အတိတ်မေ့ရောဂါ၊ အချစ်ဆိုတာ ဘာသာစကားကို အလှပဆုံးဆော့ကစားခြင်း၊ အချစ်ဆိုတာ တစ်နေ့သုံးကြိမ် စိတ်အပြောင်းအလဲ ဖြစ်မှု၊ အိပ်ရာပေါ် ဥပေက္ခာစိတ်နဲ့ ကျောခိုင်းအိပ်စက်ခြင်း၊ အတွင်းခံဘောင်းဘီလှလှ၊ ရင်သားအရွယ်အစားကို အာရုံမှောက်မှားမှုဖြစ်စေတဲ့ ဘရာစီယာ၊ လျှို့ဝှက်ထားတဲ့ လူမှုရေးကွန်ယက်များ

အချစ်ဆိုတာ သွေးသားပြောင်းလဲမှု၊ အချစ်ဆိုတာ နည်းမျိုးစုံနဲ့ ပြသနာလုပ်ခြင်း၊ ကျွန်မ အယူအဆကတော့ တစ်ညတာနဲ့ တစ်လစာ လဲသင့်ရင် လဲရမှာပဲ၊ ဘယ်လိုပဲခွဲခြမ်းစိတ်ဖြာကြည့်ကြည့် နောက်ဆုံးထွက်လာတဲ့အဖြေ ပိုက်ဆံ၊ အချစ်ဆိုတာ အသားစိုင်များအပေါ် မိမိကိုယ်ကို ယုံကြည်ချက်လွန်ကဲမှု၊ မူလ လက်ဟောင်းထက် အမျိုးအစားပိုကောင်းတဲ့ ပစ္စည်းအသစ်တွေ အဆင်သင့်၊ အသိုက်ပျက်တယ်ဆိုတာ ဒီခေတ်ထဲမှာ ဘာမှ မထူးဆန်း။

အချစ်ဆိုတာ
ပိုက်ဆံရှိရင် ဆယ်ကျော်သက် အပျိုစင်လိုဖြစ်အောင် အချိန်မရွေး recycle ပြန်လုပ်ပစ်လို့ရတယ်ဆိုတဲ့
အယူအဆ။

အောင်ရင်ငြိမ်း
၁၀ မေ ၂၀၁၀

အိပ်လို့မရ

ညကြီးမင်းကြီး၊ ထပြီးထိုင်နေ

မွေ့ရာတွေလည်း၊ကြေမွတွန့်လိပ်

သိပ်စိတ်ညစ်တယ်၊သတိပြယ်လွင့်

ခိုတွယ်စရာ အတည်မရ။

အပြင်ဘက်မှာ

သစ်ရွက်တွေကြား၊ကြယ်လေးငါးပွင့်

စံကားပင်အို၊ကန်ရေစိုစွတ်

ဟိုမှာ လှုပ်လှုပ်၊ငုတ်တုတ်လက်ကမ်း

စမ်းလျှောက်သွားနေ၊မြက်ချုံတွေထဲ

တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း

ပြေးနင်းရှပ်ရှပ်၊မတ်တတ်ထလိုက်

ခန်းဝကိုလာ၊၀ရန်တာမှာ

သည်မှာတစ်ယောက်၊တစ္တေခြောက်လှန့်

ကြောက်ကြောက်နှင့်ကြည့်၊မျက်နှာလှည့်စမ်း

တည့်တည့်လှမ်းမြင်၊အော်ငိုချင်မိ

တစ်ဆင်တည်းပဲ သူနဲ့ ငါ။

မြစ်နက်ထဲမှာ

ငါရေနစ်မြုပ်၊ချမ်းပြီးကုပ်နေ

ကုက္ကိုကိုင်းကြား၊ငါနေနားလိုက်

ဘုရားရှေ့မှောက်၊ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်

တစ်ယောက်သောငါ၊ငါများစွာမှ

ထလာ လွင့်ပါး၊ငိုသံပါနှင့်

ဘာမှမကြား၊မောင့်အနားမှာ

“ထသွားစို့ဆို၊မေ့ကိုအိပ်မက်

မမက်ဘူးလား´´၊တစ္ဆေ ဖြားယောင်း

မှုန်မွှားစိတ်ဝယ် အရိပ်ထင်။

ကြည်အေး။

ပြက္ခဒိန်

January 2012
S M T W T F S
« Feb    
1234567
891011121314
15161718192021
22232425262728
293031  

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 3 other followers

လောလောလတ်လတ် ဝေဖန်စကားများ

nyeinsoeoo on မြူတွေ…
အောင်ပိုင်စိုး on ရေဟာ တစ်စက်စက်စက်ကျ
မမသီရိ on ရေဟာ တစ်စက်စက်စက်ကျ
မမသီရိ on ငယ်ချစ်ဦး
အောင်ပိုင်စိုး on မြူတွေ…
Follow

Get every new post delivered to your Inbox.